Monday, August 31, 2015

တိမ်တွေဟာ ပင်လယ်ထဲဝင်သွားပြီး ပင်လယ်ထဲကနေ ပြန်ထွက်လာတယ် ဆင်းရဲတွင်းကြီးထဲ ဝင်သွားတဲ့တိုင်းပြည်ကတော့ ဆင်းရဲတွင်းကြီးထဲကနေ ပြန်ထွက်မလာသေး' .



ဒီဝဋ်ကနေလွတ်မလားဆိုပြီး နောက်ဝဋ်တစ်ခုထဲ ဝပ်နေမိသလို အဖြစ်အပျက်
ကိုယ်စီ ကျောချမှေးစက်နေရသော ဒုက္ခဆူးချွန်ထက်ထက်များ
တစ်လုံးတစ်လိုင်းမျှမရေးဖြစ်တဲ့နေ့တွေများလာတယ်
အာရုံတွေ အရုဏ်မလာတာကြာပြီ ဆာဆာနဲ့ အိမ်လွမ်းစိတ်တွေပဲ လှိမ့်သောက်နေမိ

လောင်ခဲ့တယ် လောင်နေဆဲ အပေါ်မီးအောက်မီးသက္ကရာဇ်များ
မိန့်ခွန်းအသေတွေပေါ် လောက်တွေ ရွစိထိုး
အာဏာကူးစက်ပိုးဟာ ကင်ဆာထက်ဆိုးတယ် အေ့စ်ထက်သာတယ်

စားလည်စားနိုင်တဲ့ ပါးစပ်ကြီးတွေ
ဒေါ်လာလည်းစားတယ် တောလည်းစားတယ် တောင်လည်းစားတယ်
မြစ်လည်းစားတယ် ရေနံလည်းစားတယ် လယ်ယာတွေလည်းစားတယ်
ကျောက်သံပတ္တမြားတွေလည်းစားတယ် လူသားအရင်းအမြစ်လည်းစားတယ်
အသိုက်အမြုံတွေကိုတောင် ဘူဒိုဇာနဲ့ ကော်စားတယ်
စေတီပုထိုးတွေကိုတောင် ဘူဒိုဇာနဲ့ ကော်စားတယ်
ရရင်ရသလို လစ်ရင်သလို ခိုးစားတယ် ပေါ်တင်စားတယ်

စာလုံးမည်းကြီးဖြင့် အမည်နာမပြောင်းလဲ
အစိုးရမှ အဆိုးရသို့

မြဲတာဆိုလို့ 'ဘယ်အရာမှမမြဲဘူး' ပဲ မြဲတယ်
ပြဲလွယ်ပျက်လွယ်ပြတ်ရွေ့ တွေ တရွေ့ရွေ့
မြစ်ကမ်းပါးမှာ ထိုင်မိတော့ ကိုယ့်ကိုယ်ကိုယ် မြစ်ကမ်းပါးတစ်ခုအဖြစ်ရှု့မြင်
ကိုယ်တိုင် မြစ်ကမ်းပါးတစ်ခုဖြစ်သွား တိုက်စား/ပြိုကျ/ ပျက်စီး

ဒူးချောင်နေတဲ့ ပြောင်းလဲမှုဟာ လမ်းဟောင်းကြီးထဲ လဲလဲကျ
သစ်ပင်တွေလည်း ခုတ်လှဲခံရ ရယ်သံတွေလည်း ခုတ်လှဲခံရ
ဟော့ဒီမှာ တောင်ကတုံးတွေ ဟောဒီမှာ တောင်ကတုံးတွေလို ဘဝတွေ

' ငါ ' ဆိုတာ မီးခိုးခေါင်းတိုင်ထဲက တရွေ့ရွေ့ထွက်ခွာသွားတဲ့ အခိုးအငွေ့မျှသာ
အာဏာဘိန်းစားအချင်းချင်း လက်ဆင့်ကမ်း လက်ဝါးရိုက် ချီးယားစ်လုပ်
မျက်ရည်တွေ စိုးရိမ်ရေမှတ်ကျော်လာ ကိုယ့်အဆီနဲ့ကိုယ် ကြွပ်နေအောင်အကြော်ခံနေရဆဲ

ပစ္စုပ္ပန်ကရော ဘယ်လောက်လတ်ဆတ်မွှေးပျံ့လို့လဲ
စုထားတဲ့ ဆုတောင်းတွေ ပုပ်နေပြီ
ပျော်ရွှင်ဖွယ်ရာတွေလည်း သိုးနေပြီ နိုင်ငံတော်ကြီးလည်း နံနေပြီ

ဖွဲ့စည်းပုံဟာ ကိုယ်ပြင်ကိုယ်ချိုးကိုယ်ဝေ ဖဲဝိုင်း
ကာလဆိုးကြီးရဲ့ အရိပ်မည်းကြီးဟာ ရှည်လျားနက်မှောင်စွာ ဖြာကျ
ပညာရေးစနစ်ရဲ့ရေသောက်မြစ်တွေကို တိတိရိရိဖြတ်ချတယ်
တလူလူတက်လာတဲ့ အညွှန့်အဖူးတွေကို တိတိရိရိဖြတ်ချတယ်
မြင်ကွင်းတွေကို အထူးပြုလုပ်ချက်တွေနဲ့ အမှောင်ချပစ်တယ်
အမြန်လမ်းမကြီးမှတဆင့် တမလွန်သို့ လွယ်လင့်တကူ သွားရောက်နိုင်တဲ့အထိ တိုးတက်တယ်

တော်တော်တော်တဲ့ နိုင်ငံတော်
တော်တော်တော်တဲ့ လွှတ်တော်

ဝမ်းရေးတွေဟာ ချွေးတွေအတောင့်လိုက်သီးလို့
ပြည်သူ့မျက်ရည်တွေကို ခြေဆေးလို့  ဇာတ်တူသားကို တရုတ်တူနဲ့စားလို့
ငွေမည်းတွေဟာ ငွေဖြူတွေကို ချုပ်ကိုင်ချယ်လှယ်လို့
လူ့အခွင့်အရေးဟာ ထောင်သွင်းအကျဉ်းချခံရ
လိင်အခွင့်အရေးဟာ သော့ခတ်ခံရ

စက်ရုပ်ဆန်တဲ့နေ့တွေ ဆန်လာတယ် စက်ရုပ်ဆန်တဲ့နေ့တွေ စုန်လာတယ်
စက်ရုပ်ဆန်တဲ့နေ့တွေ ဆန်လာတယ် စက်ရုပ်ဆန်တဲ့နေ့တွေ စုန်လာတယ်
စက်ရုပ်ဆန်တဲ့နေ့တွေ ဆန်လာတယ် စက်ရုပ်ဆန်တဲ့နေ့တွေ စုန်လာတယ်

စာအိပ်ကိုဖောက်လိုက်တော့ ' ကမ္ဘာကြီးရဲ့ပြတင်းပေါက်ကို ဖွင့်ပါ'ဟာ ပွင့်လာ
တစ်ယောက်က တစ်ယောက်မျက်လုံးကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်နားကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်ပါးစပ်ကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်ဦးနှောက်ကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်အနာဂတ်ကို ပိတ်ပစ်တယ်
တစ်ယောက်က တစ်ယောက်ရှင်သန်မှုကို ပိတ်ပစ်တယ်
ပိတ်ပစ်တယ် ပိတ်ကားကြီးတစ်ခုလုံးကို ကျည်ဆံတွေနဲ့ ပိတ်ပစ်လိုက်ကြတယ်

ရုပ်ရှင်လို့သာပြောတယ်
အမှန်က ရုပ်သေတွေ ရုပ်သေးတွေ အရုပ်ကြိုးပြတ်တွေ
သဘာဝတရားရဲ့ မျက်နှာကို အက်ဆစ်တွေနဲ့ ဝိုင်းပက်နေကြ
သယံဇာတရဲ့ အပျိုရည်ကို အုပ်စုဖွဲ့ မုဒိမ်းကျင့်နေကြ

ကျောင်းခေါင်းလောင်းထိုးသံတွေကို ဘာအပြစ်ရှိလို့ ထုခွဲပစ်ရတာလဲ
အဖြူအစိမ်းဝတ္ထုလေးကို ဘာအပြစ်ရှိလို့ စုတ်ဖြဲပစ်ရတာလဲ
ဒုက္ခသည်စခန်းထဲက လူ့ဖြစ်တည်မှုတွေဆီမှာရော လူ့အခွင့်အရေးဟာ မဖူးပွင့်နိုင်တော့ဘူးလား

အံကြိတ်သံတွေဟာ အာခံတွင်းထဲမှာ မီးတောက်တော့မယ်
ကျစ်ကျစ်ပါအောင်ဆုပ်ထားတဲ့ လက်သီးတွေဟာ မီးပွင့်တော့မယ်
သမိုင်းထဲက သူရဲကောင်းရနံ့နဲ့ ပန်းတွေဟာ စိတ်မှာ လာပြီးမွှေးမြ

ပြည်သူလူထုကို ထမ်းထားသော ပခုံးများကို အမှန်ခြစ်ပါ
ပြည်သူလူထုကို နင်းထားသော ခြေထောက်တွေကို ကြက်ခြေခတ်ပါ
မျိုးဆက်အဆက်ဆက် ရဲရဲနီနေသော တော်လှန်ရေး


လင်းလက်တာရာ
31.8.2015

Monday, August 24, 2015

အပြောကို တွေ့မိသေးလား

အပြောကို တွေ့ မိသေးလား




ရွှေတောင်ကြားမှာ နေတယ်လို့ ပြောတယ်

ကဗျာကိုယ်ထည်ကြီးကို ဖောင်ဒေးရှင်းချပြီး ဆောက်ထားတဲ့ တိုက်ကြီးလို့ ပြောတယ်

အပြောနောက် အပြဟာ ပါမလာဘူး

အပြာကားတွေ အကြောင်းတောင် ဆက်ပြောနေသေးတယ်

အပြောဟာ တဖြည်းဖြည်း ကမ်းပြိုလာ

ငါ့စကား နွားရ သောင်တွေ ထွန်းလာ

ဂျက်စပဲရိုးကို သွားကြားထိုးရင်း ပင်လယ်ဓါးပြတွေ အကြောင်း ဆက်ပြောနေ

ပြောရင်းတန်းလန်း မကုန်သေးတဲ့ နိုင်ငံရေးတွေထပ်မော့

ထွီ လို့ ပလုတ်ကျင်းပြီး ထွေးထုတ်လိုက်သေး

အပြောဟာ လေထုညစ်ညမ်းမှုကို ဟန်ပါပါမီးညှိနေ

ကမ္ဘာလုံးပုံဖြစ်တဲ့အထိ အခိုးအငွေ့ တွေကို စတန့် ပြမှုတ်ထုတ်နေ

ဇွမ်ဘီတွေနဲ့ ဘယ်လို နေထိုင်ခဲ့ကြောင်း

ရန်ကုန်ကြီးဟာ ဇွမ်ဘီတွေနဲ့ ပင် တူကြောင်း

လူသေတွေနဲ့ စကားပြောရတာ အရသာရှိကြောင်း

အပြောဟာ ရွက်ကျပင်ပေါက်လို့ မဆုံး

သစ်ပင်တွေ တစ်တောပြီးတစ်တော စိုက်ချင်ပုံရတဲ့ ရယ်သံအုပ်အုပ်ကို

ဆေးလိပ်မီး ထိုးချေရင်း ပြုလုပ်တင်ဆက်နေတယ်

ဘာသာရေးပဋိပက္ခသွားကြားမှာ ညပ်နေတဲ့ လူ သား အရိုး အဖတ်တွေကို

သိပ်သနားတာပဲလို့ မျက်ဝန်းထဲ မျက်ရည်တွေ ဆမ်းရင်း ထပ်ပြောနေ

အပြော ဟာ သန်းပေါင်း ၇၀၀၀ ကို တွေးပူနေရလို့ ညည အိပ်မရကြောင်း

စစ်ပွဲတွေကို ခွေးစာကျွေးဖို့ အယ်ဇေးရှင်းကြီးတစ်ကောင် ဝယ်ထားကြောင်း

ကွန်ဒုံးထည့်ထားတဲ့ ဘောင်းဘီအိတ်ထဲ ဂလိုဘယ်လိုက်ဇေးရှင်းကိုပါ ရောထည့်မိလို့ 

ဂလိုဘယ်လိုက်ဇေးရှင်းကွန်ဒုံး ဆိုတဲ့ ဝေါဟာရအသစ်ကြီးရလိုက်ကြောင်း

ဗိုလ်အောင်ဒင်လို တလဲ့လဲ့ရယ်ရင်း ဆက်ပြော

အဲဒီကမှတဆင့် ဆက်လက်ချဲ့ ထွင်လိုက်တာ ' ဂလိုဘယ်အယ်ဇေးရှင်း' ဆိုတဲ့

ခေါင်းစဉ်တစ်ခုပါ အပိုဆောင်းရှာဖွေမိရာက ရှေ့ မဆက်နိုင်ဘဲ

တန်းလန်းကြီး တစ်နေတာ တွေးမိတွေးရာ

ထိုးဟောင်ချင်တော့တာပဲလို့ ​ပြောပြီး

မျက်နှာကြီးရှုံ့ မဲ့ ဗိုက်ကိုနှိပ်ကာ အိမ်သာ ဆီ ပြေးသွားတယ်

ရေဆွဲ ချသံ အကျယ်ကြီးကြားရပြီးနောက် သူပြန်ထွက်လာမလားလို့ 

ကဗျာတစ်ပုဒ်စာ ထိုင်စောင့်နေမိသေးတယ်





လင်းလက်တာရာ

အောက်​တိုဘာ ၊ ၂၀၁၄ ၊ ချင်းတွင်း မဂ္ဂဇင်း

လူမောင်းလိုင်စင်

လူမောင်းလိုင်စင်



အငေးထဲ အပေါင်းလက္ခဏာလမ်းမကြီး လျှောဝင်လာတယ်
အရေးထဲ ဟော့ဒီအရေးအသားထဲ
အပေါင်းလက္ခဏာ လမ်းမကြီးကို
ဘာနဲ့ နှုတ်ပြီး ဘာနဲ့ မြှောက်ပြီး ဘာနဲ့ စားရမလဲ
( ဒီအတိုင်းထားတာပဲ ကောင်းပါတယ် )
ဒီအတိုင်းထားတာပဲ ကောင်းပါတယ် ဆိုမှ
တစ်ယောက်က ဝင်နုတ်သွားတယ် တစ်ယောက်က ဝင်မြှောက်သွားတယ်
တစ်ယောက်က ဝင်စားသွားတယ်
သူ ကွမ်းမစားတော့တဲ့ အကြောင်း
သူ့ ရဲ့ ကွမ်းဂျိုးတွေက သက်သေခံပါလိမ့်မယ်
ဆိုတာလည်း ဖြစ်နိုင်ခြေ ရှိပါတယ်
ည တစ်နာရီဟာ ရန်ကုန်ကြီးအတွက် ရန်ကုန်ပြန်လုပ်ဖို့ အကောင်းဆုံးအချိန်
ချိန်ထားတဲ့အတိုင်း ချိန်းထားတဲ့ အတိုင်း
အထက်ပါ အပေါင်းလက္ခဏာလမ်းမကြီးရဲ့ဘေးမှာ
ဆိုက္ကားသမား စောင်ခြုံပြီး ကွေးနေတယ်
နှင်းကို မမြင်ရတဲ့ ဆောင်းဟာ ကန်းတာပဲ
လက်ရန်းတွေ ပြုတ်နေတဲ့ လှေကား
လှေကားပေါ်မှာ လက်ရန်းတွေ ပြုတ်နေတဲ့ နိုင်ငံ
နိုင်ငံပေါ်မှာ ဒူလာဆွဲနေတဲ့ အပေါင်းလက္ခဏာ လမ်းမကြီး
အကြောသေနေတဲ့ အကြောင်းအရာတွေ ချရေး ဒါမှမဟုတ် ချရောင်း
27 th Sea game ကြီးကိုလည်း ချရောင်း
မဟုတ်သေးပါဘူး
မဟုတ်သေးပါဘူးဆိုတာကလည်း ဟုတ်နိုင်ပါတယ်
ကွန်တမ်ပိုရာရီ ဆိုတာကလည်း အနိစ္စ ဒုက္ခ အနတ္တ
ဘယ်က ပျံလာတဲ့ငှက်ဟာ ဘယ်ကို ပျံသွားမှန်း မသိတဲ့အရပ်
အပေါင်းလက္ခဏာ လမ်းမကြီးပေါ် မစင်တွေ စွန့် ချသွားတယ်
တိုင်ထိပြီး ထွက်လာတဲ့ ဘောလုံး မျက်နှာလာမှန်သလိုမျိုး ဒီမိုကရေစီ
အက်ဆစ်ဓါတ်တွေ များလာတဲ့ လေထုနဲ့ အကြည်ဓါတ်တွေ ကုန်ခမ်းလာတဲ့ လူထု
ထုခွဲရောင်းချပြီးတဲ့ သယံဇာတလို အခွံတွေ
ခွေးလေခွေးလွင့်တွေကအစ ထိုးထိုးဟောင်နေတဲ့ အပေါင်းလက္ခဏာ လမ်းမကြီး
အပေါင်းလက္ခဏာလမ်းမကြီးရဲ့ ဘေးဘီ ဝဲယာမှာ လူလေလူလွင့်တွေ
သွေးတွေလား မျက်ရည်တွေလား
သွေးထားတဲ့ မျက်ရည်တွေလား
အထက်ပါ အပေါင်းလက္ခဏာ လမ်းမကြီးပေါ်မှာ
' လူမောင်းလိုင်စင်' ဟာ မြင်မြင်သမျှ တိုက်ချနေတယ်



လင်းလက်တာရာ
မေ၊ ၂၀၁၄၊ စုံနံ့သာမဂ္ဂဇင်း

လိုအပ်သလိုထိန်းချုပ် ဖြေလျှော့ ကွန်ဆက်ချူရယ်။ Binary Compound ဂျလန်းကြီး

လိုအပ်သလိုထိန်းချုပ် ဖြေလျှော့ ကွန်ဆက်ချူရယ်။ Binary Compound ဂျလန်းကြီး









စပယ်ယာ တစ်ယောက်က ပြောတယ် ရန်ကုန်ဟာ စပယ်ရာပတ် လိုနေပြီ

ပန်းချီကားထဲ ကားတန်းကြီးက ကားယားကြီး ထွက်ကျနေတယ် အဖိတ်အစင်တွေက



စပါးလှေ့ နေသလိုပဲ ကုက္ကိုရွက်တွေ ကြွေနေသလိုပဲ ခုံးကျော်တံတားက တစ်ခုခုကို အန်ထုတ်/

မြိုချချင်ပုံရတဲ့ ပါးစပ်ကြီးနဲ့  အဆင့်မြင့်အိမ်ရာသစ်က တစ်ခုခုကို ဖုံးကွယ်/



ဖော်ပြချင်ပုံရတဲ့ မျက်နှာပေးနဲ့  သမိုင်းဟာ DEMOCRATIC STRYLEနဲ့ နိုင်ငံရေးသားကြော

ဖြတ်ခံထားရတဲ့မြေပုံကြီးပဲ ကွန်တန်ပလာရီ အကူးအပြောင်းမှာ (ဟာသတွေ)အမြင်တူ



အသွင်တူ အရေးအကြောင်းဆို အရေပြားရေးရာစာသားတူ အခွေလိုက် ပြူထွက်နေတဲ့ အူတွေနဲ့ 

ပျော်ရွှင်မှုတွေတော့ မဝေဘူး လက်ကမ်းကြော်ငြာတွေကျတော့ လက်ထဲအတင်း လိုက်ထည့်နေ



တယ်  ဘယ်လိုမြို့ကြီးလဲ မစားသင့်တာတွေစားလို့ ပါးစပ်ထဲကနေ ပက်ကျိတွေ အတောင့်လိုက်

ထွက် ကျနေဦးမယ်ကျွန်တော် ကျွန်မတို့ ဟာ လိုသလို ပုံသွင်းခံနေရတဲ့ ဖယောင်းသားများ



မင်းတို့ ငါတို့ ဟာ လိုသလိုပြုလုပ်ခံနေရတဲ့ စက်ရုံထုတ် ပစ္စည်းများ လို အပ်သလို အလုပ်လုပ်

ယှက်နွယ်ထားတဲ့ အတွင်းသား အနုစိတ် အချိုးဖျက် ပိုင်းစစိတ်မွှာမှုတွေ နှစ်သက်သလို လူတွေ



လမ်းပေါ် လွင့်လွင့်လူးနေ သတင်းစာစက္ကူပေါ် သတင်းပလင်းတွေ သိစိတ်ကို လိုက်ရှာကြည့်

ကမ္ဘာကြီးလည်လည်နေသလို တ၀ဲလည်လည် ချစ်ခြင်းမေတ္တာဆိုတဲ့ အကောင်ကြီးကို



ယုံချင်ယုံ။ တဏှာနှင့်ဆက်စပ်သော အကြောပေါင်းစုံ ဖွင့်ချလိုက်ရရင် စာကြောင်းတွန့်လိန်

ကောက်ကွေးတွေ ခုတ်ရတခြား ရှရာ တစ်ပါးပါးသောကံအကျိုးအကြောင်းများ  စစ်



စစ်ဖြစ်တယ် ခေတ် ခစ်ခစ်ရယ် လိုင်းစီပုံဂရုပြုပါ GOOGLE SERCH BOXက ရှာရသမျှဟာ

အနုပညာ အကုသိုလ်ခွေး ကုသိုလ်ခွေးတစီစီဟောင်နေပုံ အဟောင်း (သို့) အကောင်း လိပ်ပြာ



လွင့်မတတ် လန့်ဖျတ်ခဲ့ရ့  ဆောင်းကြမ်းကြီးထဲ သိပ်ချမ်းနေရင် စစ်ဖိနပ်တွေကို မီးရှို့ လှုံ လိုက်

သူရဲကောင်းစိတ်ဟာ ဓါးအိမ်ထဲမှာလည်း မရှိဘူး ဓါးသွားထဲမှာလည်း မရှိဘူး နှလုံးသားထဲ



ဝင်လို့ ရတဲ့လမ်းလေးကိုပဲ ခင်ဗျားတို့ က မုန်တိုင်းတွေမောင်းသွင်းနေတာ တစ်နေ့ တစ်နေ့ 

ဘယ်သူ့ ဗိုက်ထဲ အဆာချက်လုပ်ခံရမလဲလို့  ကူးရင်းခတ်ရင်းတွေးနေတဲ့ ငါးလို ငါတို့ 



တွေးနေရတယ် မယုံချင်လည်းရတယ် မနေ့ က မြက်စားနေတဲ့နွားဟာ ဒီနေ့ 

အမဲသားဖြစ်သွားတဲ့ တရား ငွေသေတ္တာထက် ငါးသေတ္တာက ပိုအဖိုးတန်တဲ့ နေရာတွေ



ရှိတယ်ဆိုတာ ယုံပြီလား သစ်ပင်ချင်းပွတ်တိုက်ရာကနေ တစ်တောလုံးပြာကျသွားသလိုမျိုး

လူမျိုးချင်းဘာသာအယူဝါဒချင်း ပွတ်တိုက်လို့ လောင်နေတဲ့ မီးတွေ မြန်မာလူငယ်လေး



အီရတ်စစ်ပွဲမှာ သေဆုံးခဲ့သလိုမျိုး လင်းလက်တာရာကျတယ် တိုက်ပွဲမှာ မင်းဘုန်းနိုင်ကျတယ်

တိုက်ပွဲမှာ ဧရာဝတီမြစ်ထဲက ငါးဟာ ပေါက်ဖော်ကြီးတွေရဲ့ ပွဲတော်အုပ်ထဲမှာ အဆီတဝင်းဝင်း



ပြုလုပ်ခြင်းမှာ။ ခွတီးခွကျ ရုပ်ပြောင်းရုပ်လွဲမှာ လူတွေ လမ်းပေါ် ၀စ်လစ်စလစ်ကြီး

အော်ငိုနေတာ ကလိထိုး ရယ် ရတယ် ခွာနေတဲ့ ကမ်းစပ်က ခို



တအုပ်တလှုပ်လှုပ် ဆိုနေတဲ့ တေးသံအညည်းတွေ။







လင်းလက်တာရာ / မင်းဘုန်းနိုင်

May 5, 2014


လနှစ်ချောင်းငင်( ပြတ်) င ယပက်လက်သတ်( ရွေ့)

လနှစ်ချောင်းငင်( ပြတ်) င ယပက်လက်သတ်( ရွေ့)




လေးကိုင်းသဏ္ဌာန် သက်တံလေးဟာ
မြင်လွှာထဲကို မြားတစ်စင်းပစ်လွှတ်ပြီး ပျောက်ကွယ်သွားတယ်
လမ်းပေါ်ကို ထိုးကျနေတဲ့ မီးရောင်က ခြောက်သွေ့ကွဲအက်မြေလွှာပေါ်
သစ်ခြောက်ပင်တစ်ပင်လို စိုက်ဝင်လို့။

ငါ့အရသာဟာ မြို့အတုရဲ့ လျှာဖျားမှာ
ငါ ဟာ တစ်ပါးသူအတွက်ချိုပြီး ငါ့ကိုယ်ငါကျ ခါးနေတယ်
နှုတ်ခမ်းပဲ့နေတဲ့ ခွက်တွေထဲမှာ ဘောင်ဘင်ခတ်နေတဲ့ ကော်ဖီတွေ
မြို့ရည်စစ်တဲ့ ဇာတိမြို့ကလေးရေ ငါ့ကိုသာ မြိုထားလိုက်ပါတော့။

ဇာတ်ရည်တွေဟာ အထူးပြုလုပ်ချက်ထဲမှာ လည်နေတယ်
ပြီးတော့ အေးခဲသွား ၊ ဒုက္ခအစိုင်အခဲတွေပါပဲ
ငွေက လူကိုသတ်ပြီး ငွေက လူကို ထောင်ချပစ်လိုက်တယ်။

ဖန်လုံအိမ်အာနိသင် ထဲမှာ သင်ကိုယ်တိုင် ပျော်ဝင်နိုင်ပါပြီ
ဆိုက်ကိုးစစ်အက်တမ်တွေအက်ကွဲပြီး လေထုထဲရော လူထုထဲပါ စိမ့်ဝင်ပျံ့ နှံ့ 
ပင်လယ်ကဗွီးပင်လေးမှာ အမျှော် တွေ ငြိတင်နေတာ သွားမဖြုတ်လိုက်ပါနဲ့ 
လွမ်းနေတဲ့ကမ်းခြေလေးက ရေနစ်နေတဲ့ နေလုံးနီနီကြီးကို ရင်ဘတ်ပေါ် ဆွဲတင်နေသူပါ။

ညနေရောက်တိုင်း မောင်းချဓားတစ်ချောင်းလို ထောင်းခနဲ ထထပွင့်တဲ့ အိမ်လွမ်းစိတ်တွေ
လွှတ်ထုတ်လိုက်တဲ့အမောတွေက မြို့လေးကိုရင်ဘတ်နဲ့သယ်ပြီး ပြန်ရောက်လာတယ်
မှောင်နေတဲ့ လမ်းကျဉ်းလေးထဲမှာ စပယ်တွေ မျက်ဝန်းနဲ့မဆံ့အောင် ပွင့်ဝေလို့။

ဟိုက်ဝေးလမ်းမကြီးဟာ လူငယ်တစ်ယောက်ရဲ့ရင်ခုန်သံတွေကို
ပါးကွက်သားတစ်ယောက်လို စီ ရင် ပစ် ခဲ့ ပြီ။

ဖတ်နေတဲ့ဘ၀ထဲမှာ အမေပျော်တယ်သားရေ တွေ ပါမလာတော့ဘူး
ခေတ်ဆိုတဲ့ကောင်ဖြတ်ဖြတ်လျှောက်တိုင်း လက်ဖျံက ထထဟောင်တယ်
ဘာသားစားထားလို့လဲ အဲဒီခေတ်က။

ပလက်စတစ်အိတ်လေးလို အိုင်တီ ခေတ်ကြီး ထဲ မျက်နှာငယ်ရပါတယ်
ကာဘွန်ဒိုင်အောက်ဆိုက်လို သွေးစွန်းဘရိတ်ဓားလို ကျန်းမာရေး နဲ့လည်း မညီညွှတ်ခဲ့ရပါဘူး
ညစ်ထေးနေတဲ့ ပိတ်ဖြူစလေးနဲ့ပဲ မလုံ့တလုံ ဖုံးလွှမ်းထားရတယ်။

ထောင်းလမောင်းကြေနေတဲ့ အကျီင်္အနွမ်းလေးမှာ ချွေးနံ့ အသစ်တွေ အစွမ်းကုန် စိမ်းလန်း
ရွက်ဆုတ်ပြက္ခဒိန်လေးလို လုံးပါးပါးလာရတဲ့နေ့စွဲများ
မတော်တော့တဲ့ ကတ္တီပါဖိနပ်ကလေးကို လမ်းခုလတ်မှာ ချွတ်ထားခဲ့လိုက်ရ။

တိမ်တွေ ဘယ်လိုအဓိပ္ပါယ်တွေနဲ့ ရွေ့ နေတာလဲ
ကမ်းပါးထိပ်မှာ အငူတစ်ခုလို ကျောက်ချထိုင်ရင်း
ငေးကြည့်နေမိတဲ့ မြစ်ရေတွေ ငေးကြည့်နေမိတဲ့ မျက်ရည်တွေ
ကမ်းနားသစ်ပင်တွေဟာ ငါ့နာမည်နဲ့ ပေါက်ရောက်ရှင်သန်နေ
မြစ်ထဲ ခရီးထွက်သွားပြီးကတည်းက ပြန်ရောက်မလာတော့တဲ့ မြို့တစ်မြို့အကြောင်း ငါတွေးနေ
တွေးရင်းတွေးရင်း ကပ်ပါးတစ်ကောင်လို တွယ်ကပ်ထားရတဲ့ ကမ်းပါးဟာပြိုကျသွား။

ကမ္ဘာဟာ အိမ်သေးသေးလေးတစ်လုံးကို ဗဟိုပြုလှည့်ပတ်နေ
အိမ်သေးသေးလေးက အိုကြီးအိုမလုပ်ခစဉ်းငယ်ကို ခံတွင်းအပိတ်ကြီးနဲ့ဖွင့်ဖွင့်ဝါးနေရ
ဒုက္ခ syndrome တွေ ဖွေးဖွေးလှုပ်ပွင့်တယ်
အော်ခေါ်လည်းပြန်မလာတဲ့အသံတွေ ကမ္ဘာကြီးကို နှုတ်သီးနဲ့ထိုးဖွ တူးဆွနေတာမြင်လား
မျက်ရည်တွေ လက်ယာရစ် ပတ်စီးနေတဲ့ပင်လယ်။

ခြေလှမ်းတွေအများကြီး အသုံးပြုပစ်ခတ်ခဲ့
ခြေလှမ်းတိုင်းမှာ အသက်ဓာတ်ကို ထည့်ပြီး ပစ်ခတ်ခဲ့
အောင်ပွဲ ဆာလောင်သူ ငါ့ကို အောင်ပွဲက စားသွား အောင်ပွဲက ငါ့ကိုလောင်သွား
တစ်စပြင်ငါ သုံ့ပန်းငါ မီးလောင်ငုပ်တိုငါ ပိုင်ရှင်မဲ့ ခမောက်ငါ
ရိုးသားဖြူစင်တဲ့ ငါ့သပြေပန်းကလေးကို အားနာတယ်။

အဓမ္မကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်တာနဲ့ 
တစ်စုံ တစ်ရာ တစ်ထောင် တစ်သောင်း တစ်သိန်း တစ်သန်း ကို ထိရှတော့တာပဲ
မျက်ရည်တွေ သွေးထွက်အောင် အသွေးခံရ ။

ရိုးရာ လှည်းယဉ်လေး ဟာ ရွာကို လွမ်းလို့တဲ့ ပြတိုက်ထဲမှာ ငေးလို့
ကျေးတောသူလေးဟာ မြို့ကြီးပြကြီးရဲ့ ရင်ဘတ်ကြမ်းကြမ်းကြီးထဲမှာ ရှိုက်လို့။

ကွက်လပ်တွေ စိုက်လို့မဆုံး
ကွက်လပ်တွေ သီးလို့မဆုံး
ကွက်လပ်တွေ ရိတ်သိမ်းလို့မဆုံး။

ဝဲတွေထဲ လည်နေပုံ၊ လက်မလည်အောင် ဇာတ်နာပေးနေရပုံ
ဇက်စင်းပေးနေရပုံ၊ လည်စင်းပေးနေရပုံ၊ ဂိမ်းအိုဗာတွေ ပုံလာပုံ။

သစ်ပင်ကလည်းအတု သစ်ပင်အတုပေါ် နားနေတဲ့ငှက်ကလည်း အတု
ရင်သားအတု တင်သားအတု ဘုန်းကြီးအတု
မြက်ခင်းအတု ငြိမ်းချမ်းရေးအတု ဒီမိုကရေစီအတု
ဘာရတု ညာရတု ရတုအတုတွေ စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။

အလွမ်းတွေမထွန်းကားတဲ့မြို့ယဉ်ကြီးထဲ ဟဲလိုတွေ atomic bombလို ကျကျကွဲ
ငါ့အပြင် ငါပဲကြေကွဲခဲ့ရ။

လေယာဉ်တစ်စင်းက ဖြတ်ကြိတ်သွားတဲ့ လှိုင်းတိုတွေပါ
အိမ်ပြန်ချိန်ကို ဘယ်ဘီးလှိမ့်သံကမှ ဥသြမဆွဲကြဘူး
အသိုက်ဟာ သိုက်တူးခံနေရတုန်း
'လက်ရည်တစ်ပြင်တည်း' ဟာ ဝါကျအကျိုးအပဲ့တွေလို အဓိပ္ပါယ်တွေပြန့်ကျဲနေတုန်း
အမေ့လက်ပေါ်က ညသေကြီး ဟာ မနက်ခင်းလှလှလေးအဖြစ် ရှင်သန်ထမြောက်လာမယ်။

လူဆိပ်ဟာ သွေးကြောတွေထဲ စိမ့်ဝင် ပျံ့ နှံ့ ပြာနှမ်းသွားပုံ မြန်နှုန်းမြင့်
မိုးဥတုရဲ့ အခေါက်တွေခွါချလိုက်တဲ့အခါ
မျက်ရည်အနှစ်အသားတွေ ကို ဘွားခနဲ တွေ့ လိုက်ရတယ်။

လေပူဖေါင်းလေးတွေလို မပေါက်ခင်အထိပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပေါ့
ပေါ့ရွှတ်ရွှတ်အသားတုကြီးကို ငုံထားရသလိုမျိုး လူ့ အဖြစ်ဟာ။

ဘလက်ကော်ဖီသောက် မြင်းရိုင်းတွေကိုလက်ခုပ်တီး
တစ်ကျင်းချင်းဝင်အောင်သွင်းနေတဲ့ သိုက်သမားတစ်ယောက်မဟုတ်ခဲ့တော့
လက်ရွေးစင်ပေါ့ပါးခြင်းမှာ ငါဟာ ခြေလှမ်းတွေနဲ့ သူနိုင်ကိုယ်နိုင်။

လေထဲမှာစိတ်တွေ လဲ့မှိုလေးလို လွင့်နေတယ်
လွှင့်ထူထားတဲ့ အနုပညာအလံတော်ဟာ လောကဓံရောင်ပေါက်နေတယ်
လမ်းပေါက်ကြီးနဲ့ ခရီးတွေကောက်နေရသလို
ကောက်ကောက်ကွေ့ ကွေ့ မြစ်ထဲ ကောက်ကောက်ကွေ့ ကွေ့ ကြီး မျောပါလာသလို
အမောဟာ ကျောမှာသပ်ရိုက်ထားပုံ ဒီဇိုင်းအလန်းနဲ့။

သစ်ရွက်ရယ်သံလေးရေ ငါ့ကို လှုပ်ခတ်ပါ
ဆည်းလည်းသံချိုချိုလေးရေ ငါ့ကို တီးခတ်ပါ
တိမ်ရနံ့ တွေ မွှေးမြအိမ်ကလေးရေ ငါ့ကို သစ်ပင်စိုက်ပါ
အမှိုက်ဆိုရင်တောင် မြေသြဇာဖြစ်ချင်သူပါ။

ကမ္ဘာကြီးတစ်ခုစာ ပျော်စရာများများလိုချင်ပါတယ်
ကမ္ဘာကြီးကို လက်ဆောင်ပေးဖို့။

လင်းလက်တာရာ လင်းဝေအိမ် သစ္စာမင်းအိမ်
ဒီဇင်​ဘာ၊ ၂၀၁၄

ဗျို



'ဗျို့ '



နေပူထဲက အရိပ်တစ်ခု လောင်ကျွမ်းနေပုံမျိုးနဲ့

လမ်းဟာ လောက်တစ်ကောင်လို ငါတို့ အပေါ်တွားသွားတက်လာတယ်

ပျော်စရာပဲ ဝမ်းနည်းမှုထဲကနေ ထိုးထွက်ရတဲ့ အရသာ

ရှိစုမဲ့စု တိမ်အကျိုးအပဲ့တွေကို အိမ်ရှိရာမှန်းပြီး ရွာချပစ်လိုက်တယ်

အလွမ်းမဟုတ်တဲ့အလွမ်းနာမည်နဲ့ တောတန်းတစ်ခုကို ပုံတူဆွဲပါ၊ သစ်ပင်ရေလောင်းပါ

ပင်စည်မရှိတဲ့ကိုင်းဖျားမှာ တေးသွားတစ်ပိုဒ် ခြေမကိုင်မိလက်မကိုင်မိ ပုပ်နေတယ်

ကြိုးတွေထဲမှာ ကျိုးကျနေတဲ့ ဇက်တွေ / ဇာတ်တွေ

ဇာတ်တူသားကို မြိန်ရေရှက်ရေ စားနေတဲ့ ဂုဏ်သရေရှိတွေ

သရေပင်လို ချုံ့ချည်ချဲ့ချည် နိုင်ငံရေးတွေ

ကိုယ့်ရဲ့ ဝါဆိုလလေးကို သူ တပါးကို လွှဲပြောင်းပေးအပ်ရတော့မယ်

မိလ္လာခံတွင်းကြီးနဲ့ဟပ်လိုက်ပါလား ညှီစို့စို့ဒုက္ခတွေ

ရဲတော့ရဲတယ် ဒါပေမယ့်ကျဲတယ်ဆိုတဲ့ သွေးလှည့်ပတ်မှုကြီးနဲ့ အနာဂတ်ကို

ရင်တွေဘာတွေခုန် ၊ Set Piece အသေတွေကနေ ဂိုးပေးပေးနေရတယ်

ငါတို့ Gold  တွေကို တော့ သူတို့ သယ်ထုတ်နေကြတယ်

ကိုယ့်အဆီအနှစ်နဲ့ ကိုယ် အကြော်ခံရတာလောက် လဲသေဖို့ ကောင်းတာမရှိဘူး

အရိုးပေါ်အရေတင်ယာတွေနဲ့ ပန်းနာရင်ကျပ်မြစ်ချောင်းတွေ

တကယ်ဆို ငါတို့လက်ချောင်းတွေအားလုံး သူတို့ရင်ထဲနှဲ့နှဲ့ပြီးသွင်းပစ်ရမှာ

ကိုယ်စီဝဋ်ဆင် ထားကြရတဲ့ ဒုက္ခအပေါင်းနဲ့

သူတို့ရဲ့ အမည်ကိုသောင်းသောင်းဖျဖျ ကျိန်ဆိုမယ်

အချေခံလူတန်းစားတို့ရဲ့ ကြေမွနေတဲ့ အခြေခံဘဝများး

ပြုသူအဟောင်းအတွက် ဖြစ်သူအသစ်ဆိုရင်

ပြုသူအသစ်အတွက်လည်း ဖြစ်သူအသစ်ပဲ၊ စနစ်ကိုက လှိုက်စားနေတာ

ခုတ်ချခံလိုက်ရတဲ့ သစ်ကိုင်းလေးတွေကို ပင်စည်ကြီးက အလေးပြုလိုက်ပါတယ်

လမ်းက  လိမ်နေတော့ လူတွေ ခမျာ အိမ်ပြန်မရောက်နိုင်ကြသေးဘူး

ပြတ်ထွက်သွားတဲ့ ခြေထောက်တွေ၊ ပြတ်ထွက်သွားတဲ့ လက်တွေ

ခန္ဓာကိုယ်ကြီးကိုသာ သနပ်ခါးလိမ်းပြီး ပန်းပန်ထားရတယ်

ဘယ်လိုနည်းနဲ့ ပဲသတ်သတ် သမိုင်းဟာ မသေဘူး

အိမ်သာတက်ပြီးတိုင်း ဟိုမျက်နှာကြီးကိုပါ ရေဆွဲဆွဲချနေမိတယ်

အစိမ်းရောင်ဟာ တောင်တွေဆီက စွန့် ခွါလာရ

အစိမ်းရောင်ဟာ တောတွေဆီက စွန့် ခွါလာရ

အစိမ်းရောင်ဟာ ၂၅ရာခိုင်နှုန်းကတော့ ကားကားကြီးလန်းနေတယ်

ရွှေ့ ပြောင်းတောင်ယာတွေလို ရွှေ့ ပြောင်းအလုပ်သမားတွေလို

ရွှေ့ ပြောင်းခံစာသားတွေမှာ အဓိပ္ပါယ်တွေ သွေးအလုးလူး

လူညှီနံ့ တွေလှိုင်းထနေတဲ့ လူ့ လူးတွင်းကြီးရဲ့ကမ္ဘာ

ရေဇလုံထဲက ငါးခူတွေလို ခေါင်းကို အလေးနဲ့  အထုခံရမယ့် အချိန်ကို

အချင်းချင်း တိုးတိုက်တွန်းထိုးရင်း စောင့်ဆိုင်းနေကြရ

လက်မောင်းမှာချည်ထားတဲ့ ခပ်ညစ်ညစ် လက်ဖွဲ့ကြိုးလေးတွေ

လည်ပင်းမှာ ဆွဲထားတဲ့ နေနံ့ အရုပ်ကလေးတွေ

စွပ်ကျယ်အစုတ်လေးနဲ့ ပဲ တိုက်ပုံဝတ်လူတွေရဲ့ တိုက်စစ်ကို ခုခံနေကြရတယ်

ငြိမ်းချမ်းရေးကို လက်ဆွဲမနှုတ်ဆက်ရသေးခင်

အမေ့ထမီစလေး စည်းနှောင်ထားတဲ့ လက်ဟာ ပြတ်ကျသွားခဲ့ပြီ

မရောက်တာကြာပြီဖြစ်နေတဲ့နေရာတစ်ခုခုကို ပြန်သွားချင်သလိုလို ဥပမာ-အမေ့ဝမ်းတွင်း

မစားဖူးတဲ့အစားအစာတစ်ခုခုဆာလောင်သလိုလို ဥပမာ-ငြိမ်းချမ်းရေး

မြင်မကောင်းရှုမကောင်းအောင် ပြန်တမ်းအလီလီနဲ့ အသက်ကိုစက်ဝယ်နေရ

ကဗျာထဲဝင်ကြည့်မှ မြင်ရတဲ့ ရှု့ ခင်းတွေ

ကဗျာထဲဝင်ကြည့်မှ မြင်ရတဲ့ လူလုပ်လောက

အဓိပ္ပါယ်မသိတဲ့စကားလုံးတစ်လုံးကို အသံထွက်မပီတပီအော်ဆိုနေရတဲ့ အသံများး

မိုးက မတိတ်တော့ဘူး၊ ဒဏ်ရာကို မျက်ရည်တွေနဲ့ သိပ်ထားရတယ်

တူးဆွ နံရံပေါ်ဘာအရုပ်ရေးမှာလဲ၊ အနုပညာပဲ နည်းနည်းတော့အ၀င်ဆိုးမယ်

သွေးနံ့တွေ နီရဲတောက်ပနေတဲ့ အရေးဆွဲခံပန်းချီကားထဲက ရုန်းထွက်နိုင်ဖို့

ငှက်တွေဟာ အတောင်ပံတွေကိုသွေးနေရတယ်

ဧရာဝတီက ဧရာဝတီပဲ ယန်ဇီက ယန်ဇီပဲ

ဧရာဝတီကိုတော့ ယန်ဇီအဖြစ်မခံနိုင်ဘူး

လူအုပ်ကြီးဟာ ဒေါသထွက်နေပါတယ်

ဒေါသထွက်နေတဲ့ လူအုပ်ကြီးဟာ ကြိုးကိုင်ခံနေရပါတယ်

သွားတုကြီးနဲ့ အသွေးအသားကို ကြိတ်ဝါး

ပဲ့ထွက်သွားတဲ့ရေမြေတွေအစား သူတို့က ပဋိပက္ခတွေပြန်ပေးတယ်

ခေါင်းဖြတ်မှမဟုတ်ဘူး လက်ညှိုးနဲ့ထိုးရုံနဲ့လည်းသေတယ်

တစစီဆွဲဖြဲခံလိုက်ရတဲ့ မြေပုံလေးကို ထမင်းစေ့လေးတွေနဲ့ပြန်ကပ်နေကြတုန်း

မီးတောက်တွေက ဝုန်းခနဲလာဟပ်တယ်

သံကိုကြွက်စားနဲ့ သားကိုစွန်ချီကြားမှာ ငထွား ဘာတရားရလိုက်ပါသလဲ

မီးသတ်ကားတွေဟာ ကောလဟာလတွေကို မငြိမ်းသတ်နိုင်ကြဘူး

လက်ဖဝါးက စူးဝင်လာတဲ့ဆူးဟာ လက်ဖမိုးကိုပါ ဖောက်ထွက်သွားတယ်

အိမ်ဦးခန်းအသေ မီးဖိုချောင်အသေနဲ့ အိပ်ခန်းအသေ

ဘိုးဘိုးဘွားဘွားအသေ ဖေဖေမေမေအသေ သားသားမီးမီးအသေ

ရပ်နေတဲ့ခေတ်က ဘယ်တော့မှ အဖတ်မတင်ဘူး

ခေတ်အဆက်ဆက် လူငယ်တွေ အဖိတ်အစင်များခဲ့တယ်

သယံဇာတတွေ အဖိတ်အစင်များခဲ့တယ်

သံသယတွေ အဖိတ်အစင်များခဲ့တယ်

မသန့် ရှင်းတဲ့ ဆေးထိုးအပ်တွေ အသုံးပြုနေရသလိုမျိုး

လေထုကြီးကလည်း မသန့် ရှင်းတော့ လူထုကြီးကလည်း မသန့် ရှင်းတော့

မသန့် ရှင်းတဲ့လေထုကြီးကို မသန့် ရှင်းတဲ့ လူထုကြီးက ရှူရှိုက်နေရ

မသန့် ရှင်းတဲ့ စင်ပေါ်ကနေ လိမ့်ဆင်းလာတဲ့ မသန့် ရှင်းတဲ့ မိန့် ခွန်းတွေ

ဘယ်လောက်ပဲ လျှော်လျှော် သန့် ရှင်းစင်ကြယ်မလာတဲ့

နိုင်ငံတော်ကြီးကိုပဲ လိပ်ပြာသန့်သန့် နဲ့ ချစ်နေရ

အမှိုက်ဟာ မီးလောင်မှုကိုအားပေးတယ်

ခေါင်းပေါင်းအဖြူဟာ အမှိုက်၊ စာအုပ်အစိမ်းဟာ အမှိုက်၊ ကြီးလေ မှိုက်/မိုက် လေ

လှည်းကျင်းပစ်လိုက် ၀ိုင်ဝိုင်းရဲ့အမှိုက်မဟုတ်တဲ့ ပြည်ထောင်စုအမှိုက်တွေ

ပြသာဒ်တစ်ခုလုံးမီးလောင်နေချိန် အမှိုက်ဟာ မြို့ရိုးပေါ်မှာ တယောထိုင်ထိုးနေတယ်

အနက်ရောင်တွေဟာ အမှောင်ကို မကြောက်တော့ဘူး

လူမမာကို ဆေးခပ်ပြီး မုဒိန်းကျင့်ခံနေရသလို မသန့် ရှင်းတော့တဲ့ နိုင်ငံတော်ဟာ

အမှောင်ကို မျက်ရည်တွေဖယ်ပြီး စိုက်ကြည့်နေရှာတယ်

စိုက်ကြည့်သမျှတွေဟာလည်း ခုတ်လှဲခံလိုက်ရတယ်

တောက်ပလွန်းတဲ့ကြယ်တွေကိုလည်း အလုံပိတ်အခန်းထဲ ထည့်လိုက်ကြတယ်

ဟာသပဲ ' နောင်တစ်ခေတ်ရဲ့ အောင်ကြက်ဆူ' ဆိုလား

မီးမိုးတွေရွာနေတာကို ယမ်းထီးတွေနဲ့ ကာနေကြ

သေနင်္ဂဗျူဟာကျမ်းကို Update လုပ်တယ်ဆိုတာ

နိုင်ငံတော်မြေပုံပေါ်က လက္ခဏာတွေထဲ

အသက်လမ်းကြောင်းနဲ့ စီးပွားရေးလမ်းကြောင်းမှားဟောခြင်းပဲ

မြို့ပျောက် ရွာပျောက်တွေကြားက အလင်းရောင်ပျောက်နေတဲ့ ပန်းတွေ

အာမေဋိတ်ဒွန္နယာကြီးကို မျက်တောင်မခတ်တမ်းငေးကြည့်

အိုး! အား! အလို!

ခေတ်သစ်ကိုပြောင်းပြန် ခေတ်ဟောင်းကိုစီမံ

ညနေအပုပ်ချိန်တွင် စစ်သည်တေး စစ်ချီတေးကို ထုတ်လွှင့်မည်ဖြစ်ပါကြောင်း

အမှတ်တမဲ့ပုတ်နှိုးမိတဲ့ အာမေဋိတ်ဆွေးလုံးကြီးက ဆို့ဆို့တက်

တရုတ်ကဝင်လာတဲ့ ဆိုင်ကယ်တွေက လူဘယ်နှယောက်ကို စားပြီးပြီလဲ

တရုတ်ကဝင်လာတဲ့ စားသောက်ကုန်တွေက လူဘယ်နှယောက်ကို သုံးဆောင်မှီဝဲပြီးပြီလဲ

ပန်းဦးဆက်သလိုမျိုး ငါတို့ အမျိုးကောင်းသမီးတွေကို သူတို့ အပင်လိုက်ဝယ်တယ်

မြို့ခံတွေကို မြို့ပြင်ကန်ချပြီး မြို့လယ်ခေါင်ကို အနီရောင်တွေ ခြယ်တယ်

အဲဒီအနီရောင်တွေဟာ အိမ်ကြက်ချင်းအိုးမဲသုတ်ခွပ်ခိုင်းပြီး ပြုံးပြုံးကြီး ထိုင်ကြည့်တယ်

အဲဒီပိုက်လိုင်းကြီးက တိုင်းပြည်ရဲ့ ဗိုက်သားထဲကို တံစို့ တစ်ချောင်းလို ထိုးသွင်းထားတာ

မဟာတံတိုင်းပေါ်မှာ 'တိုင်းပြည်ကင်မွှေးမွှေးလေး' ကို အရက်နဲ့ ထိုင်မြည်းချင်မြည်းနေမှာ

မီးခိုးတွေအူနေတယ် မြေခွေးတွေအူနေတယ် ညှော်နံ့တွေကြားမှာ

တိုင်းပြည်ဟာ ကားကားကြီး၊ ပွင့်နေတဲ့ ၀မ်းဗိုက်ထဲကနေ ပြည်သူတွေ မီးပုံထဲကို ပြုတ်ပြုတ်ကျ

ဟနေတဲ့ ချုပ်ရိုးတွေကြားမှာ သက်တမ်းလေးဆယ်ကျော် အရိုးတွေဟာ ပြူထွက်နေတယ်

Silent အလုပ်ခံထားရတဲ့ ဖုန်းတစ်လုံးလို တိုင်းပြည်ဟာ အသံတိတ် တုန်ခါနေရ

ပေါင်သားလေးကို ဖဲ့စားသွားတယ် တောင်ပံလေးကို ဖြုတ်စားသွားတယ်

လိုင်းမမိတဲ့ရေဒီယိုနဲ့ ဒီမိုကရေစီဆိုတာကြီးကို ဖမ်းနားထောင်ကြည့်တော့ တဂျစ်ဂျစ်နဲ့

ပင်လယ်အော်ကြီးနဲ့ တောင်မဆံ့တော့တဲ့အာခေါင်ခြစ်အော်သံတွေ

လူ့ အဖြစ်ကနေ လျှောကျနေတာ ရေတံခွန်လိုပဲ တဝေါဝေါ

လူ့ အရင်းအမြစ်တွေ ပေါ်မှာ တော်လဲသံတွေ ပြိုကျနေတယ် တဝေါဝေါ

ခြင်္သေ့ တစ်ပိုင်းငါးတစ်ပိုင်းကျွန်းလေးပေါ်မှာ

အိမ်ဖော်မလေးတွေရဲ့ မျက်ရည်စက်လက်တွေပွင့်နေတယ်

ဘွဲ့ လက်မှတ်တွေဟာ ဗလာစာရွက်တွေနဲ့ ဘာများကွာလို့ လဲ

ငါတို့ မမွေးခင်ကတည်းက စွဲခဲ့တဲ့မီးဟာ ငါတို့ကြီးလာတော့ ငါတို့လိုပဲ ကြီးလာပြီး

ငါတို့ အရွယ်ရောက်လာတော့ ငါတို့နောက်ကလူတွေကိုပါ လှမ်းလှမ်းဟပ်နေပြီ

လမ်းတွေ အများကြီး ဖောက်ခဲ့ပေမယ့် ဘယ်ကိုမှမရောက်ခဲ့ဘူး

တံတားတွေအများကြီး ဆောက်ခဲ့ပေမယ့် ဘာကိုမှ မကျော်ဖြတ်နိုင်ခဲ့ဘူး

ယမ်းမီးခြစ်ဘူးတွေ ခေတ်ကုန်သွားတော့ ဂက်စ်မီးခြစ်တွေ ရောက်လာတယ်

ဘယ်အဆင်ပဲ ၀တ်ထားပါစေ မီးဟာလောင်တတ်တဲ့အကြောင်း ဆေးလိပ်တွေ တိုပြနေကြတယ်

အက္ခရာတွေဟာ ဟိုဝါကျထဲ ၀င်ရတော့မလိုလို ဒီဝါကျထဲ ၀င်ရတော့မလိုလို

ဓားအိမ်တွေက တိုတိုလာပြီး ဓားတွေက ရှည်ရှည်လာတော့ အထိအရှတွေ ပိုပိုများများလာ

လရောင်ကို အမှောင်ဓါတ်သားတွေနဲ့ တွဲပြီး စာသားတွေထဲ လျှိုထည့်ပေးလိုက်တယ်

ဒီချောက်ထဲကို ကျဖို့ ဟိုးအမြင့်ကြီးကို တက်ခဲ့ရတာ

ဂျူးမြစ်တွေကိုတောင် ဟင်းခါးထဲ ထည့်မသောက်ရက်ဘူး

'စင်္ကြာ' တံဆိပ်နဲ အရက်ပုလင်းကို အိမ်သာတိုင်နဲ့ ရိုက်ခွဲပစ်လိုက်တယ်

မုဆိုးမဟုတ်ဘာမဟုတ်နဲ့ လူမှုကွန်ယက်သားကောင်တွေကို တွေ့ တွေ့ နေမိ

စလစ်ဖြစ်လွန်းတဲ့ အာရုံမှောက်မှားမှုတွေ

ပန်းဆိုးတန်း ခုံးတံတားအောက်က အိတ်စ်ပရာဒိတ်ကုန်နေတဲ့ အိပ်မက်အဟောင်းတွေ

နေပြည်တော် သမ္မတ မှာ ဟာသတွေ ငိုရတယ် ၊ ရုပ်ရှင်ဟာ ရုပ်ရော စိတ်ရော သေလို့

သမ္မတကြီးရယ်တော့ ပြည်သူတွေ အားလုံးလိုက်ရယ်ကြတယ်

ပြည်သူတွေ အားလုံးငိုကြရတော့ သမ္မတကြီးက ရယ်တုန်းပဲ

"မိဘပြည်သူများခင်ဗျား......................................."

ဟုတ်ကဲ့ မိဘပြည်သူများကို အောက်ပါအတိုင်းပြင်ဆင်ရေးသားပေးပါ သမ္မတကြီး

မိ  ဘ

ြ     ပ    ည်

သူ    များ

နာတာရှည်အိပ်မက်ဆိုးကြီးကို ဓာတ်ကြမ်းကုနေတာလား

ဘယ်ကအသံလဲမမေးပါနဲ့ ၊ လှုပ်လေမြုပ်လေနွံအိုင်ကြီးထဲမှာ

အနာမီးအနာလျှံတွေနဲ့ မံခြင်းခံထားရတဲ့ မိဘပြည်သူများဆီကအသံပါ

အစ္စရေးနဲ့ ဂါဇာကမ်းမြောင်က ကျည်တွေ မြောက်ကိုရီးယားဒုံးကျည်တွေ

လက်ဘနွန် ပါလက်စတိုင်းက အမြောက်ဆန်တွေနဲ့ ၈၂×၂၇လမ်းက ဓားတွေ

အာဏာရှင်စနစ်ရဲ့ နှလုံးသည်းပွတ်မှာတည်ပါစေ

ကျောက်ကိုခေတ်နဲ့ခတ်ပြီး မီးထပွင့်နေတဲ့ အလံတော်တလူလူ

ကြယ်ဖြူတွေကိုသတ် စပါးနှံကိုသတ် ခွေးသွားစိပ်တွေကိုသတ်

ကြွေးဟောင်းမဆပ်နိုင်သေးခင် ကြွေးသစ်တွေထပ်ချနေရ

ခရိုနီစပေ့ ကွင်းပြင်ကျယ်ကြီးထဲ နင်းပြားကော်ပီပေ့စ်တွေ လိုက်ထည့် နေတယ်

ဘရာဇီးကော်ဖီစေ့တွေလောက်တောင် ချစ်စရာမကောင်းတဲ့ အာရုံလွှဲ ဇာတ်ကွက်တွေ

ကြွေးမြီတွေနဲ့ တည်ဆောက်ထားတဲ့ လျှို့ဝှက်လိုဏ်ခေါင်းကြီး

အဲဒီ လိုဏ်ခေါင်းကြီးကို ဖုံးဖိပေးထားတဲ့ အသုံးချခံမြေကြီးနဲ့ သစ်ပင်တွေက

တစ်နေ့ ကို အခါ သုံးဆယ်လောက် ရယ်တယ်

Gallary ထဲမှာလည်း ငရဲခန်းတွေ တစ်ခန်းပြီးတစ်ခန်း

ဧည့်ခန်းထဲမှာလည်း သဘာဝဘေးန္တရာယ်တွေကို တိရိစ္ဆာန်ဦးခေါင်းလို ချိတ်ဆွဲထားတယ်

လွှတ်တော်ပန်းခင်းကြီးထဲမှာလည်း ပြက်လုံးတွေပွင့်နေလိုက်ပုံများ အဆုတ်လိုက်အခဲလိုက်

မြင်ကွင်းတွေက မျက်လုံးတွေကို မလွှတ်စတမ်း အသေကိုက်ခဲထားတယ်

လိုင်းပေါ်မှာ    တစ်      စ      စီ      ပြန့်       ကျဲ      နေ      တဲ့    လမ်းတွေ

လမ်းပေါ်မှာ    တစ်      စ      စီ      ကျဲ       ပြန့်     နေ      တဲ့    လိုင်းတွေ

               လူ

                          သား

ြ   ပ  တ်

                                                ေ  ရြ  ႕      ေ    တ  ြ

  တ

                     ေ   ရြ     ့

 ေ    ရြ       ့ ။           ။







လင်းလက်တာရာ ၊ လင်းဝေအိမ် ၊  သစ္စာမင်းအိမ်
နိုဝင်​ဘာ၊ ၂၀၁၄၊ နှင်းဆီဖြူ မဂ္ဂဇင်း