Tuesday, August 10, 2021

တောင့်ထား

#တောင့်ထား
...................

မိုးလင်းတာနဲ့
နာရေးသတင်းတွေက ပန်းလို့ပွင့်တယ်

ပလ္လင်ပေါ် 
ခွေးတက်ထိုင်နေတဲ့ တိုင်းပြည်မှာ
ကြယ်တွေ တအားကြွေတာပဲ

မတန်ဘူး
လူ့ဖြစ်တည်မှုတွေဟာ
လူ့ဖြစ်တည်မှုတွေနဲ့ မတူတော့ဘူး
အရှင်လတ်လတ် ငရဲတွေ

ပျော်ရွှင်မှုဟာ 
သေနတ်ပြောင်းဝထဲ ဝင်သွားပြီးကတည်းက
ပြန်ထွက်မလာသေး

တရားမျှတ လွတ်လပ်ခြင်းနဲ့မသွေဟာ
ကျည်ဆံရာ ဗရပွနဲ့
နိုင်ငံအလံဟာ သွေးညှီနံ့တွေနဲ့

တစ်ယောက် ပါသွားပြန်ပြီ
တစ်ယောက် ပဲ့သွားပြန်ပြီ
တစ်ယောက် လျှော့သွားပြန်ပြီ

လူမစုံတော့တဲ့ ထမင်းဝိုင်းတွေ
စိတ်အတွင်းသားမှာ စွဲလောင်နေတဲ့ နာကျည်းချက်တွေ

ငါတို့မှာ ဗိုင်းရပ်စ်တစ်ဖက်
အာဏာရူးတစ်ဖက်နဲ့
ငါတို့မှာ စုတ်ပြတ်သတ်သွားတဲ့
အိပ်မက်တွေနဲ့
ငါတို့မှာ သေလုမျောပါး 
ရှင်သန်ခြင်းတွေနဲ့

မျက်ရည်မှာ
မျက်ရည်မရှိတော့ဘူး

ခေတ်စုတ်ကြီးထဲ ကြီးပျင်းပြီး
ဆုတ်ခေတ်ကြီးထဲ နေထိုင်ရတဲ့ ဘဝ
နာကျင်မှုတွေက
စောက်ရမ်းကြင်နာတာပဲ

တကယ်တော့
နိုင်ငံတော် ကိုယ်တိုင်က
အောက်ဆီဂျင်အဖြတ်ခံထားရတာ
နိုင်ငံတော် ကိုယ်တိုင်က
ချိန်ကိုက်ဗုံးကို နှလုံးသားတည့်တည့်မှာ ချိတ်ဆွဲခံထားရတာ

သေမင်းက ဘက်လိုက်တယ်
အကောင်းကြိုက်တယ်
လူကောင်းတွေကို ရွေးခေါ်ပြီး
လူယုတ်မာတွေကို ဒီအတိုင်း
လက်ပိုက်ကြည့်နေတယ်

တောင့်ထား
ငါတို့တွေ  ရဲရဲတောက်သလောက်
ဒီကောင်တွေမှာ ကြောက်သွေးတွေနဲ့

တောင့်ထား
ဒီမိုကရေစီအတွက်
တောင့်ထား
လူ့အခွင့်အရေးအတွက်
တောင့်ထား
ငြိမ်းချမ်းရေးအတွက်
တောင့်ထား
အနာဂတ်မျိုးဆက် အတွက်

တောင့်ထား
ကမ္ဘာ့သမိုင်းမှာ မြန်မာ့နွေဦးဟာ
သင်ရိုးသစ်ဖြစ်လာမှာ

တောင့်ထား
ငါတို့မှာ ငါတို့ရှိတယ်
ဒင်းတို့မှာ ဒင်းတို့တောင် မရှိ

တောင့်ထား
မတရားမှုအတွက်
တော်လှန်ရေးဟာ
အလျော်ပြန်ပေးပါလိမ့်မယ်
ဆက်ဆက်

လင်းလက်တာရာ
8.21

Thursday, January 14, 2021

မန်မိုရီ

#မန်မိုရီ

အတိတ်ရဲ့ခြတွေ 
စိတ်ကို မွစကြဲအောင် ကိုက်ဖျက်ကြ

ဖုန်တက်နေတဲ့ ဒိုင်ယာရီစာအုပ်ကြားထဲမှ 
လတ်ဆတ်မွှေးမြဆဲ စာသားများ

မွေးနေ့မှာ မျက်ရည်စက်လက်နဲ့ 
သေဆုံးသွား​သူ တိုင်းပြည်

တိမ်တွေပေါ် ပျံဝဲချင်တဲ့ ဆန္ဒနဲ့ 
ဝရံတာကနေ ခုန်ချသွားသူ စက္ကူလေယာဥ်လေး

မီးစလေး ပွင့်ဖို့ ကျောက်ကျောက်ချင်း 
ပွတ်တိုက်ကြတဲ့ ဇာတ်လမ်းမှာ
ကြားကနေ ပြာကျပေးခဲ့ရသူ ဂွမ်းစလေးဟာ ငါတို့ပေါ့

လှေကားနဲ့ တက်လို့ မရတဲ့ ရှုမျှော်ခင်းတွေအကြောင်း
ချစ်ခြင်းမေတ္တာ နဲ့ ဉာဏ်ပညာက
ကောင်းကောင်း နားလည်တယ်

အဖျင်းများများ စပါးခင်းလေးခမျှာ 
လယ်သူမလေးကို မျက်နှာမပြရဲရှာဘူး

ရှင်ခြင်းထဲ ပိုးကျနေခဲ့ရတဲ့ နှစ်တွေ

#လင်းလက်တာရာ 
1.2021

Saturday, January 9, 2021

စာသားထဲကနေ ရုန်းထွက်လာတဲ့ အသံ


စာသားထဲကနေ ရုန်းထွက်လာတဲ့ အသံ
.............................................................

ငြီးငွေ့ခြင်းထဲ ကဗျာနည်းနည်း ထည့်ခလောက်လိုက်တယ်
မကြောက်တရားနဲ့နေထိုင်ခြင်း သင်းသင်းမွှေးမွှေးလေး

စားတယ် 
သူ့ကိုမစားရင် သူက ခင်ဗျားကို လာစားလိမ့်မယ် 
ဆိုတဲ့ အစွယ်တဖွားဖွားတွေ

ဒီမိုကရေစီသစ်သီးထဲမှာ ထိုးနေတဲ့ ပိုးတွေ
လူ့အဖွဲ့အစည်းရဲ့အရိုးထဲက ထွက်လာတဲ့ အာဏာလောက်တွေ
မှောက်မှားစရာ အပြည့်

ရှေ့မှာ
ဂငယ်ကွေ့တွေ တကွေ့ပြီးတကွေ့
ငွေရေးကြေးရေးနဲ့ ဆွေးဆွေးမြေ့မြေ့

အစီအစဥ်တကျ ရှိနေတာတွေကို ဖြန့်ကျဲပစ်ရ
ပြန့်ကျဲနေတာတွေကို အစီအစဉ်တကျ ပြန်စီရ
နေ့စဥ် လူနေမှု ဘဝကြီးဟာ မျက်ရည်ပွင့်ကြီးငယ်တွေနဲ့

ပြင်းအားကောင်းနေတဲ့ ပျင်းစရာကြီးတွေ
ခေတ်ကြီးက ချွေးနဲ့ ဖွင့်မှ ပွင့်တယ်
သွေးနဲ့ ပိတ်မှ ပိတ်တယ် 

နံရံမှာ ချိတ်ထားတဲ့ အနုပညာဟာ
နှလုံးသားထဲ စိုက်ဝင်သွားတယ်
သမ္မာအာဇီဝစိုက်ခင်းလေးပေါ်
လေကြီးမိုးကြီးလောင်ချာတွေ စိုက်ဝင်သွားတယ်

တချို့တွေ မြစ်ထဲမှာ မနစ်ဘဲ
ဉာဏ်တိမ်တိမ်လေးထဲ နစ်နေကြ

အကျအပေါက်များများ ကမ္ဘာမှာ
အကျအပေါက်များများ အမှားတွေ
တစ်ယောက်နဲ့တစ်ယောက်ကြား
မေတ္တာတရားကို ဗိုင်းရပ်စ်ထက် ကူးစက်မြန်ကြစို့

တံခါးကို ပိတ်ထားပေမဲ့
နေရောင်က ထရံကြားက ဝင်လာမှာပဲ
မျက်လုံးကို မှိတ်ထားပေမဲ့
အလင်းဟာ အသိဉာဏ်ထဲ ဝင်လာမှာပဲ

သေခြင်းတရားကို သွားရှာမနေနဲ့
သေခြင်းတရားက လာရှာလိမ့်မယ်

မြို့ကြီးပြကြီးမှာမှ မဟုတ်ဘူး
လယ်တောလေးထဲမှာလည်း ရိုးပြတ်အော်သံတွေ ရှိပါတယ်

ရှင်သန်ခြင်းတောင်ကုန်းလေးပေါ်
မီးခိုးတွေ အဆက်မပြတ်အူနေတာ တွေ့ရ
ကိုယ့်အတ္တမီးနဲ့ကိုယ် လှလှပပ လောင်နေကြပုံများ

ဆာလောင်နေတဲ့ ကြောင်တစ်ကောင်က
ငါးကြော်ယောင်ဆောင်နေသတဲ့
အမှောင်တွေ.....

#လင်းလက်တာရာ
7.1.2021