၁။
' အဝါဖျော့ဖျော့အလွမ်း'
..............................
လောကဓံရဲ့ရှိုက်သံမှာ
နွေက မရဲတရဲ ပွင့်လို့
မေမေ့ရဲ့ရွှေအိုရောင်ညနေလေးထဲ
ကျွန်တော့်လေပြည်တွေ အခိုးခံရတယ်
မြို့ပြရဲ့ ဥဩဆွဲသံတွေက အထပ်ထပ်
ကျွန်တော်က ရေငတ်နေတဲ့ပင်လယ်
အနုပညာက လှိုင်းထန်တယ်
မေတ္တာတရားဟာ
တံဆိပ်အသစ်နဲ့ အင်္ကျီဟုတ်မဟုတ်
ပြက္ခဒိန်ဟောင်းလေးကို ဖြုတ်လိုက်ရပြီ
မေမေ
အိမ်ဝေးသားတစ်ယောက်ရဲ့မနက်ဖြန်ပေါ်
ပိတောက်အော်သံတွေက
ကမ်း...လုံး... ပြည့်...
- လင်းလက်တာရာ
ဧပြီ ၊ ၂၀၀၉၊ ရုပ်ရှင်အမြုတေမဂ္ဂဇင်း
၂။
' အဝါရောင်အယ်လ်ဘမ်'
...............................
မြို့မသီချင်းတွေ ဖိတ်လျှံနေတဲ့ မြို့ထဲ
ရေစိုခံ သံချပ်တေးတွေ ရှိတယ်
ငိုရမှာကြောက်ကြောက်နေတဲ့
ဥဩငှက်လေးရေ
နွေဟာ မင်းရဲ့အမှတ်တံဆိပ်ပဲကွဲ့
ခံစားချက်တွေ ဆူလွယ်နပ်လွယ်တာ
ရင်ခုန်သံတွေ ထိလွယ်ရှလွယ်တာ
အတာက ရုပ်ရှင်ဆန်ဆန်
ခု...
အားလုံးနဲ့အတူ အသုံးတော်ခံဖို့
ပိတောက်က ဖိတ်စာ ပို့လိုက်ပြန်ပြီ
- လင်းလက်တာရာ
ဧပြီ ၊ ၂၀၀၉ ၊ ကလျာမဂ္ဂဇင်း
၃။
အဝါကတ်
................
ဘယ်သူမှအီးမေးလ် မပို့ လည်း
နေ့ စေ့လစေ့ ကိုယ်ဝန်လို
ကမ္ဘာမြေရဲ့အရှိုက်တည့်တည့်မှာ
ချိန်သားကိုက်ရောက်လာမယ်
ကျုပ်နာမည် ပိတောက်......
နံစော်ပုပ်သိုးနေတဲ့
ခင်ဗျားတို့ စိတ်ထဲက အမှိုက်ဆိုးတွေအတွက်
အချက်ပေး ခေါင်းလောင်းထိုးဖို့ ....။ ။
လင်းလက်တာရာ
ဧပြီ၊ ၂၀၁၂၊ မဟေသီမဂ္ဂဇင်း။
၎။
မေမေ့ကိုလွမ်းတဲ့ ပိတောက်
.................................
တစ်ကြိမ်တစ်ခါလောက်ပဲ ဖြစ်ဖြစ်
ရသမြောက် ပွင့်ခွင့်ပေးပါ မေမေ
ဘဝဆိုတာ ဝေဒနာတွေချည်းသက်သက်
ရိုက်ကူးတင်ဆက်ထားတဲ့ ဇာတ်လမ်းတွဲလား
ကျွန်တော့် နေရပ်လပ်နေတဲ့ ထမင်းဝိုင်းလေးကတော့
မျက်ရည်ဝဲရှာနေတော့မယ်
အိမ်ပြေးတစ်ယောက်ရဲ့ အသက်ရှူသံဟာ
ကန္တာရဆူးတစ်ပင်ရဲ့ရှင်သန်မှုမျိုးပါပဲ မေမေ
မေတ္တာတရားဆိုတာ ရေခမ်းနေတဲ့မြစ်မဟုတ်မှန်း
တောပြုန်းနေတဲ့ တောင်ကတုံးတစ်ခုမဟုတ်မှန်း
လောကဓံရဲ့စာမျက်နှာမှာ ကျွန်တော့် နာမည်ကို ရှာတွေ့ခဲ့တဲ့နေ့က
ကျွန်တော့်သင်ခန်းစာတွေ အဖြေမှန်ရခဲ့တယ်
ကောင်းကင်ကကြယ်တွေ ရေတွက်ကြည့်တဲ့အခါ
ကျွန်တော့်အိပ်မက်တွေ တစ်ခုခု ဆာနေသလိုပဲ
"ကဗျာဆရာ" တဲ့
ရိုးသားမှုနဲ့အမှန်တရားဟာ ကျွန်တော့်နှလုံးသားရဲ့ကိုယ်ဝန်
မေမေ့ရဲ့အိပ်ရာဝင်ပုံပြင်တွေနဲ့ မွေးဖွားသန့်စင်စေမယ်
ကမ္ဘာကြီးဟာ စစ်ငွေ့တွေ ရှူရှိုက်နေရတုန်းပဲ
မေမေ့ကမ္ဘာရဲ့စစ်ငွေ့ဟာ ကျွန်တော် ဖြစ်နေမလား
အရင်လို မေမေ့ဆံထုံးမှာ
ပိတောက်တွေဝေအောင် ထုံးမယ့်တစ်နေ့
တစ်ကြိမ်တစ်ခါလောက်ပဲဖြစ်ဖြစ်
ရသမြောက်ပွင့်ခွင့်ပေးပါ မေမေ
လင်းလက်တာရာ
(အပြင်စီးမဂ္ဂဇင်း ၊ မေလ ၊ ၂၀၁၂)