'ဘဝအင်ဂျင်ထဲက တစ်စစီပြုတ်ထွက်ခဲ့တဲ့ ဖြစ်တည်မှုပီနီယံ အစိပ်အပိုင်းတွေ '
၁။
(ရန်ကုန်ခါးခါး)
သူ့ခြေထောက်ကြမ်းကြမ်းကြီးတွေနဲ့ ငါ့ရင်ဘတ်ကိုပြေးပြေးကန်တယ်။ အကြိမ်ကြိမ်။
သိမ်ငယ်စိတ်က မလိုအပ်ဘဲ ဘရိတ်ခဏခဏအုပ်မိ။ နားနဲ့မနာ ဖဝါးနဲ့နာပါ။
တင်ကအစအတုရှိတယ်။ အချစ်ကိုတူးဖော်ကြည့်ဖို့ ပိုက်ဆံမရှိသေးပါ။
တရားကျစရာ။ စပယ်ယာကအစ လောဘကြီးတယ်။ အဟောင်းဆိုင်လေးထဲက
ဂျင်းဘောင်းဘီလေးတစ်ထည်ဟာ လှရဲ့။ လမ်းဖြတ်ကူးဖို့ အသက်ဓာတ်ကို
ကျစ်ကျစ်ပါအောင်ဆုပ်ရတယ်။ တစ်ယောက်တည်းကျပ်နေလို့ ဟိုဘက်နည်းနည်း
တိုးပါဦးဆိုတဲ့မြို့ပြ။ ကာဗွန်ဒိုင်အောက်ဆိုဒ်အထပ်ထပ်နဲ့ ဝမ်းရေနက်နက်တောမြိုင်လည်။
လူတွေပြောပြောနေတဲ့ ထပ်ခိုးလေးရဲ့တန်ဖိုး။ အိပ်မက်တွေ တရေးနိုးရလေတယ်။
၂။
( လွင့်နေတဲ့လေ )
ရင်ချင်းဆက်ခဲ့တာတောင် ရက်ရက်စက်စက်သွေးကွဲခဲ့တယ်။ မြို့ကလေးနဲ့ ငါ။
စစ်မြေပြင်နဲ့စစ်သားလို ၊ တောင်နဲ့တောင်တက်သမားလို ၊ ငါနဲ့လောကဓံ ၊ ငါနဲ့
အောင်မြင်မှု ၊ ငါနဲ့ မိုက်မဲခြင်း။ ဘဝရဲ့အဆန်တရားမှာ ဘယ်ရထားကိုမှ အချောင်
မစီးခဲ့ဘူး။ ငါဟာလူငယ် ၊ အန္တရယ် ကို လွယ်တယ်။ အခက်အခဲကိုကြိုက်တယ်။
လူအဖြစ်ရဲ့ဒုလဘ္ဘကို ခေတ်ကြီးထဲ ရဲရဲပွင့်သူ။ သေကြည့်တယ်။ တီးတိုင်းမမြည်တဲ့
ဗုံစိမ်းဟာ အနုပညာလို့ သေသေချာချာ သေကြည့်ခဲ့တယ်။ ကျည်ကာမပါတဲ့
ပစ္စုန်ပ္ပန်ကိုမှ လူမှု့ စစ်ပွဲမှာ ဝတ်ဆင်ခဲ့ရပါတယ်။ လောကကြီးကို မာနအလွင့်ကလေးနဲ့
ရွဲ့စောင်းမိခဲ့သမျှ။ဝမ်းနည်းတယ်။ ငါပစ်ခဲ့တဲ့ခဲဟာ ငါ့မိသားစုကိုမှတည့်တည့်ကြီး။
၃။
( စုထားတဲ့မျက်ရည် )
ဖတ်လက်စမြို့ပြကို ပိတ်ပြီး သောက်လက်စကဗျာကို မော့ချလိုက်တယ်။ ဘဝပင်လယ်။
ခေတ်မရွေးတဲ့ ခေတ်ပြိုင်မုန်တိုင်းများ၊ ပို့စ်မော်ဒန်သဘာဝဘေးအန္တရာယ်များ။
Edvard Munch ရဲ့ အော်သံကို မိတ္တူဆွဲထားတဲ့ကမ္ဘာကြီး။ ကမ္ဘာကြီးကို မတ္တူဆွဲထားတဲ့
Edvard Munch ရဲ့ အော်သံ။ ရင်ဘတ်ထဲမှာ ဗလာအရောင်တွေများလာတယ်။
မိသားစုဟာ ဗလာအရောင်။ ရေးနေကျ ဘော့ပင်န်လေးလည်း မင်ကုန်လို့။ ဝတ်နေကျ
ဂျင်းဘောင်းဘီလေးလည်းပြဲလို့။ စိတ်မြစ်တွေ နစ်သထက်နစ်လာ။ စိတ်နွံတွေ
ထူသထက်ထူလာ။ စိတ်ညတွေ နက်သထက်နက်လာ။ ဒီအချိန် အမေ့အိမ်ဟာ
မီးမှိန်မှိန်လေးနဲ့ပဲလား။ ခေါင်းလောင်းသံကြားမှ အဖြူအစိမ်းဝတ္ထုလေးကို သတိရတယ်။
ဘာရယ်မဟုတ် စိတ်ကူးတွေ ခလုတ်နှိပ်လိုက်မိတယ်။
၎။
( နီယွန်ရောင်ဟွန်းမျောရှည် )
အမှားအယွင်းဆန်မှုကပဲ ငါ့ကိုတယောထိုးနေလေတော့တယ်။ တစ်ကိုယ်တော်ရာသီ။
တိမ်တွေရဲ့နောက်မှာ လေတွေပါသွားသလား။ လေတွေရဲ့နောက်မှာ တမ်တွေပါသွားသလား။
ငယ်အိပ်မက်တွေကပဲ ငါ့ကို ရှော့ခ်ခဏခဏရိုက်တယ်။ နှစ်ကာလများရဲ့ အနှစ်သာရအောက်
ပျောက်ရှသွားတဲ့မြေနီလမ်းကလေး။ အဝေးပြေးလမ်းမရဲ့ ဘီးတွေဟာ ငါတို့လား။
နားထဲမှာ အုန်းမောင်းခေါက်သံတွေ ခဏခဏမြည်တယ်။ စပါးသင်းရနံ့မွှေးနေတဲ့
လေညှင်းလေးကို ခဏခဏ ဆာတယ်။ အဖေမပါလို့ မစားဖြစ်ခဲ့တဲ့ ထမင်းဝိုင်းကလေး၊
အောင့်မေ့ဖွယ်။ သတိ/ ကူးစက်လွယ်သည်။ ပုံ/ ချစ်မေတ္တာ။ လွမ်းရင်ကဗျာရေးတယ်ဆိုတဲ့
သူငယ်ချင်းလည်း လွမ်းလို့ ကဗျာမရေးတော့ဘူး။ တစ်ခါတခါ ကိုယ့်ကိုယ်ကိုယ်
ရှို့ပစ်လိုက်ချင်တဲ့ပင့်သက်။ 'မြို့ကြီးပြကြီး' ဆိုတဲ့ကွန်ကရစ်တောနက်ကြီးထဲ ကျွန်တော်
ရေငတ်တယ် မေမေ။
၅။
( ဘဝကို ရင်ဘတ်နဲ့ထိန်းပြီး ကန်တဲ့နေ့တွေ )
ဒုက္ခတရားနဲ့ သစ်စေးသုတ်ထားတဲ့ ကွင်းပြင်ခြောက်ကြီး။ မြောက်ပြန်လေတွေ ပြန်စာမလာတော့မှန်း
ကောင်းကင်က ကြက်မတစ်ဝပ်စာတောင် မျက်စပစ်မပြဘူး။ အရိပ်တွေက အကန့် အသတ်မရှိ
ခွင့်ယူထားတုန်း။ ဘယ်တော့ တောအုပ်လိုစိမ်းလန်းမလဲဆိုပြီး ကန္တာရ ကို ခေါင်းခုန်ခုန်တိုက်။
အလဲလဲအကွဲကွဲ အဝေးကွင်းတွေ။ ခါးတူးနေတဲ့ တန်းဆင်းဇုန်တွေ။ လက်ခုပ်သံတွေဟာ
ငါ့အတွက်မဟုတ်ခဲ့ဘူး။ ငါ့မှာနေလောင်တံဆိပ်နဲ့ ဦးထုပ်တစ်လုံးရှိတယ်။ ငါ့မှာ ချွေးထွက်လွန်
နေ့စွဲတွေရှိတယ်။ အဘွားက ကျန်းမာရေး ဂရုစိုက်တဲ့။ အမေက ဖုန်းမကြာမကြာဆက်တဲ့။
ငါက ပိုက်ဆံခဏခဏ ပြတ်တယ်။ ရရစားစားဝါးဝါးမြိုမြိုတွေ။ ရေလိုဝယ်သောက်ရတဲ့
အဆင်မပြေမှုတွေ။ ငွေလိုတန်ဖိုးရှိတဲ့ရောဂါတွေ။ မိုးဦးလေသံတွေကြားတိုင်း မိုးလုံလေလုံတွေ
အားကျတယ်။ စိတ်တစ်ခြမ်းက လယ်ခင်းထဲလေချွန်မိတဲ့အခါ၊ နောက်စိတ်တစ်ခြမ်းက
ဘက်စ်ကားထဲ ပင့်သက်မှုတ်မိတဲ့အခါ ရေးလက်စကဗျာတစ်ပုဒ်ဟာ ပျက်ကျသွားတော့တယ်။
၆။
( ရင်ခြစ်ရာတွေ )
နေရောင်ကို ကျောမှာစိုက်တာတောင် ဘာအပင်မှမပေါက်ဘူး။ မိုးဥတုမှာ မိုးအတုတွေ
သည်းလွန်းတယ်။ မျက်ရည်ရောင်းတဲ့ ရေခဲချောင်းသည်လေနဲ့တိုက်မိ။ ရယ်လိုက်ရင်
ထွက်ထွက်လာတဲ့ လူ့အဖွဲ့အစည်းရဲ့အစွယ်များ။ ရောင်းအားကောင်းနေတဲ့ ကိုယ်ကျိုးကြည့်
ဒီဇိုင်းမျိုးစုံ။ မြင်ကွင်းတွေ ဝါးဝါးလာ။ ကိုယ့်ဒီဂရီနဲ့ကိုယ် အနီးမှုန်/အဝေးမှုန်နေကြသူများ။
ငှက်ပျောပင်ဟာ ငှက်ပျောခိုင်ကြောင့်အပိုင်းခံရသလိုမျိုး ခန္ဓာအပင်ပေါက်ဗေဒ။
အမြဲနေတဲ့အိမ်ဟာ သံသရာပေါ့။ ခွေးလေခွေးလွင့် ၊ လူလေလူလွင့်၊ စိတ်လေစိတ်လွင့်များ။
လစ်တာနဲ့ ဝင်လာကြတော့တာပဲ လက်မည်းကြီးတွေ။ ညှော်နံ့၊ ဆိုးဆေး၊ ဘေးထွက်ဆိုးကျိုး၊
ဟွန်းသံ၊ လူမှုဆက်ဆံရေး၊ ဂျင်းပင်န်ယဉ်ကျေးမှု၊ မိတ်ဆွေအတု၊ ထောင်ချောက်အစစ်၊
ကူးစက်ဗိုင်းရပ်စ်၊ ဂလိုဘယ်လ်၊ ဆိုရှယ်၊ ကီးအမျိုးမျိုးနဲ့ အခိုးအငွေ့။ ရှေ့မှာကွေ့ရှိသည်။
ဝါစိမ်းနီဖက်ရှင်။ ပန်းသီးကဓားသွားကိုမျှားတယ်။ ဒီနေ့က မနက်ဖြန် ကို မျှားတယ်။
ငွေကြေးကလူကို မျှားတယ်။ လူဟာ မျှားလို့အကောင်းဆုံးငါး။ တစ်ဘဝလုံး မျှားထားခဲ့တဲ့
အိပ်မက်တွေ ပုပ်သွားတယ်။ တစ်ဘဝလုံးမျှားထားတဲ့ မျှော်လင့်ချက်တွေ ပုပ်သွားတယ်။
ပြဇာတ်ကပါးပါး မျက်ရည်ကထူထူ။
၇။
(ပွက်ပွက်ဆူနေတဲ့ညနေ)
ရောက်နေတဲ့သက္ကရာဇ်ကနေ ရွေ့နေတဲ့ဘဝကို ဖီးသင်ချလိုက်တယ်။ ခရီးမိုင်တွေ
တစ်ထွေးကြီး။ ဆံပင်တွေကျွတ်သလိုမျိုး တစ်ယောက်ပြီးတစ်ယောက်ပျောက်ပျောက်သွားတာ။
သီချင်းကမဆုံးသေးဘူး ဘတ္တရီကဒေါင်းသွားတာ။ ကိုယ့်ရှင်သန်ခြင်းကို ကော်ဖီလိုဖျော်ပြီး
တစ်ပါးသူကို ဧည့်ခံမိတာ။ ဝန်ရိုးစွန်းဆန်တဲ့ အထီးကျန်မှုမှာ တစ်ကိုယ်ရေအေးခဲနေတာ။
အိမ်ပြန်ချိန်စာသားဟာ လမ်းခုလတ်မှာ အစိပ်စိပ်အမွှာမွှာ ကြေမွသွားတာ။ ရှင်လျှက်သေနေတဲ့
နာမည်တွေ ပိုမိုထူထပ်လာတာ။ စိတ်မီးတောင်။ ကိလေသာချော်ရည်ပူများ။ ပါးစပ်ပြဲပြဲနာရီတွေကပဲ
အမြည်းတစ်တုံးလို လူတွေကို ရယ်ရယ်မောမော စားသုံးသွား။
၈။
( ဖြတ်လျှောက် )
တစ်ဖက်စောင်းနင်းများ။
ပြီးတော့ နောက်ထပ် တစ်ဖက်စောင်းနင်းများ။
ချစ်စွာသော ဆောင်းနှင်းပွင့်လေးရေ...
အကောင်းစားလရောင်က ငါတို့ အိမ်ခေါင်မိုးပေါ် မရွာခဲ့ပါဘူး။
နွေလယ်နေ့ခင်းရဲ့သစ်ကိုင်းခြောက်ကျိုးသံဟာ ငါတို့ ပဲ။
ဘဝက တစ်မတ္တာ သီချင်းကိုဆိုတော့ ငါတို့က ရေဗွက်ပမာဗုံတွေတီးတယ်။
အားလုံးဟာ အမှုန်အမွှားပဲ။
စားမိတဲ့အသားက အရိုးစူးပြီး
လွှတ်ခဲ့တဲ့ငါးကိုတော့ သေခြင်းတရား က မျှားသွားတယ်။
'နေ့စား' တစ်ယောက်လို ကိုယ့်ကိုယ့်ကိုယ် မပိုင်တော့ဘူး။
လေထဲ သစ်ရွက်ကလေး ဝဲပျံသွားပုံ။
ဒါလေးပဲ။
၉။
ငါ့မှာ ရန်ကုန်ခါးခါး ရှိခဲ့
ငါဟာ လွင့်နေတဲ့လေ
ငါ့မှာ စုထားတဲ့မျက်ရည်တွေ အများကြီး
ငါဟာ နီယွန်ရောင်ဟွန်းမျောရှည်
ငါဟာ ဘဝကို ရင်ဘတ်နဲ့ထိန်းပြီး ကန်ခဲ့ရ
ငါ့မှာ ရင်ခြစ်ရာတွေ ဗရပွ
ပွက်ပွက်ဆူနေတဲ့ ညနေထဲ
ငါဟာ ဖြတ်လျှောက်မျှပါပဲ
- လင်းလက်တာရာ
23.2.2016
Tuesday, February 23, 2016
Friday, February 19, 2016
'ခင်ဗျားတို့ ရှို့လိုက်တဲ့တောမီးက ကျွန်တော့်စိတ်ကူးထဲက တောအုပ်လေးကို မလောင်ကျွမ်းနိုင်'
'ခင်ဗျားတို့ ရှို့လိုက်တဲ့တောမီးက
ကျွန်တော့်စိတ်ကူးထဲက တောအုပ်လေးကို မလောင်ကျွမ်းနိုင်'
ဘာသာစကားရဲ့လျှပ်စီးပတ်လမ်းကြောင်းမှာ ကဗျာဟာစီးနေတယ်
ရွေ့ နေတဲ့ တိမ်တွေကို အိမ်မက်ထဲထည့်ပြီး ပိတ်လိုက်တယ်
အိပ်မက်ပါတရွေ့ရွေ့ ပျံသန်းသွား
စိတ်နဲ့ရေးတဲ့မင်တွေ အရာထင်ခဲ့ရုံမက ဖျက်လို့တောင်မရခဲ့
ရွှေမြို့တော်ကြီးဟာ ခြတောင်ပို့ကြီးလိုတမြေ့မြေ့ တစ်စပြင်လိုတိတ်တိတ်ဆိတ်ဆိတ်
သက်တံ့ဟာ ရုတ်တရက်ကိုယ်ရောင်ဖျောက်ပစ်လိုက်ပြီး
သူမဆံနွယ်တွေပေါ် စကားပန်းလေးအဖြစ်လာပွင့်ပြနေတယ်လို့ရေးပြီး လုံးချေမိ
ချစ်ခြင်းမေတ္တာရဲ့မြေဆီလွှာဟာ ငါ့အမြစ်တွေဆီ မလာတော့
ငါအမြစ်တွေကပဲ ချစ်ခြင်းမေတ္တာရဲ့မြေဆီလွှာဆီ သွားရတာပေါ့
အရွက်တဖားဖားနေ့ရက်တွေ အလဟဿ ကြွေကျခဲ့ရပါတယ်
ပျော်စရာထုတ်လုပ်ဖြန့်ဖြူးရေးဒေါ့ကွန်းမှာ ငါနဲ့တော်တဲ့ဒီဇိုင်းရှာမတွေ့ဘူး
ကွက်လပ်အကြီးကြီးထဲမှာ ကွက်လပ်သေးသေးလေးတွေအပြည့်
ကိုယ်တိုင်ကွက်လပ်ဖြစ်ရတဲ့ အရသာ
ငိုချင်းရှည် wi-fi ကို ကပ်သုံးနေတဲ့သူတွေ တော်တော်များတဲ့မြို့ပြ
သမိုင်းတစ်ခုနဲ့တစ်ခု အကူးမှာ နိုင်ငံတော်ကြီး လက်ပစ်ကူးနေ
လောက်တက်နေတဲ့လုပ်ဇာတ်မှာ မိန့်ခွန်းအပုပ်အစပ်တွေ
ဖြစ်ရပ်မှန်ဟာသတွေဟာ အဆီရွှဲနေတဲ့ပါးစပ်ထဲဝင်သွားတယ်
ပါးစပ်ထဲမှာ ဘူဒိုဇာတွေအပြည့်နဲ့ ကျောက်စိမ်းတွင်းကြီး
နေတွေခြစ်ခြစ်တောက်ပူနေတဲ့ ကားလိပ်ကြီးကျလာတယ်
မိုးတွေသဲသဲမဲမဲရွာနေတဲ့ ကားလိပ်ကြီးကျလာတယ်
နှင်းတွေတဖွဲဖွဲကျနေတဲ့ ကားလိပ်ကြီးကျလာတယ်
အဲဒီကားလိပ်ကြီးသုံးလိပ်ကြားထဲ လိပ်လိပ်ပြီးပါသွားကြ တလိမ့်ခေါက်ကွေး
အညံ့ဆုံးဆက်သွယ်ရေးဆိုတာ
သေနတ်ပြောင်းဝတွေကနေ အသက်ဇီဝတွေဆီ ဆက်သွယ်ခြင်းပဲ
မျက်ရည်တံတားကို တည်ဆောက်ခဲ့ကြသူများ
မျက်ရည်တံတားပေါ် ဖြတ်လျှောက်ခဲ့ကြသူများ
မျက်ရည်တံတားရဲ့ဟိုဘက်မှ ရှု့မျှော်ခင်းများ
မျက်ရည်တံတားရဲ့ဒီဘက်မှ ဘဝများ
မျက်ရည်တံတားပေါ် ပန်းလေးတစ်ပွင့်ပွင့်နေပုံများ
မျက်ရည်တံတား ကျိုးကျသွားပုံများ
ကဗျာတစ်ပုဒ်ဟာ လူ့အဖွဲ့ အစည်းထဲမှာ ပိတ်မိနေ
တခြားကဗျာတစ်ပုဒ်ကတော့ လူ့အဖွဲ့အစည်းထဲကနေ လွတ်မြောက်နေ
ဘာသာရေးလူမျိုးရေးမြစ်ကြီးထဲ လူတွေအစုလိုက်အပြုံလိုက်ကြီး မျောပါနစ်မြုပ်နေ
ပင်လယ်ဓားပြတစ်ယောက်ရဲ့ အိပ်မက်ဟာ ရတနာသိုက်ပဲ
ကလေးစစ်သားလေးတစ်ယောက်ရဲ့အိပ်မက်ရွက်သစ်လေးမှာတော့ ပိုးစာပေါက်တွေ
အာဏာရှင်လမ်းမကြီးပေါ်မှာ လူ့အခွင့်အရေးတွေ တစ်စီးပြီးတစ်စီး တိမ်းမှောက်နေ
' မင်း ငါ့ကို ခိုးယူသွားခဲ့တယ်
ငါ့ကိုယ်ငါပြန်ယူဖို့ ဒီကိုရောက်လာတာ' ဆိုတဲ့ ဂျက်စပဲရိုးဟာ ငါတို့နဲ့ခပ်ဆင်ဆင်
လူတွေက ငါးမန်းသားစားတယ်
ငါမန်းတွေက လူသားစားတယ်
သဘာဝတရားကြီးဟာ ချစ်ဖို့ကောင်းပါတယ်
ကမ္ဘာကြီးရေ ကက အာကာသကြီးရေ ကက
အိပ်ရာဝင်ပုံပြင်တွေမှတဆင့် ကွန်တမ်ပိုရာရီခေတ်ပြိုင်ဆီ
' ဒီချောက်ကြီးထဲ ခုန်ချလိုက်ရင် ရန်ကုန်ကိုရောက်မှာလား '
ဝါကျရှည်ကြီးတစ်ကြောင်းဟာ လည်ပင်းမှာလာပတ်နေ
အောက်ဆီဂျင်အသစ်တွေလိုချင်လို့
'ပြည်သူလူထုဟာ စောက်ချဉ်မဟုတ်ဘူး' ဆိုတဲ့သစ်ပင်တွေ စိုက်ခဲ့ကြတာ
နှစ်ရှည်လများ အကျဉ်းချခံထားရတဲ့ နိုင်ငံတော်ကို
လုံခြုံရေးအထပ်ထပ်ချထားတဲ့ကြားကနေ အရှင်လတ်လတ်ကယ်ထုတ်ခဲ့ကြတာ
ကဗျာရဲ့လျှပ်စီးပတ်လမ်းကြောင်းမှာ ဘာသာစကားဟာစီးနေတယ်
လင်းလက်တာရာ
20.2.2016

Monday, February 8, 2016
ရွှေ့ပြောင်းအလုပ်သမားများ
' မင်းဒုက္ခတွေက မင်းအနားမှာ ပတ်ချာဝိုင်းနေတော့
မင်းကိုတောင် မမြင်ရတော့ဘူး '
' မင်းလည်းဘာထူးလို့လဲ
မင်းကိုယ်ပေါ်မှာ ဆူးတွေချည်းပဲ '
ငါတို့အသံကို ငါတို့နိုင်ငံက ကြားပါစ
လင်းလက်တာရာ
8.2.2016
သံလိုက်အိမ်မြှောင်
သံလိုက်အိမ်မြှောင်
.......................
မြောက်အရပ်ကို ညွှန်မပြဘူး
မြောက်အရပ်မှာ မိသားစု ချစ်ခြင်းတရားနဲ့ ပွဲတော်တွေ ရှိမရှိ သူမသိ
တောင်အရပ်ကိုလည်း ညွှန်မပြဘူး
တောင်အရပ်မှာ ငွေကြေး ဘုရားသခင်နဲ့ စစ်ပွဲတွေ ရှိမရှိ သူမသိ
အရှေ့အရပ်ကိုလည်း ညွှန်မပြဘူး
အရှေ့အရပ်မှာ ရတနာသိုက် အသားစားသတ္တဝါများ နဲ့ သုခဘုံ ရှိမရှိ သူမသိ
အနောက်အရပ်ကိုလည်း ညွှန်မပြဘူး
အနောက်အရပ်မှာ မသေဆေး အငတ်ဘေးနဲ့ သေခြင်းတရား ရှိမရှိ သူမသိ
အရပ်ရှစ်မျက်နှာစလုံး ညွှန်မပြဘူး
အရပ်ရှစ်မျက်နှာမှာ ဘာတွေ ရှိမရှိ သူမသိ
သူဟာ ရိုးရိုးသားသား သံလိုက်အိမ်မြှောင်အစုတ်ကလေးပါပဲ
ကမ္ဘာကြီးမှာတော့ အရပ်မျက်နှာအမှားကြီးပေးတတ်တဲ့ သံလိုက်အိမ်မြှောင်တွေအများကြီး

Subscribe to:
Comments (Atom)