Tuesday, May 23, 2017

ပန်းဆိုးတန်း၊ ကျိုက်​ထီးရိုးတောင်ပေါ်နဲ့ မြစေတီကျောက်စာ

ပန်းဆိုးတန်း၊ ကျိုက်​ထီးရိုးတောင်ပေါ်နဲ့ မြစေတီကျောက်စာ
___________________________________________

ကွန်ဆက်ကျူရယ်ဆန်ဆန် ချိတ်ဆက်မိ ၊
ကျောရိုးဆစ်တွေလို ပြုတ်ထွက်မသွားမီ
ရှေးရေစက်ကို မျက်ကြည်လွှာထဲထည့်မိတော့
မြင်မြင်သမျှဟာ ရှေးရေစက်တွေချည်းပဲ
အရသာမဲ့မဲ့မော့ကြည့်ခဲ့ရတဲ့ တိမ်တွေကို အရသာရှိရှိ ငုံ့ကြည့်
ကြေကြေကွဲကွဲ မော့ကြည့်ခဲ့ရတဲ့ တောင်တွေကို ပျော်ပျော်ရွှင်ရွှင် ငုံ့ကြည့်
ရိုလာကိုစတာဘဝသံသရာ၊ သမိုင်းထဲက ရာဇကုမာရမှတဆင့် လှည်းတန်း
လှည်းတန်းမှတဆင့် ကွန်တမ်ပိုရာရီပန်းဆိုးတန်းဆီ
ကျီးပါးစပ်လိုဏ်ဂူထဲ မျှော်လင့်ခြင်းအကြွေစေ့တွေပစ်ထည့်
ပြန်ကျလာ၊ လိုက်ကောက်၊ မဝင်မချင်းပြန်ပစ်ထည့်
နောက်ဆုံးမျှော်လင့်ခြင်းအကြွေစေ့ဟာ ငါဖြစ်နေ
မင်္ဂလာပါ နေရောင်အောက်မှာ ရွှေတောင်ကြီးပေါက်နေပါသောပုဂံ
Google map ကိုဖွင့် E-bike တစ်စီးနဲ့ ရွက်လွှင့်
ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ မင်းအိုချမ်းသာ၊ ဗူးဘုရားနဲ့ တန့်ကြည်တောင်
အငေးထဲ သောင်ထွန်းနေတဲ့ ရာဇဝင်များရဲ့အိမ်ရှေ့စံမင်းသား ဧရာဝတီ
သမိုင်းနဲ့ယဉ်ကျေးမှုရနံ့တွေ သင်းနေအောင်ရိုက်ထားတဲ့ ဆယ်ဖီ
သစ်ရိပ်ဝါးရိပ်နဲ့ တရားဓမ္မဆီ၊ လူငယ်နဲ့ လွတ်လပ်ပျော်ရွှင်မှုဆီ
ရန်ကုန်ဆီမှ ကုန်းထရုန်းကြွနေတဲ့ ဒီမိုကရေစီ၊
လောကဓံဒဏ်ရာအနာတရတွေထဲ စိမ့်ဝင်အောင်လိမ်းဖို့
ကျိုက်​ထီးရိုးတောင်ပေါ်က တောင်ဆိတ်ဆီ
စစ်ရောစစ်ရဲ့လား စစ်ရောစစ်ရဲ့လား၊ စစ်တွေကတော့အစစ်တွေပါပဲ၊
ကျန်စစ်သားလိုဏ်ဂူတော်ထဲက နံရံဆေးရေးဟာ ချစ်ခြင်းတရားထဲထိ လာရေး
ဘဝအသိအမြင်တွေထဲထိ လာရေး၊ တကယ်ပါ
မင်းနှလုံးသားထဲက Sunset ကိုမြင်ရဖို့ သုံးနှစ်သုံးမိုးစောင့်ခဲ့ရတာ
မင်းနှလုံးသားထဲက Sunset ကို
သုံးမိနစ်စာလောက်မြင်ရဖို့ သုံးနှစ်သုံးမိုးစောင့်ခဲ့ရတာ
မျက်ဝန်းချောက်ကမ်းပါးကနေ ရှေးရေစက်တွေ
တစ်စက်ပြီးတစ်စက် ခုန်ချသွား

လင်းလက်တာရာ
28.4.2017

No comments:

Post a Comment