ပင်လယ်နံ့ရလို့ ကမ်းခြေကြီးတစ်ခုကို စိတ်ကူးလိုက်တယ်
လှိုင်းလုံးတွေ ကျောက်ဆောင်တွေ ခရုခွံတွေ စင်ရော်တွေ
သန္တာကျောက်တန်းတွေ ရေမှော်တွေ နေလုံးနီနီတွေ တပ်ဆင်လိုက်တယ်
ငါးဖမ်းသင်္ဘောတွေတော့ ချန်ထားလိုက်တယ်
လိုအပ်လို့ မုန်တိုင်းတစ်ခု နှစ်ခု ထပ်ဖြည့်တယ်
တိမ်ထူထူ ခြယ်တယ် ကောင်းကင်ပြာပြာကြီး တခုတ်တရထည့်တယ်
ပင်လယ်ထဲ မြုပ်ဝင်သွားမယ့် လဝန်းဝိုင်းဝိုင်းကြီးလည်းပါသေးတယ်
ချန်ထားခဲ့တဲ့ ငါးဖမ်းသင်္ဘောတွေက စိတ်မှာ ကျောက်ဆူးလာချတယ်
ခင်ဗျား ဆူရှီကြိုက်လား ကျွန်တော့်မှာတော့ ဆူရှီ အလာ့ဂျစ်ရှိတယ်
လက်ထဲက ဆယ်လ်မွန်ငါးဆီမှာတော့ အိမ်ပြန်ချိန်မရှိတော့ဘူး
လင်းလက်တာရာ
No comments:
Post a Comment