Tuesday, December 17, 2019
ရေဆန်လမ်း
Friday, October 11, 2019
အဖြူအစိမ်းဝင်သစ်ပင်လေး ဖတ်ဖို့
အဖြူအစိမ်းဝတ် သစ်ပင်လေး ဖတ်ဖို့
...........................................
၁။
မျက်လုံးနဲ့ မမြင်ရတဲ့ ကြိုးက
ပိုပြီး ရုန်းရခက်တယ်
ဘဝတဆုံးထိ
ရစ်ပတ်ထား ပုံ ဆန်းကြယ်
ကိုယ်ဟာ ညီမလေးရဲ့ ကြယ်ဖြစ်ပြီး
ညီမလေးဟာ ကိုယ့်ရဲ့ ကောင်းကင်ဖြစ်တယ်
ခေါင်းစဉ်ကို " ရစ်လုံးလေး " ဟု တပ်လိုက်သည်။
နှစ်လိုဖွယ်ကောင်းသော ရစ်လုံးလေး ဖြစ်သည်။ ပါးမို့မို့လေးနှင့်
ရစ်လုံးလေးဖြစ်သည်။ ဆံနွယ်ရှည်တွေနှင့် ရစ်လုံးလေး ဖြစ်သည်။
ကျွန်တော့်အား သံယောဇဉ်ကြိုးများဖြင့် ရစ်ပတ်နှောင်ဖွဲ့ကာ
ရှင်သန်ခြင်းကောင်းကင်လွင်ပြာပြာထဲ စိတ်လွတ်လပ်ပျော်ပါးစွာ
ပျံဝဲစေသော ရစ်လုံးလေးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည်
ညီမလေးအား ရစ်လုံးလေးဟု ချစ်စနိုးခေါ်ပါသည်။ ကျွန်တော့်အား
နွဲ့ဆိုးဆိုးပြီး ရစ်သော အခါ များတွင်လည်း အင်မတန်
ချစ်စရာကောင်း သောကြောင့်လည်း ဖြစ်ပါသည်။
" ကိုယ်ဟာ ညီမလေးရဲ့ကြယ်ဖြစ်ပြီး ညီမလေးဟာ
ကိုယ့်ရဲ့ကောင်းကင်ဖြစ်တယ်" ကို ပြောင်းကြည့်မိသည်။
" ကိုယ်ဟာ ညီမလေးရဲ့ ကောင်းကင်ဖြစ်ပြီး ညီမလေးဟာ
ကိုယ့်ရဲ့ကြယ် ဖြစ်တယ် " ။ ဘယ်သူက ကြယ်ဖြစ်ဖြစ် ၊
ဘယ်သူက ကောင်းကင် ဖြစ်ဖြစ် ၊ ချစ်ခြင်းတရားများဖြင့်
လိုက်ဖက် လှပသော ညလေးဖြစ်ဖို့သာ အဓိက ကျသည်
မဟုတ်ပါလား။
၂။
ဆံနွယ်ရှည်စန္ဒယားသံတွေ ။ ဟုတ်ပါသည်။ ကျွန်တော်၏ဘဝတွင်
ပထမဦးဆုံး ကြားနာ ခဲ့ရသော စန္ဒယားသံတွေ ဖြစ်သည်။
ကျွန်တော့်နှလုံးသားကို ဆံနွယ်ရှည်များဖြင့် တီးခတ်မိရာမှ
ထွက်ပေါ်လာသော သံစဉ်များဖြစ်သည် ။ "ဆံနွယ်ရှည်
စန္ဒယားသံတွေ" ဟု ကျွန်တော် ဖွဲ့ဆိုမိသည်။ ကျွန်တော်သာ
သီချင်းတစ်ပုဒ်ဖြစ်ခဲ့လျှင် ခေါင်းစဉ်ကို " ဆံနွယ်ရှည် စန္ဒယားသံတွေ"
ဟု ပေးလိုက်မိမည်ထင်သည်။
မိသားစု ၊ အိမ်နှင့် အမြဲလိုလို ဝေးကွာနေရပြီး
လောကဓံတရားနှင့် အမြဲလိုလို ရင်ဆိုင်တိုက်ခိုက်နေရသော
ကျွန်တော်၏ ဘဝစာမျက်နှာများသည် သာယာနာပျော်ဖွယ်
မကောင်းလှပါ။ အော်သံ ၊ တောခြောက်သံ တွေနှင့် ပြည့်နှက်နေသော
ကျွန်တော့် ရှင်သန်ခြင်းထဲကိုမှ မေတ္တာအရင်းခံဖြင့် တလွင်လွင်စီးမျော
ပျံ့လွင့်လာသော " ဆံနွယ်ရှည် စန္ဒယားသံတွေ"။ ကျွန်တော့်
ရင်ဥယျာဉ်မှာ ပန်းတွေ ဖွေးဖွေးလှုပ် ပွင့်ကုန်သည်။
အမှောင်ထုတို့သည် ထူးခြားဆန်းကြယ်ခြင်းများဖြင့် အစွမ်းကုန်
လင်းကုန်၏။ ဆံနွယ်ရှည် စန္ဒရားသံတို့ ထံ အခစားဝင်လာသော
ပန်းပေါင်းထောင်သောင်းတို့၏ ခြေသံကို ကျွန်တော် ကြားနေရသည်။
ကျွန်တော့်နှလုံးသွေးကြော စမ်းချောင်းလေးထဲတွင် ကူးခတ်နေသော
ရွှေငါးလေးမှာ ဆံနွယ်ရှည် စန္ဒယားသံတွေ ဖြစ်သည်။ ဆံနွယ်ရှည်
စန္ဒယားသံတွေဟာ ကျွန်တော်၏ ကမ္ဘာဦးဂီတ ပင် ဖြစ်သည်။
ကြိုး
.........
သံကြိုး
ကြေးနန်းကြိုး၊ စတီးလ်ကြိုး
သံမဏိကြိုးတွေနဲ့ မှမဟုတ်ဘူး
ကျစ်ဆံမြီးလေးနှစ်ချောင်းနဲ့ ချည်နှောင်ရင်လည်း
ခိုင်မြဲပါတယ်ကွယ်
၃။
ဆန်းကြယ်သော ကံတရားသည် မည်သည့်အရပ်တွင်
နေထိုင်ပါသနည်း။ ကျွန်တော်နှင့် ညီမလေး အကြားတွင်
လျှို့ဝှက်ဆန်းကြယ်စွာ နေထိုင်ပါသည်ဟု ကျွန်တော် ဖြေပါမည်။
ကျွန်တော်တို့ နှစ်ယောက်ကြားတွင် ပင်လယ်ကြီးခြားသည်။
ကုန်းမြေခြားသည်။ နိုင်ငံခြားသည်။ ကီလိုမီတာပေါင်း ၂၇၀၀ ကျော်
ခြားသည်။ သို့သော် စိတ်ချင်း နီးသည်။ နှလုံးသားချင်းနီးသည်။
ညီမလေးသည် စစ်ပွဲတွေကို ချုပ်ငြိမ်းစေခဲ့သော ကမ္ဘာကျော်
ပုဂ္ဂိုလ်ကြီး၏ မွေးရပ်မြေတွင် နေထိုင်သည်။ ညီမလေးသည်
ကျွန်တော်၏ စိတ်နှလုံးသားအား ငြိမ်းချမ်းခြင်းများပေးသော
ငြိမ်းချမ်းရေးနတ်သမီးဖြစ်သည်။ ညီမလေးသည် ပန်းအက္ခရာနှင့်
မြို့ကလေး၏ ကျောင်းခေါင်းလောင်းထိုးသံလေးဖြစ်သည်။
ညီမလေးသည် မြို့ကလေး၏ ကျက်သရေဂုဏ်ဆောင်
အဖြူအစိမ်းဝတ် သစ်ပင်လေး ဖြစ်သည်။ ကျွန်တော်သည်
ထိုမြို့သားတစ်ယောက် ဖြစ်ချင်နေမိသည်။ ထိုကျောင်းခေါင်းလောင်း
ထိုးသံလေးတွင် ကျွန်တော့်နှလုံးသားလေး တဆာဆာ မြည်နေပြီ။
ထို အဖြူအစိမ်းဝတ်သစ်ပင်လေးတွင် တေးဆိုနေသော
ငှက်ကလေးဟာ ကျွန်တော်ပင်ဖြစ်သည်။
တည်ရှိခြင်း
..............
သူစိမ်းတွေကြားထဲ
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့အချိန်...
ညီမလေးရဲ့ နေရပ်လိပ်စာကို
Google map ထဲ ရိုက်ထည့်
Zoom ဆွဲပြီး ရှာဖွေကြည့်မိ....
ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေ့ ရှိ ....
၎။
ညီမလေးကို စတင်တွေ့ရှိသည့်နေ့သည် ညီမလေး၏ မွေးနေ့တွင်ပင်
ဖြစ်သည်။ ညီမလေး၏ မွေးနေ့ တွင် ကျွန်တော့်ချစ်ခြင်းမေတ္တာများ
မွေးဖွားခဲ့ပုံမှာ ထူးဆန်းလှသည်။ပျင်းရိခြောက်ကပ်ဖွယ်နေ့တစ်နေ့တွင်
Facebook သုံးနေရင်း facebook friend တစ်ယောက်မှ
ညီမလေးပုံကိုတင်ကာ ညီမလေးကို တက်ဂ်တွဲထားပြီး မွေးနေ့
ဆုတောင်းထားသည်ကို တွေ့လိုက်ရသည်။ ညီမလေးပုံကို မြင်မြင်ချင်း
အမျိုးအမည်မသိသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
ညီမလေးသည် မြန်မာဆန်ဆန်လေးဖြင့် သိမ်မွေ့စွာ လှပတင့်တယ်
နေသည်။ အနည်းငယ်ကြာမြင့်စွာ ကျွန်တော် ငေးကြည့်နေမိသည်။
မဆိုင်းမတွဘဲ ညီမလေး ကို add လုပ်လိုက်မိသည်။
Messenger မှ တဆင့် ပုလဲကုံးများဖြင့် တူသော ကျွန်တော်၏
မွေးနေ့ ဆုတောင်းစကား အား ညီမလေးဆီ ပေးပို့လိုက်သည်။
ထိုမွေးနေ့ ဆုတောင်း ပုလဲကုံးလေး ၊ သူမ၏ ရွှေလည်တိုင် တွင်
စံမြန်းနိုင်ပါစေ ဟု ကျွန်တော်ဆုတောင်းမိသည်။ ကျွန်တော့်ဆုတောင်း
ပြည့်ဝခဲ့သည်။ ကျွန်တော်၏ ကောင်းကင်သည် တိမ်မည်းတို့
ကင်းစင်ကာ လမင်းဝင်းဝင်းပပဖြင့် ကြည်လင်ဝင်းပနေပုံမှာ
ကဗျာဆန်လှပေသည်။ ထို့နောက် ကဗျာလေးတစ်ပုဒ် ရေးဖြစ်ခဲ့သည်။
ချစ်မေတ္တာ
..............
ကိုယ့် ဘ၀ရက်ကန်းစင်မှာ
ထူးထူးဆန်းဆန်း လာငြိတွယ်ငင်နေတဲ့
ညီမလေးရဲ့ ငွေသော်တာ ချည်မျှင်တန်းများ....
ညတိုင်း လပြည့်...
ညတိုင်း လပြည့်....
ညတိုင်း လပြည့်.....
၅။
ညီမလေးသည် သူမ၏ မွေးရက် လဆန်းတစ်ရက်နေ့တွင်
ကျွန်တော့်အား ချစ်တယ် ဟု အဖြေပေးခဲ့ပါသည်။ ထိုနေ့က
ကမ္ဘာ့အပျော်ရွှင်ဆုံး လူသားသည် ကျွန်တော် ဖြစ်ခဲ့လေသည်။
ဘဝ၏ ရှင်သန်ခြင်းတို့သည်လည်း အနက်အဓိပ္ပာယ်ပိုမို ပြည့်စုံလာ၏။
ကိုကို ဆိုသော ခေါ်သံလေးသည် ပျားရည်မြစ်အဖြစ် ကျွန်တော့်
ကိုယ်စိတ်နှလုံးသုံးပါးထဲသို့ စီးဝင် လာခဲ့သည်။ နေ့စဉ်ရက်ဆက်
တစ်ယောက်အသံ တစ်ယောက် မကြားရသော နေ့ ဟူ၍ တစ်ရက်မျှ
မရှိခဲ့။သံယောဇဉ်တို့သည် တလူလူ နွယ်တက်လာ၏။ ရင်နှင့်
မဆံ့တော့၊ ကောင်းကင်အပြည့် ဖြစ်နေပြီ။ အလွမ်းတို့သည်
တောအထပ်ထပ်တောင်အသွယ်သွယ်ကို လွယ်လွယ်ကူကူပင်
ဖြတ်ခဲ့လေ၏။ နှင်းဆီ ရနံ့တို့သည် ဆီးနှင်းအထပ်ထပ်ကို
လွယ်လွယ်ကူကူပင် ဖြတ်ခဲ့လေ၏။
နှင်းဆီ
..........
နှင်းဆီတော့ နှင်းဆီ
အပင်မှာ မပွင့်သော နှင်းဆီ
အရောင်ဖြင့် ဖော်ပြရန် မလုံလောက်သော နှင်းဆီ
လက်ဖြင့် ခူးဆွတ်၍ မရသော နှင်းဆီ
မျက်လုံးဖြင့် မမြင်နိုင်သော နှင်းဆီ
နှင်းဆီတော့ နှင်းဆီ
မိုင်ထောင်ချီဝေးနေတာတောင်
သူ့မွှေးရနံ့ ကို ဝင်သက်ထွက်သက်လေးမှာ အမြဲ ရနေ
ကျွန်တော်သည် ညီမလေးအတွက် ကဗျာတွေ ရေးဖြစ်ခဲ့သည်။
အထူးသဖြင့် ချစ်သူဖြစ်ခဲ့ကြသည့် သူမ၏ မွေးရက် လဆန်း
တစ်ရက်နေ့ ရောက်တိုင်း အမှတ်တရ အနေဖြင့် ကျွန်တော့်
နှလုံးသားနန်းတော်ထက်တွင် စံမြန်းနေသော အချစ်ဘုရင်မလေးအား
ကဗျာ တစ်ပုဒ် ဆက်သဖြစ်လေ့ရှိသည်။ ထိုအခါမျိုးတွင် အချစ်
ဘုရင်မလေးသည် ကျွန်တော့်အား အနမ်းပွင့်လေး တစ်ပွင့်
ပေးသနားတော်မူသည်။ သူမအတွက် ကျွန်တော် ရေးခဲ့သော
" ကိုယ့်အသက်ဓာတ်ကို ညီမလေးဖက်နဲ့ ထုပ်ထားမိတဲ့ နေ့တွေ "
ဆိုသော ကဗျာ အိုင်ဒီယာမဂ္ဂဇင်းမှာပါလာသည်။ ကျွန်တော်
ပျော်သည်။ သူမလည်း ပျော်သည်။ အဲဒီတုန်းက အနမ်းပွင့်လေးတွေ
ပိုမို ပေးသနားတော် မူခဲ့လေသည်။
၆၊
ခိုင်ခန့်တောင့်တင်းသော ဝေးကွာခြင်းကျောက်ဆောင်တို့မည်သည်
အချိန်တန်လျှင် ချစ်ခြင်းတရားရေလှိုင်းများ၏အောက်တွင် ပြိုကျ
ကုန်စမြဲ ဖြစ်သည်၊၊ ကီလိုမီတာပေါင်း ၂၀၀၀ကျော်ကို စိတ်ပေါ့ပါးစွာ
ကျွန်တော် ပျံသန်းခဲ့၏။
ညီမလေးနှင့် ပထမဦးဆုံး ချိန်းတွေ့သော နေ့ကလေးသည်
ကျွန်တော်၏ ဘဝတစ်သက်တာ တွင် အမြဲအမှတ်ရနေမည့်
ရင်ခုန်စိတ်လှုပ်ရှားဖွယ်နေ့လေး တစ်နေ့ဖြစ်သည်။ မိုးတွင်း
ဖြစ်နေသော်လည်း မိုးလေကင်းစင်ပြီး နေသာနေခဲ့သည်။
လှည်းတန်းစင်တာရှေ့တွင် အဖြူရောင်နတ်သမီးလေးတစ်ပါးအား
အရှင်လတ်လတ်တွေ့လိုက်ရသည့် အခိုက်အတန့် သည်
ရူးလောက်စရာပင်၊၊ သီဝိမင်းကို ကိုယ်ချင်းစာသွားမိသည်။
ရင်ဘတ်ထဲ၌ မြို့ပတ်ရထား ခုတ်မောင်း ဥဩစွဲနေသည်။
ကျွန်တော်၏ ရှေ့မှောက်တွင် ကျွန်တော်၏ ချစ်လှစွာသော
အဖြူအစိမ်းဝင်သစ်ပင်လေး ၊ ကျွန်တော်၏ မြတ်နိုးလှပါသော
ညီမလေး ၊ ကျွန်တော်၏ တန်ဖိုးထားရပါသော ရစ်လုံးလေး။
သူမ၏ အပြုံးအောက်တွင် ကျွန်တော့်နှလုံးသားလေး ခမျှာ
ဖားကလေးတစ်ကောင်လို ခုန်ပေါက် ခုန်ပေါက် ဖြစ်နေသည်။
ညီမလေး ဝတ်ဆင်ထားသော အဖြူရောင် ဝမ်းဆက်ကလေး
ပေါ်တွင် ပန်းနွယ် ပန်းခက် ပန်းပွင့်လေးများဖြင့် အလွန်လှပနေသည်။
ထို ပန်းနွယ် ပန်းခက် ပန်းပွင့်များ အနီးတွင် လိပ်ပြာကလေးတွေ
ပျံဝဲနေသည်။ ထို လိပ်ပြာကလေးတွေသည် ကျွန်တော် ဖြစ်နေ၏။
ရှည်လျားနက်မှောင်သော ဆံနွယ်ရှည်များသည် ကျွန်တော့်
နှလုံးသားအား လာရောက်တီးခတ်နေသည်။ ကျွန်တော်နှင့်
ညီမလေးကြားတွင် ဆံနွယ်ရှည်စန္ဒယားသံတွေ လွင့်ပျံနေသည်။
ပျားပန်းခတ်နေသော လူအုပ်ကြားထဲတွင် ကိုယ့်ကိုယ် ပျောက်ဆုံး
မနေတော့ပါ။ အနားတွင် ညီမလေး ရှိနေပြီး ညီမလေးဆီတွင်
ကိုယ့်ကိုယ်ကိုယ် တွေ့ရှိနေရပြီဖြစ်သည်။ မြို့ပြ၏ ဇာတ်တွင်
ဖြတ်လျှောက် အဆင့်မျှ သာ ဖြစ်သော်လည်း စွယ်တော်ရွက်လို
အိပ်မက် တစ်ဝက်စီ ဆက်ထားသော ကျွန်တော် တို့နှစ်ယောက်၏
ဇာတ်တွင်မူ ကျွန်တော်က မင်းသားဖြစ်ပြီး ညီမလေးက
မင်းသမီးလေး ဖြစ်သည်။ လှည်းတန်း ခုံးကျော်တံတား၏ အောက်တွင်
ခေတ်ကြီးသည် အဟုန်ဖြင့် ဖြတ်စီးနေသည်ကို တွေ့ရသည်။
လှည်းတန်း ခုံးကျော်တံတား၏ အပေါ်တွင် အဟုန်ဖြင့် ဖြတ်စီ
းနေသည်မှာလည်း ခေတ်ကြီးပင် ဖြစ်သည်။ ညီမလေး လက်ကို
တစ်ဘဝလုံးစာအတွက် နွေးထွေးအေးမြစွာ ဆုပ်ကိုင်လိုက်သည်။
ကံတရားသည် အမြဲတမ်းမခါးပါ။ မီးပွိုင့်သည် အမြဲတမ်း မနီပါ။
လမ်းဖြတ်ကူးခြင်း
......................
သူမ လက်ကလေးကို ဆုပ်ကိုင်ပြီး
လမ်းဖြတ်ကူးတဲ့အခါ
သေခြင်းတရား ဝင်လာနိုင်တဲ့ဘက်မှာ
ကျွန်တော် နေတယ်
ညီမလေးရေ
ကိုယ်တို့ ကူးဖြတ်နေတဲ့ခေတ်ကာလ က
အမောင်းကြမ်းတယ်လေ
၇။
ပထမဦးဆုံး အတူ သွားခဲ့သည့်နေရာက လေးဆူဓာတ်ပုံရွှေတီဂုံ။
ဘုရားသွားကျောင်းတက် ရိုးမြေကျ ပေါင်းဖက်ချင်သော ဆန္ဒ တို့
သူ့အလိုလို ဖြစ်တည်လာသည်။ ကြာပန်းခိုင်လေး နှစ်ခိုင်ကို
ဝယ်လိုက်သည်။ ဖိနပ်ထည့်သောအိတ်လေးထဲတွင် ဖိနပ်လေးနှစ်ရံ
ရေစက်စုံသွားကြသည်။ ထိုဖိနပ်အိတ်လေးကို ကျွန်တော့်ဆီမှ
အတင်းလုကိုင်နေသော ညီမလေးကို ကြည့်ပြီး မေတ္တာတရားတွေ
ပင်လုံးညွတ်ပွင့်ကုန်မိသည်။ စောင်းတန်း၏ လှေကားထစ်များကို
နှစ်ယောက်အတူ မမောစတမ်းတက်ရသည်မှာ ကြည်နူးဖွယ်
အတိ ဖြစ်သည်။ ညီမလေးသည် ကျွန်တော်၏ လက်ကို ဆုပ်ကိုင်
ထားသည်။ ရွှေတီဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူ
ခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် ဘဝချင်းပိုမို နီးကပ်
သွားသည်ဟု ခံစားရသည်။
သမုဒယသစ္စာ
..................
ပုထုဇဉ် ပီပီ
ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးလေးကို မဖြည်ချင်ဘူး
ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်
အေးချမ်းနေတဲ့ စိတ်ကလေးနှစ်ခုရဲ့ထိခတ်မှု
ဘုရားစောင်းတန်းပေါ် အတူတက်ခဲ့တဲ့ ခြေလှမ်းနှစ်စုံဟာ
တစ်ယောက်ဘဝထဲ တစ်ယောက်ဝင်ရောက်လာတဲ့
ခြေလှမ်းတွေ ဖြစ်ခဲ့
ရင်ပြင်တော်မှာ
ဆည်းလည်းလွင်လွင်နဲ့ အတူ
ကြည်နူးမှု အတိနဲ့ မြည်နေတဲ့ ရင်ခုန်သံများ
ကြာပန်းခိုင်လေး နှစ်ခိုင်ကို
တစ်ခိုင်တည်းဖြစ်အောင် ပေါင်း
တောင်းမိတဲ့ဆုကလည်း ထပ်တူကျ
ဘုရားသွားကျောင်းတက်
ရိုးမြေကျပေါင်းဖက်ချင်တဲ့ ဆန္ဒမြစ်ကလေး
မရပ်စတမ်း စီးဆင်း
၇။
သည်လိုနှင့်...
ကျွန်တော်သည် အဖြူအစိမ်းဝတ် သစ်ပင်လေး ဖတ်ဖို့ ခေါင်းစဉ်
အောက်တွင် ခေါင်းစဉ်ငယ်လေးများခွဲကာ အဖြူအစိမ်းဝတ်
သစ်ပင်လေးအတွက် ကဗျာလေးတွေ ရေးခဲ့သည်မှာ အပုဒ် ၅၀
တိတိ ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုကဗျာများသည် ချစ်ခြင်းမေတ္တာသီးသန့်
ကဗျာ များဖြစ်သည်။ အသည်းကွဲ ကဗျာများ လုံးဝ မပါဝင်ပါ။
ထိုကဗျာလေးတွေကို ကဗျာစာအုပ် အဖြစ် စုစည်းပုံနှိပ်မည်။
အဖြူအစိမ်းဝတ် သစ်ပင်လေး ဖတ်ဖို့ အချစ်ကဗျာများ ဟု
နာမည်ပေးမည်။ ကျွန်တော် နှင့် ညီမလေးတို့ မင်္ဂလာဆောင် သို့
တက်ရောက်လာသော ဧည့်ပရိသတ်များကို မေတ္တာလက်ဆောင်
ပေးဝေ သွားမည် ဖြစ်သည်။
ရှေးရေစက်
................
ရေစက်လေးတစ်စက် နဲ့ 
ရေစက်လေးတစ်စက် ပေါင်းရင်
ရေစက်လေးတစ်စက်ပဲရ သတဲ့
ဆိုပါစို့
ကိုယ်ကလည်း ရေစက်လေးတစ်စက်
ညီမလေးကလည်း ရေစက်လေးတစ်စက်
အဲဒီ ရေစက်လေးနှစ်စက်ကို
ရေစက်လေးတစ်စက် တည်းဖြစ်အောင်
ပေါင်းကြည့်ရအောင်နော်
ဘနဲ့ ဝ ကြားထဲသို့ တည့်မတ်စွာ ကျ ရောက်လာသော
ရှေးရေစက် တို့သည် လူ့လောကအား အလှဆင်သူများ ဖြစ်လေ၏။
ကမ္ဘာကြီးတွင် ပျော်ရွှင် ကြည်နူးမှုတို့ဖြင့် သိမ်းသော ဇာတ်သိမ်းများ၊
များများစားစား ရှိလာစေချင်မိပါသည်။
လင်းလက်တာရာ
10.10.19
Friday, September 20, 2019
ဂျိုဟိုးမြို့က မျက်ရည်မိုး
ဂျိုဟိုးမြို့က မျက်ရည်မိုး
(၁)
ဘယ်နှကြိမ်မြောက် ခေါ်နေမိတယ်ဆိုတာ သူ မသိတော့။
တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်ပြီး ဖုန်းကို အိပ်ရာပေါ် ပစ်ပေါက်
လိုက်မိတဲ့ အထိ။
" မင်းနောင် ရာ...မင်းကို ငါ အကြိမ်ကြိမ် တားခဲ့ရက်နဲ့... "
အံကြိတ်ထားတဲ့ သူ့နှုတ်ခမ်းတစ်စုံဆီမှ ကြိတ်မနိုင်ခဲမရ
ထွက်ကျလာတဲ့စကား။ သူငယ်ချင်းအတွက် စိုးရိမ်သောကတွေက သူ့ရင်ထဲမှာ
ဒီရေတွေလို တလိပ်လိပ်။
ဒီခရီးကြမ်းကို မလျှောက်လှမ်းခင်အထိ မင်းနောင်ကို
သူ အကြိမ်ကြိမ် ဖြောင်းဖျ နားချ တားမြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်
ပြတ်သားမြဲခိုင်တဲ့ မင်းနောင်ရဲ့သံမဏိစိတ်ဓာတ်တွေကိုတော့
အရည်ပျော်ကျသွားအောင် သူ မစွမ်းသာခဲ့။
" မင်းစေတနာကို ငါနားလည်ပါတယ် သိန်းဇော်။ ဒါပေမယ့် ငါ့ဘဝက
ကျဉ်းထဲကြပ်ထဲရောက်နေပြီ။ ငါ စွန့်စားမှ ဖြစ်တော့မယ်။ ဂျူးဂျူးမှာ ကိုယ်ဝန်ရှိနေပြီ။
ငါတို့ ရင်သွေးလေးကို ငါတို့ မဖျက်စီး ပစ်ချင်ဘူးကွာ။ ငါ ဘာလုပ်ရမလဲ။
ငါ့မှာ ငွေလိုနေပြီ။ ငွေရရင် ငါနဲ့ ဂျူးဂျူး မြန်မာပြည် ပြန်မယ်။ ဂျူးဂျူးကို
မိသားဖသားပီပီ တောင်းရမ်း လက်ထပ်ယူမယ်။ သူ့ကို မျက်နှာ မငယ်စေချင်ဘူး။
တစ်ခေါက်တည်းပါကွာ။ ရမယ့် ပိုက်ဆံက မြိုးမြိုးမြက်မြက် ကွ။ ပစ္စည်းကို
သူတို့ ပို့ခိုင်းတဲ့နေရာရောက်အောင် ပို့ပေးနိုင်ရင် ငါ့တာဝန်ပြီးပြီ။ ငါ့အတွက်
သိပ်ပြီး စိတ်ပူ မနေပါနဲ့ကွာ "
မင်းနောင်ရဲ့ စကားသံတွေက alarm တစ်ခုလို
သူ့နားထဲမှာ ထပ်တလဲလဲ မြည်နေတယ်။ ယူကျုံးမရခြင်းတွေသာ နွေရဲ့
သစ်ရွက်ကြွေတွေလို တဖြောဖြော။
မလေးရှားကို စပြီးခြေချ ကတည်းက မင်းနောင်နဲ့သူက
ရဲဖော်ရဲဖက်၊ တစ်ခရီးတည်းသွား တစ်အိုးတည်းစား အိုးစားဖက်တွေ။
အဆင်မပြေမှု ဧရိယာထဲမှာ ရုန်းကန်ရှင်သန်ခဲ့တဲ့ သူတို့နှစ်ယောက် ဘာပဲလုပ်လုပ်
စိတ်တူကိုယ်တူ ရင်ဘတ်ချင်းတူခဲ့ကြတယ်။ အေးဂျင့်ရဲ့အလိမ်အညာတွေ နဲ့
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဗျူဟာတွေကို မခံရက်နိုင်တော့တဲ့
အဆုံး ၊ ပြည်ပအလုပ်သမားတွေရဲ့လုပ်အားကို ကြံရည်ညှစ်သလို ညှစ်နေတဲ့
စက်ရုံကနေ လွတ်အောင်ပြေးခဲ့ကြတော့လည်း အတူတူ။
အိုဗာစတေးဘဝ ရောက်ခဲ့ကြတော့လည်း ကျောချင်းကပ်
လက်ချင်းဆက်၊ အိပ်မက်တွေ အရောင်အသွေး အတူတူ။ အလုပ်တွေ ပြောင်းရင်း
ရွှေ့ ရင်း၊ ရွှေမြန်မာတွေပေါတဲ့ ဂျိုဟိုးဘာရူးမြို့ကို ရောက်တော့ ဂျူးဂျူးနဲ့ မင်းနောင်ကို
မြားနတ်မောင်က ဆုံဖက်ပေးခဲ့တယ်။ လွတ်လပ်ခြင်းနယ်နိမိတ်ထဲမှာပဲ
" living together " ဆိုတဲ့ ခေါင်းစဉ်အောက် သူတို့နှစ်ယောက်
ခိုဝင်ရောက်ရှိခဲ့ကြတယ်။
ဒီလိုနဲ့ ဂျူးဂျူးမှာ မဖုံးနိုင်မဖိနိုင် အခြေအနေကို ရောက်လာတယ်။
အလုပ်က မကောင်း၊ လက်ထဲမှာလည်း စုမိဆောင်းမိတာ မရှိ၊ ရရစားစားဝါးဝါးမြိုမြို
ဖြတ်သန်းနေရတဲ့ ကာလမှာမို့ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ဒီလမ်းကိုပဲ မင်းနောင်
ရဲရဲကြီး ရွေးချယ်လိုက်တာ။ ဒီမှာ အနေကြာနေပြီး ဖြစ်တဲ့ မြန်မာအစ်ကိုကြီးတစ်ယောက်ရဲ့
ဆက်သွယ်ပေးမှုကတဆင့် ဒီအလုပ်ကို သူ ရရှိခဲ့တာ။ ကံကြမ္မာကတော့
မျက်နှာသာမပေး ၊ ပက်ကြမ်းတိုက်တယ်။ မင်းနောင်ရဲ့စွန့်စားမှုကို တစ်ရှူးတစ်ရွက်လို
ဆွဲစုတ်လုံးချေပစ်လိုက်တယ်။
" ငါ့ကို ရဲတွေ ဆွဲသွားပြီ သိန်းဇော် "
တိုတောင်းလွန်းလှတဲ့ အရးပေါ်ဖုန်းတစ်ကောလ်နဲ့ ဆက်သွယ်မှု
ဧရိယာပြင်ပကို ရောက်ရှိသွားတဲ့ မင်းနောင်။ ဘာသတင်း ဘာအစအနမှ
ခြေရာကောက်လို့ မရတော့။ ကံဇာတ်ဆရာ လှန်ပြလိုက်တဲ့ မှောက်ထားတဲ့
ဖဲတစ်ချပ်ဟာ ဘာဖြစ်လို့များ မင်းဖြစ်နေရတာလဲ မင်းနောင်ရယ်။
(၂)
" သေချင်တာပဲ သိတော့တယ် ဟာ "
အရုပ်ကြိုးပြတ်ဖြစ်နေတဲ့ စိတ် ၊ ဆို့နစ်အက်ကွဲ နွမ်းချိတုန်ခါနေတဲ့အသံ။
ငိုရလွန်းလို့ မို့အစ်နေတဲ့ သူမရဲ့ပါးပြင်ထက်မှာ တလိမ့်လိမ့်ကြွေကျ လိမ့်ဆင်းနေတဲ့
မျက်ရည်မိုးပုလဲတွေ။
မျက်ရည်ဆိုတာ အပူဓာတ်တစ်မျိုးပါပဲ။ အခု... အဲဒီအပူတွေက
သူ့ရင်ဘတ်ထဲကို ရေတံခွန်တစ်လုံးလို တဟုန်ထိုးစီးဆင်း ဝင်ရောက်လာတယ်။
ကိုယ်ချင်းစာတရား၊ ဂရုဏာတရားတွေက ထိလွယ်ရှလွယ် သူ့နှလုံးသားရဲ့
ဗဟိုတည့်တည့်မှာ လှိုင်းထန်လို့။ သူမ သာ သူ့ညီမလေး ဆိုရင်... ။ အတွေးနဲ့တင်
သူ ဖတ်ဖတ်မောနေပြီ။
" အဓိပ္ပာယ်မရှိတာတွေ ဘာလို့ပြောနေရတာလဲ ဂျူးဂျူးရယ်။
မှားယွင်းတဲ့အတွေးတွေကို အခု ချက်ချင်း မောင်းထုတ် လိုက်စမ်းပါ။
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီပဲ။ အနာဂတ်မှာ ဘယ်လို ကောင်းအောင် ရှင်သန်ရမလဲ
ဆိုတာက ပိုပြီး အရေးကြီးပါတယ်။ ပြီးတော့ နင့်မှာက နင်တစ်ယောက်တည်းမဟုတ်ဘူး။
လူ့လောကထဲကို မကြာခင် ရောက်လာတော့မယ့် နင့်ရင်သွေးလေးကိုရော
နင်ထည့်မတွက်တော့ဘူးလား "
မျက်ရည်စက်တွေ ပေကျံနေတဲ့ သူမရဲ့လက်တစ်စုံက
သူမရဲ့ ဝမ်းဗိုက်စူစူလေးပေါ် အလိုလိုရောက်သွားတယ်။ ဖျော့တော့နေတဲ့
သူမ မျက်နှာပေါ် မှိုင်းညှို့ရီမှောင်နေတဲ့ တိမ်စိုင်တိမ်ခဲတွေ ပိုပြီး အုံ့ဆိုင်းလာသလို။
ဘာစကားမျှ အံထွက်မလာလောက်အောင် သူမအသံတွေ တစ်ဆို့လို့။
" နင် ဘယ်လောက်ကြေကွဲ ထိခိုက်နေမယ် ဆိုတာ ငါစာနာ
နားလည်ပါတယ် ဂျူးဂျူးရယ်။ ဖြစ်လာတဲ့ ပြဿနာ၊ ရောက်လာတဲ့ ဒုက္ခ ကို
နင်ဘာလို့ လက်မြှောက်ဒူးထောက်ပေးချင်နေရတာလဲ။ အမှောင်ကို ကျိန်ဆဲ
နေမယ့်အစား ဖယောင်းတိုင်ကို ထွန်းလိုက်စမ်းပါ။ တို့ လူသားတွေဟာ လောကဓံရဲ့
ကစားဖော်ကစားဖက်တွေပါဟာ။ လောကဓံက ကိုယ့်ကိုမောင်းထုတ်ရင် ကိုယ်ကလည်း
လောကဓံကို ပြန်မောင်းထုတ်နိုင်ရမယ်လေ။ နင် ကြံ့ကြံ့ခံစမ်းပါ။
နင့်ရင်သွေးလေးအတွက်... "
သူ့အသံတွေလည်း တိမ်မြှုပ်နစ်ဝင်သွားတယ်။ သူမကတော့
တရှုံ့ရှုံ့ရှိုက်ငင်နေဆဲ။ နိုင်ငံတော်သီချင်း ဆိုသလိုမျိုး သူမ အသံတွေရဲရင့်၊
သူမ လက်သီးတွေ ကျစ်လစ်စေချင်နေမိတာ သူ့ရဲ့ဆန္ဒ အမှန်ပါ။
အပြင်မှာတော့ မိုးချုန်းသံတွေနဲ့အတူ လျှပ်စီးတွေ တဖျပ်ဖျပ်
လက်နေတယ်။ ဒီမြေဒီရေရဲ့မိုးဟာ မကြာခင် အငြှိုးကြီးကြီးနဲ့ ရွာတော့မယ်ဆိုတာ
သူ သိလိုက်ပြီ။
(၃)
အိပ်မရခြင်းက သူ့ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေပြီး
ခွေးအတွေလို ကိုက်ဆွဲနေတယ်။ ခပ်လှမ်းလှမ်း ကားလမ်းမဆီမှ အရေးပေါ်
ဥဩဆွဲသွားသံ ကြားရတယ်။ သူ့အတွေးထဲမှာလည်း မင်းနောင်အတွက်
အရေးပေါ်ဥဩဆွဲသံတွေ ဆူညံပွက်လောရိုက်နေရဲ့။
ဒုက္ခဝဲဂယက်ကြီးထဲ နစ်မြုပ်သွားတဲ့ မင်းနောင်ရဲ့ပုံရိပ်တွေက
သူ့ရင်ထဲမှာ ဆို့ဆို့နင့်နင့်။ ခုလောက်ဆို နံရံတွေကြားမှာ စိတ်ဓာတ်တွေ
ပျက်ပြားနေမယ့် သူငယ်ချင်း။ ဂျူးဂျူး နဲ့ ရင်သွေးလေးအတွက် စိတ်မချခြင်းတွေနဲ့
အိပ်မက်ဆိုးတွေ မက်နေမယ့် သူငယ်ချင်း။ တစ်ခုပေးမှ တစ်ခုရတဲ့ ကမ္ဘာကြီးမှာ
တစ်ခုမှ မရဘဲ ဘဝတစ်ခုလုံး ထိုးပေးလိုက်ရတဲ့ သူငယ်ချင်း။ အဲဒီ အမှောင်နံရံတွေ
ကြားကနေ သူငယ်ချင်းဖြစ်သူကို သူ ဘယ်လို ဆွဲထုတ်ကယ်တင်ပေးရမလဲ။
တန်ခိုးရှင်မဟုတ်တဲ့ သူ့အဖို့ ကြေကွဲဝမ်းနည်း ယူကျုံးမရခြင်းတွေသာ
အတားအဆီးမရှိ။ ဒီနိုင်ငံရဲ့ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အပြစ်ဒဏ်အကြောင်း
တွေးကြည့်မိလိုက်တော့ သူ အသက်ရှူတွေပါ ကြပ်သွားတယ်။
ပြီးတော့ ရွက်ပျက်တက်ကျိုးပြီး ကမ်းမဲ့လှေတစ်စင်းလို
ကူရာမဲ့ ဖြစ်နေတဲ့ ဂျူးဂျူးရဲ့အနာဂတ်။ မင်းနောင် ရဲ့လက်တစ်စုံ ကို အားကိုးရာ
မှတ်ပြီး ဘဝတစ်ခုလုံး ပုံအပ်ခဲ့တဲ့ သူမ။ အချစ်ဆိုတဲ့ ဝါကျတစ်ကြောင်းကို နေရာမှန်
သဒ္ဒါမှန်အောင် မတည်ဆောက်နိုင်ခဲ့တဲ့ သူမ။ ခုတော့... ကံကြမ္မာရဲ့
သံခွာခါးခါးအောက်မှာ မရှူနိုင်မကယ်နိုင် ဖြစ်နေရတဲ့ အခြေအနေ။
ကိုယ်နဲ့မဆိုင်သလို မျက်နှာလွှဲ ပစ်လိုက်ဖို့ သူ့မှာ ခွန်အားမရှိတာ အမှန်။ ရှေ့ရေးကို
တွေးကြည့်လိုက်တော့ သူမ အတွက် သူ့ရင်ဘတ်တွေ လေးလံလို့။
နောက်ပြီး... ဟိုတစ်နေ့က ဖုန်းထဲကနေ အမောတကော
မှာကြားလိုက်တဲ့ အမေ့ရဲ့ အမောတွေ...။
" ဒီလ ပိုက်ဆံလွှဲလိုက်ဦးနော် သား။ အိမ်က ဒီနှစ် ပြင်မှ
ဖြစ်တော့မှာ။ မင်းအဖေက ကျန်းမာရေး သိပ်မကောင်းဘူး။ မင်းညီမလေးရဲ့
သင်တန်းစရိတ်ကလည်း ရှိသေးတယ်"
ယိမ်းထိုး ယိုင်နဲ့နေတဲ့ သူ့မိသားစုအကြောင်းကိုလည်း
သူအသိဆုံး။ အတိုးနဲ့ ဆွဲလာခဲ့တဲ့ ပိုက်ဆံတွေက ကျေတာ သိပ်မကြာသေး။
၂ နှစ်ဆိုတဲ့ ကာလတစ်ခုမှာ သူပေးဆပ်ခဲ့တာတွေက မနည်း။ ငွေတွေ၊ အချိန်တွေ၊
ခွန်အားတွေ၊ စိတ်ပင်ပန်းမှုတွေ၊ အန္တရာယ်တွေ၊ အိမ်လွမ်းနာတွေ၊
လူ့အောက်ပိခြင်းတွေ။ ထောင်ချောက်ကမ်းပါးနား လှမ်းလျှောက်နေရတဲ့
အိုဗာစတေးသမားလေ။ မြွေတွင်းနဲ့ ငွေတွင်း အချိန်မရွေး မှားယွင်းနှိုက်မိနိုင်တဲ့
အခြေအနေတွေနဲ့။
သူကြိုးစားပို့ခဲ့တဲ့ ငွေကြေးတွေက ကျောထောက်နောက်ခံ
မကောင်းတဲ့ သူ့မိသားစုလေးအတွက် ရရစားစားဝါးဝါးမြိုမြိုထက် မပိုခဲ့။
ဘာပဲဖြစ်ဖြစ် ဒီမြစ်နဲ့ဒီလှိုင်းတွေကို ရွေးချယ်ခဲ့ပြီးပြီမို့ သူ ရဲရဲကြီး ဖြတ်ကူးရုံမှတပါး....။
ဒါတင်မကသေး။ သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ
မြတ်မြတ်နိုးနိုးနဲ့ နှစ်နှစ်ကာကာ ချစ်မက်ရတဲ့ ချစ်သူ ခိုင်။ ရေခြားမြေခြားအလွမ်းတွေကို
ထမ်းပိုးရင်း သူ့ပြည်တော်ပြန်လမ်းကို အမျှော်ပန်းတွေနဲ့ စောင့်ကြိုနေရှာတဲ့ ချစ်သူ ခိုင်။
" ခိုင့် ဘဝရဲ့တစ်ဦးတည်းသော လက်တွဲဖော်ဟာ ကိုပါ။
ကို့ကိုပဲ ခိုင် လက်ထပ်မယ်။ ပိုက်ဆံ ကို ကြိုးစားစုပြီး အမြန်ပြန်လာခဲ့နော် "
ခိုင့်စကားသံတွေက သူ့နှလုံးသည်းပွတ်မှာ ပဲ့တင်အထပ်ထပ်။
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့သာ လက်တွဲလိုကြတာချည်းပဲ။ သူလည်း
အဲဒီလူတွေထဲက လူတစ်ယောက်ပါ။ ပုထုဇဉ်ပီပီ ခိုင့်ကိုပဲ သူ လက်ထပ်မယ်။
စိတ်ကူးယဉ်ရတာ လွယ်သလောက် လက်တွေ့ဟာ ခက်ခဲနက်နဲတယ်ဆိုတာ
သူ့ဦးနှောက်က သင်ပုန်းကြေပြီးသား။ ဒီလို သောကညနက်ကြီးမှာ
သူ အိပ်မပျော်နိုင်တာ တရားနည်းလမ်းတော့ ကျပါတယ်လေ။
(၄)
သူ တော်တော် တင်းသွားတယ်။ သူဌေးက မင်းနောင် ရဲ့
လစာ ကို ရှောရှောရှူရှူ မပေး။ တစ်လမပြည့်လို့ ဆိုပြီး ညစ်တယ်။ လူတစ်ယောက်လုံး
ဒုက္ခအတိ ရောက်နေတာတောင် ဂရုဏာတရားမထားနိုင်တဲ့ လူ။ အကျိုးသင့်
အကြောင်းသင့် ခပ်မာမာ ကြမ်းပြတော့မှ ရက် ၂၀ ခ ထုတ်ပေးတယ်။
ဘာပဲဖြစ်ဖြစ် မင်းနောင်ရဲ့လုပ်အားခ ကိုတော့ ဂျူးဂျူး လက်ထဲကို တစ်ပြားမကျန်
အပ်ရမယ်။ ဂျူးဂျူး မှာက ရှေ့ လျှောက် ငွေလိုတော့မှာ မဟုတ်လား။
အခန်းထဲဝင်လိုက်တော့... သူ့မျက်လုံးတွေ ပြာထွက်သွားတယ်။
ထင်မှတ်မထားတဲ့ မြင်ကွင်း။ လက်နှစ်ဖက်က ကြိုးကွင်းကို ကိုင်ထားပြီး ထိုင်ခုံပေါ်မှာ
ရပ်နေတဲ့ အနေအထားနဲ့ ဂျူးဂျူး။ သူ အလျင်အမြန်ပြေးပြီး တားဆီးလိုက်ရတယ်။
သူ အချိန်မီရောက်လာလို့ပေါ့။ နောက်ကျမှသာ ရောက်လာခဲ့ရင် မတွေးရဲစရာ။
" မိုက်လှချည်လား ဂျူးဂျူး ရာ။ လူ့အသက်တစ်ချောင်းဆိုတာ
ရခဲတယ်ကွ။ အခု... နင့် လုပ်ရပ်က အသက် နှစ်ချောင်း "
အသားကုန်အော်ဟစ်ငေါက်ငမ်းလိုက်တဲ့ သူ့ အသံနောက်မှာ
သူမ အထိမ်းအကွပ်မရှိ ငို ချ လိုက်တယ်။ အိပ်ရေးပျက်လို့ ညိုနက်ချိုင့်ဝင်နေတဲ့
မျက်ဝန်း။ မျက်ရည်ကျရလွန်းလို့ ကျိန်းစပ်နီမြန်းနေတဲ့ မျက်လုံး။ ရဲဝံ့ခြင်း၊
ယုံကြည်ခြင်း၊ လတ်ဆတ်ခြင်းတွေ ပျောက်ဆုံးကုန်ခမ်းနေတဲ့ မျက်နှာ ၊ စိတ်နဲ့လူနဲ့
မကပ်တဲ့ အမူအရာနဲ့ သူမ တစ်ကိုယ်လုံး နတ်ဝင်သည်လို ကတုန်ကယင် ဖြစ်နေတယ်။
" ငါ... ငါ... သေချင်တာပဲ သိတော့တယ် သိန်းဇော်ရယ် "
သူမရဲ့မျက်ရည်စက်တွေ ပါးပြင်ပေါ်ကို အတားအဆီးမရှိ တအိအိ
ပြိုဆင်းနေတယ်။ တိမ်ဝင်သွားတဲ့ အသံနဲ့အတူ လျှောကျသွားတဲ့ ခွန်အားတွေ၊
အားမာန်တွေကိုပါ သူခံစားသိမြင်လိုက်ရတယ်။
" ကိုနောင် မရှိတော့တဲ့ ငါ့အနာဂတ်မှာ ဒီကလေးကို
ငါဘယ်လို မွေးရမလဲ။ မြန်မာပြည်ကို ဘယ်လိုသတ္တိမျိုးနဲ့ ငါပြန်ရမလဲ။ ငါ့မိဘ၊
ငါ့မောင်နှမ၊ ငါ့ဆွေမျိုးတွေရဲ့ ရှေ့ မှာ ငါဘယ်လို မျက်နှာပြရမလဲ။ ငါ့မှာ
ခံနိုင်ရည်အားတွေ မရှိတော့ဘူးဟာ။ ဒီဒုက္ခတွေထဲက လွတ်မြောက်ဖို့
ငါ့မှာ ဒီထွက်ပေါက်ပဲ ရှိတော့တာ "
သူမရဲ့ မျက်ရည် တစ်စက် တစ်စက်ဟာ သူ့ရင်ဘတ်ကို
သေနတ်နဲ့ တစ်ချက်ပြီးတစ်ချက် ပစ်ခတ်နေသလို။ သူ့ရင်ဘတ်တစ်ခုလုံး
ဆန်ကာပေါက်ဖြစ်လို့။ ဘယ်လို ပါရမီမျိုးနဲ့ ဒီမျက်ရည်စက်လက်ပစ္စက္ခကြီးကို သူ
ဥပေက္ခာ ပြုနိုင်ရက်မှာလဲ။ လူနှစ်ယောက်ရဲ့အရှက်။ လူနှစ်ယောက်ရဲ့အသက်။
" အဓိပ္ပာယ်မဲ့လိုက်တာဟာ။ ဒီလိုထွက်ပေါက်ဆိုးကိုမှ
နင်ဘာလို့ မိုက်မိုက်မဲမဲ တိုးဝင်ချင်ရတာလဲ။ နေမင်းနဲ့ လွဲရလို့ ပူဆွေးဝမ်းနည်း
ငိုကြွေးနေမယ်ဆိုရင် ကြယ်တာရာ တွေနဲ့လည်း လွဲဦးမှာပဲ တဲ့။ နေမင်းနဲ့
လွဲချင်လွဲပါစေ၊ ကြယ်တာရာတွေနဲ့ မလွဲအောင်တော့ နင်ကြိုးစားရမယ်။ ဘာမှ
အားမငယ်ပါနဲ့ ဂျူးဂျူးရယ်။ နင့်ရင်သွေးကို နင် မဖြစ်ဖြစ်အောင်မွေးရမယ်။
ရဲရဲဝံ့ဝံ့မွေးရမယ်။ နင့် ရင်သွေးအတွက် နင် အားမာန်တွေ မွေးရမယ်။
နင့်အနားမှာ ငါတစ်ယောက်လုံး ရှိပါသေးတယ်ဟာ "
သူ့ရင်ဘတ်ထဲက ပွင့်ထွက်လာတဲ့ ရင်ခတ်သံတွေ။
သူ ဘာမှ စဉ်းစားမနေတော့။ ဘောင်းဘီအိတ်ထဲက ဖုန်းကို အလျင်စလို
ဆွဲထုတ်လိုက်တယ်။
" ဟဲလို... ကျွန်တော်တို့ အောက်လမ်းကနေ
မြန်မာပြည် ပြန်ချင်လို့ပါ "
အံ့ဩ တုန်လှုပ်သွားတဲ့ အမူအရာနဲ့ သူ့ဆီ ဖြာခနဲ
ရာက်လာတဲ့ သူမရဲ့အကြည့်တစ်ချက်ကို သူ ရဲရဲကြီး ရင်ဆိုင်ပစ်လိုက်တယ်။
အမေ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။
မင်းနောင်... ကျေးဇူးပြုပြီး ငါ့ကို နားလည်ပေးပါ။ ခိုင်... ကျေးဇူးပြုပြီး
ကိုယ့်ကို မုန်းပေးပါ။
ဆို့နစ်နေတဲ့ ခံစားချက်တွေနဲ့ပဲ သူမရဲ့မျက်ရည်မိုးစက်တွေကို
သူ့လက်တစ်ဖက်နဲ့ သုတ်ပေးလိုက်မိတယ်။ အပြင်မှာတော့...
အငြှိုးကြီးကြီးနဲ့ ရွာနေတဲ့မိုးက မတိတ်သေး။
လင်းလက်တာရာ