လူဦးရေ သန်း '' '' ကျော်ဆံ့တဲ့ FORM ထဲ '' '' တွေ ရိုက်သွင်း
____________________________________________
မျက်တောင်အဖွင့်အပိတ်ထဲမှာ ' မိမိအမြင်' ဖြည့်ပါ
' မိမိအမြင် ' ဟု ဆိုရာမှာလည်း သူတပါးအမြင်လည်း ဖြစ်နိုင်ပါတယ် ထည့်ပါ
ကျော်မကောင်းကြားမကောင်းကြီးကို နားတောင်းပန်
ခေါင်းပေါ်ရွက် ပခုံးနဲ့ ထမ်း လက်ဆင့်ကမ်း သယ်ဆောင်
ကျောသားရင်သားခွဲခြားတာမဟုတ် ၊ အရွေခွံ ခွာစုတ်တာပါ ဟက်ဟက်
အစပ်အဟပ်ဆိုတာ ဘဏ်ကဒ်ထဲကနေ အသစ်ကျပ်ချွတ်ကြီး
မီးဖွားလာတာတော့ ဘယ်ဟုတ်မလဲ၊ ဟုတ်လည်း ဟုတ်နိုင်ပါတယ်
တုံးအောက်ကဖား ပြားတဲ့ဖားလည်း ပြား ဖောင်းတဲ့ဖားလည်း ပြား အာဟ အာဟ
အာ ! ဟ နေပြန်ပြီ အတ္တဘောကြီးကို ပြန်စေ့
' ငါ ' ဟာ ဖဲ့ထုတ်လှီးဖြတ်ဖို့ ခက်တဲ့ အသားပို / လား
' ငါ ' ဟာ ဗိသုကာတစ်ခုလို မဟာမိတ်နည်းပညာနဲ့ 
ပေါင်းစပ်တည်ဆောက်ထားတဲ့ ကဝိပစ္စည်း / လား
' ငါ ' ဟာ ဗိုင်းရပ်စ်ကူးစက်ခံ စိတ်ဆဲလ် အဖွဲ့ အစည်း / လား
ဒီဆက်တင်ကြီးကိုပဲ မရိုးနိုင် မအီနိုင် တင်ဆက် ပြသ ဖတ်ရှု ခံစား သုံးသပ်
ကဗျာဟာ ထိုးသွင်းဒဏ်ရာ '' '' ချက်နဲ့ သွေးအိုင်ထဲ လဲနေတယ်
ဒီမျက်တောင် အဖွင့်အပိတ်ထဲမှာလည်း အရေအတွက် ကွဲပြားခြားနားနိုင်ပါတယ်
ကွဲပြားခြားနားခြင်းမှ ဗူးပေါ်သလို ပေါ်လာသူ သက်တံ့ကလေး
မျက်တောင် အဖွင့်အပိတ်ဆိုသည်မှာ '' မျက်တောင် တဆုံး ' ဖွင့်' ကြည့်ပါ
မျက်တောင်တစ်ခတ် ' ပိတ်' မကြည့်ပါနဲ့ ''
ဘာသာစကားရဲ့ အရပ်ဒေသအသီးသီးမှ ယဉ်ကျေးမှု အမျိုးမျိုး
အဖူးအငုံအပွင့် အသီးအစေ့အညှောင့် သစ်မြစ်သစ်ဥသစ်ဖု
အကိုင်းအခက်အလက်အရွက်အညွှန့် စသဖြင့်
မြစ်ပွားနာဟာ မြေသားနက်နက်ထဲကို အဝီစိတွင်းတူးသလို တဂီးဂီး
သတ္တုရောင်ပြောင်လက်လက် အာဏာမိလ္လာကြောကြီး ပန်းထွက်လာ
ရယ်စရာ ကင်မရာ ၃၆၀ ဝတ်ဆင်ထားတဲ့ မျက်နှာတွေ ခွိခွိ
ရန်ကုန်စပယ်ယာလို ဗြစ်ခနဲထွေးလိုက်တဲ့ ကွမ်းတံတွေးဟာ အချစ်လား
လှိုင်းသံကြားလို့ ဝင်ခါနီး နေလုံးနီနီကြီးကိုပါ ကြက်ဥလို ကြော်ပစ်လိုက်တယ်
ဒီနေရာမှာ အတွေးကို ကစားမယ်
နေလုံးနီနီကြီးကို ကြက်ဥကြော်ထဲက ပြန်ထုတ်မယ်
အနောက်မိုးကုတ်ကနေ အရှေ့ စက်ဝိုးဆီ အိပ်စ်ပို့ စ် ပြန်လုပ်မယ်
ပြန်ယူမယ် ပြန်ပို့ မယ် ဝင်ချည်ထွက်ချည် လုပ်ခိုင်းမယ် တန့် ခိုင်းမယ်
မောရင် နေလုံးနီနီကြီးကို ခွ စီးပြီး မြက်ခင်းစိမ်းစိမ်းမှာ ကျောင်းမယ်
နောက်၊ အော်ချင်တာတွေကို အော်ပြီး ပုလင်းထဲစုထည့်
အဖုံးလုံအောင်ပိတ်၊ လှိုင်းသံတွေ ရှိရာ ပစ်ထည့်လိုက်ရုံပါပဲ
ရေသူမတောင် အိပ်မက်ထဲ ခွေခေါက်ပါလာနိုင်ပါတယ်
ငါးမျှားတွေဟာ လျှာတွေဆီ မလာတော့ဘူး၊
လျှာတွေကပဲ ငါးမျှားတွေဆီ သွားရည်တမြားမြား သွားတွား
အခန်းတံခါးကို ရုတ်တရက်က လာခေါက်မှ စားပွဲပေါ်
မျှော်မှန်းလစာတွေ ကျန်ခဲ့တာ သတိရတယ်၊ သူ့ နည်းဗျူဟာထဲမှာ
ကိုယ့်ရိုးရိုးသားသား VIEW တွေ တိမ်းစောင်းမှောက်ကုန်တယ်
လက်ဖဝါးထဲ မီးပွားတွေ ထည့်ချေမိတဲ့အထိ ကူးမိတဲ့စိတ်
စကားလုံးတွေကိုထမ်းပြီး ဟိုဘက်ကမ်းမှ သည်ဘက်ကမ်းသို့ ကူးမိတဲ့စိတ်
ဆံပင်တွေ ဒုစရိုက်ရှည်လာတယ် လက်သည်းခြေသည်းတွေ
ကတ္တရာလမ်းမကြီးလို ဆန့် ထွက်လာတယ်
တိုတိုဝင်နေတဲ့ ပူပူနွေးနွေး ဖင်စီခံ လူ့ ဘဝလေး
တဖြည်းဖြည်း အဖြူထည်လေး လုံးပါးပါး ပျောက်ကွယ်သွားပုံလေးကို
ကွန်ပျူတာထဲထည့် စခရင်ပေါ် ဖြဲယဲရှာ
ခေတ်စနစ်အဆင့်မြင့် အဆောက်အအုံကြီးအတွက် လူသားတွေဟာ
အုတ်ကြားညပ်နေတဲ့ သဲတွေ ၊ သစ်ခွဲရုံပါးစပ်ပြဲကြီးထဲက လွှစာမှုန့် တွေ
' ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ' ကို ပင်စည်ကနေ ကိုင်လှုပ်ကြည့်တယ်
' ရှဥ့်လည်းကိုက်တယ် ပျားလည်းတုတ်တယ်' တွေ ကြွေကျလာတယ်
မစင်လူးထားတဲ့လက်ကြီးနဲ့ ငါတို့ မြစ်ကို လာမခူးနဲ့ 
နာဆာက မြင်နိုင်ပါတယ် နာဆာက မမြင်နိုင်ပါဘူး
အိမ်တွင်းရေးအရှုပ်ထုပ်ကြီးကို မိတ်ကပ်ထူထူလိမ်းပေးပြီး
ဘာရတု ညာရတု စင်ပေါ် ခပ်တည်တည် တင်ပေးလိုက်ကြတယ်
လက်ခုပ်သံတွေဟာ လက်ခုပ်ထဲက ရေတွေပေါ့
တည်ခင်းဧည့်ခံထားတဲ့ ညစာထဲမှာ
ကြက်အသည်း ဝက်အသည်းတွေ /မဟုတ်ဘူး
ခြေသည်းလက်သည်းတွေ
လင်းလက်တာရာ
1.8.2013
(Faces မဂ္ဂဇင်း ၊နိုဝင်ဘာ၊ ၂၀၁၃)