Tuesday, July 29, 2025

ဒိန်ခဲ ကြွက်နဲ့ ထောင်ချောက်

ဒိန်ခဲ ၊ ကြွက်နဲ့ ထောင်ချောက်
............................................

ဒိန်ခဲလေးမြင်ပြီး
ထောင်ချောက်ထဲ ပြေးဝင်
ကြွက်လို စောက်မှတ်မရှိ

ကိုယ့်ကျိုးကြည့်တွေအတွက်
ဘယ်သစ်ရွက်ကမှ
အောက်ဆီဂျင် ထုတ်ပေးချင်မှာ မဟုတ်

ကြည့်စမ်း
ငါတို့ကို ပယ်ပယ်နယ်နယ် ခူးဆွတ်နေကြတဲ့
မထူးဇာတ်နဲ့ ဘီလူးတွေ

ဘယ်နွေက အပူဆုံးလဲ ဆိုရင်
လူ့အခွင့်အရေး ဆုံးရှုံးနေတဲ့ နွေက အပူဆုံးပဲ

ဘယ်တန်ဖိုးကျတာက အနာဆုံးလဲ ဆိုရင်
လူသားတန်ဖိုး ကျတာက အနာဆုံးပဲ

အသက်ကို ဘာနဲ့ ထုပ်ထုပ်
ပေါက်ကျနေမယ့်အတူတူ
အသက်ကို အသက်နဲ့ လောင်းကြေးထပ်
လူသားဆန်တဲ့ အနာဂတ်ကို
ယုံကြည်ချက်နဲ့ ထုဆစ်ကြရုံပေါ့

အမိုက်စားဖက်ရှင်တွေနဲ့ လန်းနေတဲ့ ကမ္ဘာမှာ
ငါတို့ဝတ်ဆင်ထားရတာက ခေတ်ပြဲခေတ်စုတ်ကြီး

ရနံ့တွေကို မနာလိုလို့
ပန်းတွေကို ဓားနဲ့ ပိုင်းသတဲ့
ရိုင်းလိုက်လေခြင်း

လူ့ဖြစ်တည်မှုတွေ စျေးကြီးပြီး
လူ့ဖြစ်တည်မှုတွေ တပြိုင်တည်း စျေးပေါလွန်း နိုင်ငံမှာ
ငါတို့နေထိုင်တယ်

ဘယ်ချို့တဲ့ခြင်းက အဆိုးဆုံးလဲ ဆိုရင်
နှလုံးသား အာဟာရ ချို့တဲ့ခြင်းက အဆိုးဆုံးပဲ

ခဲဖျက်တွေဟာ အမှန်တရားကို
ကွယ်ပျောက်သွားအောင် မဖျက်ဆီးနိုင်ပါ

မြူတွေ ဘယ်လောက်ပဲ ဆိုင်းဆိုင်း
သမိုင်းရဲ့မျက်လုံးကတော့ အဖြူအမည်း သဲကွဲစမြဲ

ဟော့ဒီ မြေကမ္ဘာမှာ
ဘယ်လောက် ကြမ်းတမ်း မြင့်မား မတ်ဆောက်တဲ့
"အာဏာတောင်"ပဲ ဖြစ်ဖြစ်
တော်လှန်ရေးရဲ့ခြေဖဝါးအောက် ဒူးထောက်ခဲ့ရစမြဲ
ခေတ်အဆက်ဆက် 

လင်းလက်တာရာ

Sunday, June 22, 2025

ဖန်ပုလင်းထဲက ကြယ်ကလေးတွေ

ဖန်ပုလင်းထဲက ကြယ်ကလေးတွေ
.....................................................


မင်းကတော့ မတော်တဆ တိုက်ချမိရုံပါ
ငါ့မှာ အစိပ်စိပ်အမွှာမွှာ ကျကွဲရ


လင်းလက်တာရာ
6.25


Sunday, May 11, 2025

နားထင်ကို ကဗျာနဲ့ တေ့ထားတဲ့ ကဗျာ

ဘယ်လို ဟာသကြီးလဲ
အပေါ်ယံ အရေပြားဆန်မှုတွေက စျေးကြီးသလောက်
လူ့အသက်ကျ စျေးချိုတယ်
အာဏာမီးတောင်က မထင်ရင် မထင်သလို ထ ထ ပေါက်တယ်
ငါတို့ဟာ အာဏာမီးတောင်ဘေးက ရွာတွေပဲ
လူ ဖြစ်ရတာ တန်သလား 
ရေခဲရိုက်ခံထားရတဲ့ ရှင်သန်ခြင်းတွေ
တံစို့ထိုး အကင်ခံထားရတဲ့ ဖြစ်တည်မှုတွေ
သွေးမြစ်ကြီးထဲ မရပ်မနား ကူးခတ်နေရခြင်းတွေ
အခု ဖြတ်သန်းနေရတဲ့ သန်းခေါင်က မိုက်တွင်းပိုနက်တယ် 
အာရုဏ်ဦး ၊ နှလုံးသားချင်း ကူးမှလှတဲ့ လင်းပွင့်မှုတွေ
ရင်ထဲမှာလောင်နေတဲ့ မီးက အပူဆုံးပဲ
တောက်ခေါက်သံတွေဟာ ခေတ်ဆိုးစနစ်ဆိုးရဲ့ရော့ခ်ဂီတ
ကျစ်ကျစ်ပါအောင် ဆုပ်ထားတဲ့ လက်သီးတွေဟာ
လူ့အဖွဲ့အစည်းရဲ့ မက်တဖာ ခါးခါး
စိန်ထက်မာတဲ့ စိတ်ဓာတ်သားခမျှာ
မေတ္တာတရားနဲ့တွေ့တဲ့အခါ အရည်ပျော်ကျရရှာ
ဦးနှောက်နဲ့ ရွေးမိတဲ့ လမ်းက ရွံ့နွံတွေချည်းပဲ
နှလုံးသားနဲ့ လျှောက်မိတဲ့ လမ်းက ဆူးချွန်တွေချည်းပဲ
မမြဲခြင်းတရားဟာ ငါတို့ ရှုနေတဲ့ လေ
ပွဲတော်ထဲ စက်ရုပ်ဆန်ဆန် နွှဲပျော်ကြ
ပုထုဇဥ်အသားနဲ့ ထုထားတဲ့ ပန်းပုရုပ်တွေဆိုတော့ ထိလွယ်ရှလွယ်
သတိ ၊ ကျကွဲလွယ်သည် ပုံ/နိုင်ငံရေး
သစ္စာတရားထက် မွှေးတဲ့ပန်း ကို တွေ့ဖူးပါသလား
အိပ်မက်ကို ဒီအတိုင်းပစ်ထားတာတောင် အပင်ထပေါက်တယ်
အခိုးခံလိုက်ရတဲ့ ဒီမိုးက ရေစီးသံလေး
လူသားပီသစွာ နေခွင့်ရခဲ့တဲ့ နှစ်ကာလလေး ၊ လွမ်းဖွယ်
AK-47 နဲ့မှ မဟုတ်ဘူး 
တံတွေး နဲ့ ထွေးရင်လည်း သေတယ်
အိမ်ပြန်ချင်စိတ်ဟာ အိမ်မရှိတော့တဲ့ အိမ်ဖြစ်သွားတယ်
မိသားစုဟာ အစိပ်စိပ်အမွှာမွှာ ပြန့်ကျဲသွားတယ်
ရှင်လျှက်နဲ့ သေဆုံးနေသူတွေ ရဲ့အပုပ်နံ့
သမိုင်းတရားခံဟာ သူ့နိုင်ငံနဲ့ သူ့ကိုယ်သူ နေ့စဥ် လုပ်ကြံတယ်
လူငယ်ဆိုတာ အမှန်တရားနဲ့ ပတ်သတ်ရင်
ကျောက်ဒိုးကိုလည်း လောက်စာလုံးနဲ့ ယှဥ်ပေါက်ရဲသူ
ဘယ်လောက်အထိ မှောင်ဦးမလဲ
အာဏာပိုက်ကွန်ထဲက ရုန်းထွက် လွတ်မြောက် 
တောက်ပနေကြတဲ့ ကြယ်တွေ

လင်းလက်တာရာ
2025

Monday, September 9, 2024

မိုးအေးအေးကို ကော်ဖီထဲ ထည့်ဖျော်ခြင်း


တိမ်တွေက လမ်းပေါ်  စီးကျနေတယ်
မျက်ရည်ဟာ အပူတစ်ဝက် အအေးတစ်ဝက်
လူငယ်ဘဝရဲ့နေရောင်တွေ ကြိုချက်ခံထားရ
ပွက်ပွက်ဆူနေသော ရှင်သန်ခြင်းများ
တချိန်က ရိုင်းစိုင်းသော လှိုင်းတပိုးများဟာ
အခု မျက်နှာကို လာနမ်းတဲ့ မိုးစက်မိုးပေါက်တွေပေါ့
လောကဓံဓားအိမ်ထဲ ဓားတစ်ချောင်းလို 
ဝင်လိုက်ထွက်လိုက် ဘဝတွေ
ဖတ်လက်စ ကဗျာတစ်ပုဒ်က 
ငါ့ကို လာသောက်တယ် ငါလည်း ကော်ဖီခါးခါးပဲ
ခေတ်ကြီးက ပြိုင်းနေပြီ 
စိတ်ဓာတ်သားက အမာဆုံးပဲဆိုတာ သိပြီ
ပန်းတွေ ပွင့်လာမလားလို့ ကျည်ဆံတွေကို 
ရေလောင်းနေတဲ့ ကလေးလေး
အာဏာတံဆိပ် ပဲကြီးလှော်ကြားမှာ ညပ်နေတဲ့ဆားတွေ
အသိုက်အမြုံတွေကိုမှ အမြည်းလုပ် စားချင်ကြသတဲ့
ဂန္ဓီဟာ ဖိနပ်တစ်ဖက်ကို ရထားပေါ်ကနေ ပစ်ချခဲ့တယ်
လူမမယ်ကလေးတစ်ယောက်ဟာ 
ဗုံးကြဲလေယာဥ်ကို ဖိနပ်တစ်ဖက်နဲ့ ပစ်ပေါက်တယ်
မိုးရေယောင်ဆောင်ထားတဲ့ မျက်ရည်တွေဟာ
နိုင်ငံတော်အလံကနေ လျှောကျလာတယ်
ငါတို့ဟာ မျက်ရည်ကြီးခြင်းပဲ
နိုင်ငံတော်ရဲ့ ဖြစ်တည်ခြင်းဟာ
မိုးရေထဲ ဖြတ်ပြေးနေတဲ့ လင်သေ သားပျောက်
မိခင်တစ်ယောက်လိုပဲ
ကြည့်စမ်း ဘဝဖြူ ဖြူ လေးတွေ ဖားဥ​တွေ စွဲလို့
ကော်ဖီသောက်ရင်း မျက်နှာကို ကော်ဖီနဲ့ 
အပက်ခံရဖူးသလား
မိုးတွေ ရွာနေတာ မဟုတ်ဘူး အိမ်လွမ်းစိတ်တွေ ရွာနေတာ
အိမ်ပြန်မရောက်နိုင်တော့တဲ့သူတွေဆီ
အိမ်ဟာ ရောက်လာနိုင်ပါဦးမလား
ကော်ဖီခွက်ဟာ ကွဲသွားတယ် အစိပ်စိပ်အမြွှာမြွှာ
အိမ်ခမျှာလည်း အစိပ်စိပ်အမြွှာမြွှာ


လင်းလက်တာရာ 

Tuesday, February 6, 2024

တောင်တစ်လုံးရဲ့ အက်ဆေး

#တောင်တစ်လုံးရဲ့အက်ဆေး

(က) 

အစကတော့ ကျွန်တော်က သာမန်တောင်တစ်လုံးပါပဲ။
သဘာဝအလှအပတွေနဲ့ ပြည့်နှက်နေတဲ့ ကျွန်းတစ်ကျွန်းပေါ်က 
ရိုးရိုးသားသား တောင်လေးတစ်လုံးပေါ့။
စိမ်းလန်းတဲ့ ရှုခင်းတွေနဲ့ စိမ်းညှို့နေတဲ့ တောင်လေးတစ်လုံးပေါ့။
နေထွက်ရာ အရပ်နဲ့ နေဝင်ရာ အရပ်ကြားမှာ
နိုးထလိုက် အိပ်စက်လိုက်နဲ့ 
ရှင်သန်ခြင်းဆိုတာ
သာမန် ဖြစ်ရိုးဖြစ်စဉ်လို့ တွေးထင်ထားမိတဲ့
တောင်လေး တစ်လုံးပေါ့။
သူမကို စမတွေ့ခင် အချိန်ကာလတုန်းကပေါ့လေ။

(ခ) 

သူမကို အမှတ်မထင် စတွေ့လိုက်တဲ့ နေ့ဟာ 
ကျွန်တော့်ရင်ခုန်သံတွေ ဗြောင်းဆန်သွားတဲ့ နေ့ပဲ။
သူမရဲ့ဆံနွယ်ရှည်တွေဟာ ကျွန်တော့်ကို  လာရောက်ရစ်ပတ်နေတယ်။
ဘယ်ဘဝက မြစ်ဖျားခံခဲ့တဲ့ သံယောဇဉ်တွေပါလိမ့်။
ကျွန်တော့်ရင်ဘတ်ထဲမှာ ဘယ်အချိန်ကတည်းက ကိန်းအောင်းနေမှန်း မသိတဲ့ 
အိပ်မက်တွေ၊ မျှော်လင့်ချက်တွေ ၊ဆန္ဒတွေ ၊ အာသီသတွေ ၊
ချစ်ခြင်းတရားတွေ ဟာ လှုပ်ခက်မြည်ဟီး တုန်ခါလာတယ်။
ဒါတွေဟာ တဖြည်းဖြည်း ရင့်မှည့်လာတဲ့ သစ်သီးတွေလို ကြွေကျတော့မယ့် အတိုင်းပဲ။
ကျွန်တော့် စိတ်ကို ကျွန်တော် ထိန်းချုပ်တယ် ။ အောင့်အီးတယ် ။
သိပ်ခက်တာပဲ။
ကျွန်တော်ဟာ အန္တရာယ်ကို လွယ်ထားခဲ့မိပြီ ဆိုတာတော့ သိလိုက်ပြီ ။

(ဂ) 

ဒီလိုနဲ့ ကျွန်တော်ဟာ တဖြည်းဖြည်း အရောင်ပြောင်းလာခဲ့တယ်။
ကျွန်တော်ဟာ ရိုးရိုးတောင်လေးတစ်လုံး မဟုတ်တော့ဘူး။
ကျွန်တော်ဟာ သူမစိတ်နဲ့ လောင်ကျွမ်းနေတဲ့ တောင်တစ်လုံး ဖြစ်နေပြီ။
ဘယ်မီးက အပူဆုံးလဲဆိုတော့ ရင်တွင်းမီးပေါ့။
ဘယ်မီးက အတောက်လောင်ဆုံးလဲ ဆိုတော့ ကိလေသာမီးပေါ့။
သူမကို ရူးသွပ်မိခြင်းတွေနဲ့ ရင်ဘတ်တစ်ခုလုံး ချော်ရည်ချော်ခဲတွေ ပြည့်နေခဲ့ပြီ။
ကျွန်တော် ထိန်းချုပ်တယ်။ မရဘူး ။ အောင့်အီးတယ်။ မရဘူး။
သူမကို သိပ်ချစ်တယ် လို့ ကျွန်တော် ဖွင့်ပြောလိုက်မိပြီ။
မီးတောင်ဟာ မီးတောင်ဖြစ်ကြောင်း ရင်ဘတ်နဲ့ရင်းပြီး သက်သေပြလိုက်ခြင်းပါပဲ။
သူမရဲ့အပြုံးပွင့်လေးမှာ ကျွန်တော့်စိတ်နှလုံးသား 
မျောပါသွားမိတဲ့ အခိုက်အတန့်လေးမှာပေါ့။
သူမရဲ့ပါးပြင်မို့မို့လေးဆီမှာ ကျွန်တော့်အသက်ရှူသံတွေ ထစ်ငေါ့သွားတဲ့ အချိန်လေးမှာပေါ့။
လေထဲ လွင့်နေတဲ့ လဲ့မှိုလေးလို ၊ စမ်းချောင်းလေးထဲ မျောနေတဲ့ ပန်းပွင့်ကြွေလေးလို
သူမရဲ့ရယ်သံလွင်လွင်လေးဆီမှာ လွင့်မျောနေမိတဲ့
အခိုက်ဓာတ်လေးမှာပေါ့။

(ဃ) 

ကောင်းကင်ကြီးတစ်ခုလုံး မီးခိုးတွေ ဖုံးသွားခဲ့တယ်။
တကယ်တော့ ကျွန်တော့်ဘဝ မီးခိုး ဖုံးသွားခဲ့တာပါ။
ကျွန်တော့်နှလုံးသား မီးခိုး ဖုံးသွားခဲ့တာပါ။
ကျွန်တော့်ချစ်ခြင်းတရားရဲ့မီးခိုးငွေ့တွေကြောင့် သူမ အသက်ရှုကြပ်နေပြီ။
ကျွန်တော့်ရင်ဘတ်ထဲက ပေါက်ကွဲစီးကျလာတဲ့ အတ္တချော်ရည်ပူတွေ ဟာ သူမကို ဖုံးအုပ်နေပြီ။
သွားပြီ ။ ကျွန်တော် သူမကို ဖယ်ထုတ်လို့ မရတော့ဘူး။
ကျွန်တော် သူမကို ကယ်တင်လို့ မရတော့ဘူး။ 
ကျွန်တော့်ကိုယ် ကျွန်တော်လည်း ကယ်တင်လို့ မရတော့ဘူး။
ကျွန်တော့်ရဲ့အတ္တချော်ရည်ပူတွေကို ကျွန်တော်တားစီးလို့ မရတော့ဘူး။
လောင်နေပြီ။ သူမကို လောင်နေပြီ။ တကယ်တော့
ကျွန်တော့်နှလုံးသား အလောင်ခံနေရတာပါ။
သူမရဲ့ကြောက်လန့်တကြားအော်ဟစ်သံကို ကျွန်တော် ကြားနာခဲ့ရပြီ။ ကျားနာ တစ်ကောင်လို
ကျွန်တော့် အော်သံကို ကျွန်တော် နာကြင်စွာ ကြားနာခဲ့ရပြီ။
သူမရဲ့မျက်ရည်စက်လက်ကို ကျွန်တော် အရှင်လတ်လတ် မြင်ရတဲ့ အခိုက်အတန့် ဟာ
မိုးပြိုတာပါပဲ။ ကမ္ဘာနှစ်ခြမ်း ကွဲတာပါပဲ။
ကျွန်တော့်ရဲ့မိုက်မဲမှုတွေကြောင့် ကျွန်တော်ချစ်တဲ့ သူမကို ကျွန်တော် ဆုံးရှုံး လိုက်ရပြီ။
ဘယ်လောက်တောင် ရက်စက်တဲ့ ကံကြမ္မာလဲ။
ကျွန်တော် ရရှိခဲ့တာက တမြေ့မြေ့ နောင်တတွေ နဲ့ ထက်ရှတဲ့ နာကျင်ကြေကွဲမှုတွေပါပဲ။

(င) 

အာဏာရှင်ကို လူအဖွဲ့အစည်းက စက်ဆုတ်သလိုမျိုး
ကျွန်တော့်ကိုယ်ကျွန်တော် စက်ဆုတ်နေမိတယ်။
တစ်စစီပြိုလဲ ပျက်စီးနေတဲ့ စာသင်ကျောင်းလေးက 
ဗုံးကျဲလေယာဥ်ကို မုန်းသလိုမျိုး
ကျွန်တော့်ကိုယ်ကျွန်တော် မုန်းတီးနေမိတယ်။
စစ်ဘေးရှောင် ကလေးလေးက စစ်ကို နာကျည်း သလိုမျိုး 
ကျွန်တော့်ကိုယ်ကျွန်တော် နာကျည်းနေမိတယ်။
နောင်တတရားများစွာနဲ့ "သက်ရှိမီးတောင်" တစ်ခု အဖြစ် 
ကိုယ့်ကိုယ်ကိုယ် ပေါက်ကွဲ သတ်သေနေမိတော့တာ အကြိမ်ကြိမ်ပဲ။ 
ကံဆိုးစွာနဲ့ ကျွန်တော်ဟာ တော်တော်နဲ့မသေ။

(စ) 

အချိန်ကာလ တစ်ခုအရောက်မှာ ကျွန်တော်ဟာ "မီးတောင်မြုံ" ဖြစ်ခဲ့တယ်။
ကျွန်တော့်ကို "အိပ်ပျော်နေတဲ့ မီးတောင်"လို့ ခေါ်ကြတယ်။
တကယ်တော့ ကျွန်တော် မအိပ်ပျော်ပါဘူး။
ကျွန်တော့်ဘဝထဲကနေ သူမ ထွက်ခွာသွားပြီးကတည်းက ကောင်းကောင်းမအိပ်ခဲ့ရပါဘူး။
နိုးတစ်ဝက်ခြောက်အိပ်မက်တွေနဲ့ ရှင်သန်ခဲ့ရတာပါ။
ကျွန်တော့် ရင်ဘတ်ထဲက လက်ကျန် ချော်ရည်ပူတွေ ဘယ်အချိန် 
ပွင့်အန်ထွက်လာဦးမလဲ ဆိုတာကိုလည်း စိုးရွံ့ ကြောက်လန့်နေမိတယ်။
မီးတောင်မြုံ ဆိုပေမယ့် ဒဏ်ရာတွေကတော့ ဘယ်တော့မှ မြုံမသွားပါဘူး ။
ထုံမသွားပါဘူး ။ လတ်လတ်ဆတ်ဆတ် နာနေတုန်းပဲ။ 
သူမကို လတ်လတ်ဆတ်ဆတ် သတိရနေတုန်းပဲ။
သူမရဲ့အပြုံးပွင့်လေးကို ပြန်မြင်ယောင်နေမိတုန်းပဲ။
စိတ်ကူးထဲမှာ သူမနဲ့ ခဏခဏ ဆုံမိနေတုန်းပဲ။
ကျွန်တော် "မီးတောင်သေ" အမြန် ဖြစ်ချင်နေမိပါပြီ။

#လင်းလက်တာရာ
6.2.22

Wednesday, September 13, 2023

မြူမှုန်မျှသာ

ဘယ်လို စ မိမှန်း မသိ
မဆုံးတော့ဘူး လို့
ဘဝကို ပင်ပန်းတကြီး ထမ်းထားတဲ့ ခရီးသွားတစ်ယောက်က ပြောတယ်

မြေအောက်ခန်းထဲ ပိတ်မိနေတဲ့
တိမ်တွေခမျှာလည်း
အိမ်ပြန်ချင်ရှာမှာပဲ

အလွဲတကာ့ အလွဲထဲမှာ
ချစ်ခြင်းမေတ္တာနဲ့ လွဲတာ အနာဆုံးလို့
လေထဲမှာ လွင့်နေတဲ့ ကျောက်တုံးတွေက
ပြောတယ်

ရေမကူးတတ်တော့တဲ့ ငါးကလေးဟာ
ကြယ်ငါးပွင့်ဟိုတယ် ကနေ
ကြယ်တွေရှိရာ ခုန်ချသွားတယ်

တခြားအရပ်မှာ
ကျည်ဆံရထားတွေ ခုတ်မောင်းနေချိန်
ကျုပ်တို့ဆီမှာတော့
ကျည်ဆံတွေပဲ ခုတ်မောင်းနေတယ်လို့
ကျည်ဆံရာတွေဗရပွနဲ့ ကျေးတောရွာလေးက ပြောတယ်

လူတန်းစား မခွဲခြားတာ
သေခြင်းတရားနဲ့ မျက်ရည်ပဲ

ဟော့ဒီ လောကမျက်မည်းကြီးထဲ
မုဆိုးလည်း သားကောင်
သားကောင်လည်း မုဆိုး
အာဏာကအစ ဘာမှ အစိုးမရ

မြေပုံညွှန်းအတိုင်း
မြေပုံလေး အဖြစ်သာ ကျန်ရစ်ကြရမယ့်
နိဂုံးတွေ

လင်းလက်တာရာ 

Monday, February 6, 2023

စွန်လွှတ်သူ

စွန်လွှတ်သူ



ကလေးဘဝ
လယ်ကွင်းစိမ်းစိမ်းတွေပေါ်
စွန် လွှတ် နေခိုက်
ရောင်စုံသက်တံကြီး ပေါ်လာ
ဝိုးးး... လှလိုက်တာ
ငါ အသက်ရှုဖို့တောင်မေ့
စွန်ကလေးကို 
သက်တံကြီးဆီ ရောက်အောင် လွှတ်တင်နေမိ 

စိတ်ကူးထဲ 
သက်တံကြီးပေါ် ငါ့စွန်ကလေး ပျံဝဲ
ပျော်စရာကြီး

သက်တံကြီးကို ငါ ခွစီးပစ်လိုက်ချင်

ကြိုးကုန်သွားပေမယ့်
စွန်ကလေးဟာ သက်တံကြီးနဲ့ ဝေးမြဲဝေး
နောက်ဆုံး မျှော်လင့်ချက်ကလေးနဲ့
ရစ်လုံးကို ငါဖြတ်ချ လိုက်တယ်
လေအဟုန်နဲ့ ရောက်လိုရောက်ငြား
စွန်ကလေးရော သက်တံကြီးရော
ငါ့ မြင်ကွင်းထဲကနေ 
တဖြည်းဖြည်း မှုန်ဝါး ပျောက်ကွယ်သွား

စွန်က​လေးလည်းဆုံး သက်တံကြီးလည်း ဆုံး
ငါ့မှာ ကြေကွဲဝမ်းနည်းမဆုံး

ညည
ငါ့စွန်ကလေး သက်တံကြီးပေါ်
ရောက်သွားတယ်လို့ 
အိပ်မက်မက်တယ်

ငါအရွယ်ရောက်လာတော့
စွန်မလွှတ်တော့ဘူး
ငါကိုယ်တိုင် စွန်ဖြစ်နေပြီလေ

ကြည့်စမ်း
လောကလင်းဟင်းပြင်ကြီးထဲ
ပက်ပက်စက်စက် လှနေတဲ့
မတည်မြဲခြင်းသက်တံကြီးတွေ




လင်းလက်တာရာ

၂၆၊ ၅၊၂၀