Thursday, August 30, 2018

သတိရလို့ ဒီကဗျာရေးတယ်

သတိရလို့ ဒီကဗျာရေးတယ်
................................

ပိတ်ထားတဲ့ ပြတင်းကို စိတ်နဲ့ လှမ်းဖွင့်ရင်း သတိရတယ်
သစ်ရွက်ကလေးတွေ ကနေတာ ကြည့်ရင်း သတိရတယ်
ကန်ရေပြင်ပေါ် မိုးစက်လေးတွေ ရေဆင်းကူးတာ ကြည့်ရင်း သတိရတယ်
ငှက်ကလေးတွေ သီချင်းဆိုတာ နားထောင်ရင်း သတိရတယ်
လယ်ကွင်းစိမ်းစိမ်းပေါ် အလွမ်းစိမ်းစိမ်းကို ပစ်တင်ရင်း သတိရတယ်
လေတွေ လေချွန်တာ နားဆင်ရင်း သတိရတယ်
တိမ်တွေ လေကျင့်ခန်းလုပ်နေပုံကို ကြည့်ရင်း သတိရတယ်
ခြံစည်းရိုးမှာ သံယောဇဉ်တွေ တလူလူနွယ်တက်နေတာ ကြည့်ရင်း သတိရတယ်
ဒီကဗျာမရေးခင် သတိရတယ်
ဒီကဗျာရေးနေစဉ် သတိရတယ်
ဒီကဗျာရေးပြီးတော့လည်း သတိရနေတုန်းပဲ

လင်းလက်တာရာ
30.8.2018

Wednesday, August 15, 2018

အဲဒီနေ့က ငါဟာ Drone ဖြစ်တယ်

အဲဒီနေ့က ငါဟာ Drone ဖြစ်တယ်
__________________________လင်းလက်တာရာ

ငါမော့ကြည့်ခဲ့ရတဲ့ KLCC ကို
ငါအခု ပြန်ငုံ့ကြည့်နေတာ စိမ်ပြေနပြေ
သူ့ခေါင်းပေါ် သေးနဲ့တောင် ပန်းချလို့ရတဲ့ အခွင့်အရေးမျိုးနဲ့
ပြန်ငုံ့ကြည့်နေတာ အရသာပဲ
လူသားအရင်းအမြစ်​တွေကို ကြံရည်ညှစ်သလို ညှစ်သောက်ပြီး
အရပ်ကြီးမြင့်နေတဲ့ကောင်ကြီး
ကဲ ဘာတတ်နိုင်သေးလဲ ခုတော့ငါ့ခြေဖျားအောက်မှာ
မာယာမျက်နှာဖုံးကြီးနဲ့ ဂျန်းတဲမန်းလုပ်နေပုံကိုက ဟာသ
ငါနာနာကျင်ကျင် ရယ်ပစ်လိုက်တယ်
ငါရယ်တာ ငါ့အတွက်မဟုတ်
ရယ်စရာတွေ အက်ကွဲ ခန်းခြောက်နေတဲ့ နှလုံးသားတွေအတွက်
ဒုက္ခတရားရဲ့ ထိုးနှက်ချက်တွေအောက်မှာ
အညိုအမည်းစွဲနေတဲ့ လူသားအရင်းအမြစ်တွေ အတွက်
ငါရယ်နေတာ မျက်ရည်တွေနဲ့ပါလား
ငါလက်သီးဆုပ်မိသွား အံကြိတ်မိသွား
ငါ စွန်ရဲလို ပျံသန်းရင်း
မတန်တဆ စတေးခဲ့ရတဲ့ဘဝတွေအကြောင်း
မှတ်တမ်းတင်လိုက်တယ်
အဓမ္မအကျင့်ခံရတဲ့ လူ့အခွင့်အရေးတွေ
ဇာတ်နာတွေ လူအောက်ပိခြင်းတွေ
ဝဋ်နာကံနာတွေ ထောင်ချောက်တွေ
မှတ်တမ်းတင်လိုက်တယ်
မိသားစုဆီပြန်မရောက်ဖြစ်တော့တဲ့ အသက်ဇီဝတွေ
သေကွဲတွေရှင်ကွဲတွေ မသေမရှင်တွေ
ရှင်လျှက်သေနေတာတွေ
မှတ်တမ်းတင်လိုက်တယ်
အိမ်ပြန်ချင်တာတွေ အိမ်ပြန်လို့မရတာတွေ
ဆုတောင်းတွေ ၊ အိုဗာစတေးတွေ၊ အော်ပရာစီတွေ
ကြက်ခြင်းထဲကကြက်တွေလို ရှင်သန်မှုတွေ
မှတ်တမ်းတင်လိုက်တယ်
ငါဟာ မှတ်တမ်းတင်လို့မပြီးဆုံးခင် ပစ်ချခံလိုက်ရတဲ့ Drone

လင်းလက်တာရာ

KLCC= Kuala Lumpur City Centre

Tuesday, August 7, 2018

ထွက်ပြေးလွတ်မြောက်သွားသော ငါ့အရိပ်


ထွက်ပြေးလွတ်မြောက်သွားသော ငါ့အရိပ်
.............................................

ငါ့ အရိပ်ကို သူမ မြစ်ထဲမှာ တွေ့မိ
သူမမြစ်ထဲ က သံယောဇဉ် ငါးတွေဟာ
ငါ့မျက်ဝန်းထဲ ခုန်ဝင်လာ
အဲဒီငါးတွေဟာ ငါ့နှလုံးသားကို လာမျှား
မျက်ရည်ထဲမှာ လူးလားဆန်ခတ် ကူးခတ်ရတာ ပျော်သတဲ့

ဦးခေါင်းခွံတစ်လုံးဟာ အဝေးပြေးလမ်းပေါ်မှာ
ငါ့နာမည်နဲ့ လိမ့်နေ
လိမ့်ရင်း လိမ့်ရင်း ငါ့အရိပ်က ကားတစ်စင်းလို ဝင်ကြိတ်သွား

ကိုင်းဖျားမှာ တွဲလွဲခိုနေတဲ့ စာဗူးတောင်းလေးဆီ အငေးတွေ တွဲလွဲခိုမိ
ငါ့အရိပ်ဟာ စာဗူးတောင်းလေးပဲ
လောကဓံကိုင်းဖျားမှာ တွဲလွဲခိုနေရတာ ပျော်သတဲ့
အတွေးထဲမှာ သွေးထဲမှာ ခရီးရှည်ကြီးထဲမှာ အိပ်မက်ကြမ်းကြီးထဲမှာ
တွဲလွဲခိုနေတဲ့ ငါ့အရိပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ

အိမ်
ငါ့မျက်လုံးထဲမှာ သောင်ထွန်းကျွန်းဖြစ်နေတဲ့ တိမ် ဟာ ငါ့အရိပ်ပေါ့

ကျောပိုးအိတ်ထဲမှာ မိုင်တိုင်တွေရှိတယ်
မိုင်တိုင်တွေကို ကြောင်ပုစွန်စား ကြွတ်ကြွတ်ဝါးနေတဲ့ ငါ့အရိပ်
ငါ့ကို ကျောပိုးအိတ်ထဲ ထည့်ပြီး ကမ္ဘာပတ်မတဲ့

မိုးကြီးမျက်မည်းထဲ တစ်နွေလုံး ဝင်သွားတဲ့နေ့မှာတောင်
ငါ့အရိပ်ဟာ ချွေးတွေ ရွှဲလို့
စိတ်ကျကော်ဖီဆိုင်လေးထဲ ကယောင်ကတမ်း ကျကွဲနေတဲ့
ဖန်ခွက်ကလေးဟာ ငါ့အရိပ်

ခေါင်းပေါ်က ခြေသံတွေ ကြားရတိုင်း
ဇာတိမြို့လေးရဲ့ ခြေအစုံကို ဖက်နမ်းချင်နေတဲ့ ငါ့အရိပ် ဟာ အဝါရောင်ပျစ်ပျစ်

တစ်ခါတခါ ငါ့အရိပ်ဟာ ငါ့ဆီမှာ မနေဘူး
လူ့အဖွဲ့အစည်းရဲ့ အဝေးဆုံးနေရာ သက်တံတံတားပေါ်မှာ သွားထိုင်တယ်

ကိုယ့်ကိုယ်ကိုယ် ရှာလို့မတွေ့တဲ့အခါ
ပျောက်​သွားတဲ့​ သော့​လေးဆီ ဖုန်း​ခေါ်​မိ
ငါ့အရိပ်ဟာ ပိတ်နေတဲ့ ငါ့စိတ်ကို လာဖွင့်သွား

ငါ့ကို ချောက်ထဲ တွန်းချဖို့ ကြိုးစားတယ်
ငါ့ကို သုခဘုံဆီ ထမ်းတင် ဖို့ လုပ်တယ်
တော်တော်နားလည်ရခက်တဲ့ ငါ့အရိပ်

ငါ့အရိပ်ဟာ လွတ်လပ်ရေးရဖို့ ငါ့ကို တိုက်ယူသတဲ့
ငါ့အရိပ်ဟာ ငါ့ဆီကနေ ခွဲထွက်ပြီး နိုင်ငံတည်ချင်သတဲ့

အဲဒီနေ့က ပျံနေတဲ့ ငှက်တွေဆီ တိမ်တွေ လာနားတယ်
ငါ့အရိပ်ကို ငါ လိုက်ဖမ်းနေတာ လွမ်းခန်းတွေချည်းပဲ

#လင်းလက်တာရာ
8.8.18

Monday, August 6, 2018

ရုပ်သေကင်မရာ

ရုပ်သေကင်မရာ
.....................

အမှန်တရားဟာ
ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခံရ

သူ့ လျှာကို ဖြတ်ယူသွားကြ
သူ့ နှလုံးသားကို ဖောက်ယူသွားကြ
သူ့ ဦးနှောက်ကို ထုတ်ယူသွားကြ
သဲလွန်စတွေကို လက်စဖျောက်ထားခဲ့ကြ

တရားခံ သတိမထားမိခဲ့တာက
နာနာကြည်းကြည်း ကျန်ရှိနေခဲ့တဲ့ အမှန်တရားရဲ့ မျက်လုံး
သမိုင်းတစ်ခုလုံးရဲ့ ကြေးမုံ

#လင်းလက်တာရာ
7.8.2018

ခေါင်းစဉ်- မောင်မိုးမြင့်၊ ဒီလူ (တောင်တွင်းကြီး)