Friday, September 20, 2019

ဂျိုဟိုးမြို့က မျက်ရည်မိုး

ဂျိုဟိုးမြို့က မျက်ရည်မိုး

                                        (၁)

            ဘယ်နှကြိမ်မြောက် ခေါ်နေမိတယ်ဆိုတာ သူ မသိတော့။
တောက်တစ်ချက်ကို ခပ်ပြင်းပြင်းခေါက်လိုက်ပြီး ဖုန်းကို အိပ်ရာပေါ် ပစ်ပေါက်
လိုက်မိတဲ့ အထိ။
             " မင်းနောင် ရာ...မင်းကို ငါ အကြိမ်ကြိမ် တားခဲ့ရက်နဲ့... "
              အံကြိတ်ထားတဲ့ သူ့နှုတ်ခမ်းတစ်စုံဆီမှ ကြိတ်မနိုင်ခဲမရ
ထွက်ကျလာတဲ့စကား။ သူငယ်ချင်းအတွက် စိုးရိမ်သောကတွေက သူ့ရင်ထဲမှာ
ဒီရေတွေလို တလိပ်လိပ်။
              ဒီခရီးကြမ်းကို မလျှောက်လှမ်းခင်အထိ မင်းနောင်ကို
သူ အကြိမ်ကြိမ် ဖြောင်းဖျ နားချ တားမြစ်ခဲ့ပါသေးတယ်။ ဒါပေမယ့်
ပြတ်သားမြဲခိုင်တဲ့ မင်းနောင်ရဲ့သံမဏိစိတ်ဓာတ်တွေကိုတော့
အရည်ပျော်ကျသွားအောင် သူ မစွမ်းသာခဲ့။
            " မင်းစေတနာကို ငါနားလည်ပါတယ် သိန်းဇော်။ ဒါပေမယ့် ငါ့ဘဝက
ကျဉ်းထဲကြပ်ထဲရောက်နေပြီ။ ငါ စွန့်စားမှ ဖြစ်တော့မယ်။  ဂျူးဂျူးမှာ ကိုယ်ဝန်ရှိနေပြီ။
ငါတို့ ရင်သွေးလေးကို ငါတို့ မဖျက်စီး ပစ်ချင်ဘူးကွာ။ ငါ ဘာလုပ်ရမလဲ။ 
ငါ့မှာ ငွေလိုနေပြီ။ ငွေရရင် ငါနဲ့ ဂျူးဂျူး မြန်မာပြည် ပြန်မယ်။  ဂျူးဂျူးကို
မိသားဖသားပီပီ တောင်းရမ်း လက်ထပ်ယူမယ်။ သူ့ကို မျက်နှာ မငယ်စေချင်ဘူး။
တစ်ခေါက်တည်းပါကွာ။  ရမယ့် ပိုက်ဆံက မြိုးမြိုးမြက်မြက် ကွ။  ပစ္စည်းကို
သူတို့ ပို့ခိုင်းတဲ့နေရာရောက်အောင် ပို့ပေးနိုင်ရင် ငါ့တာဝန်ပြီးပြီ။  ငါ့အတွက်
သိပ်ပြီး စိတ်ပူ မနေပါနဲ့ကွာ "
                 မင်းနောင်ရဲ့ စကားသံတွေက alarm  တစ်ခုလို
သူ့နားထဲမှာ ထပ်တလဲလဲ မြည်နေတယ်။  ယူကျုံးမရခြင်းတွေသာ နွေရဲ့
သစ်ရွက်ကြွေတွေလို တဖြောဖြော။
                မလေးရှားကို စပြီးခြေချ ကတည်းက မင်းနောင်နဲ့သူက
ရဲဖော်ရဲဖက်၊  တစ်ခရီးတည်းသွား တစ်အိုးတည်းစား အိုးစားဖက်တွေ။
အဆင်မပြေမှု ဧရိယာထဲမှာ ရုန်းကန်ရှင်သန်ခဲ့တဲ့ သူတို့နှစ်ယောက် ဘာပဲလုပ်လုပ်
စိတ်တူကိုယ်တူ ရင်ဘတ်ချင်းတူခဲ့ကြတယ်။ အေးဂျင့်ရဲ့အလိမ်အညာတွေ နဲ့
အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ဗျူဟာတွေကို မခံရက်နိုင်တော့တဲ့
အဆုံး ၊ ပြည်ပအလုပ်သမားတွေရဲ့လုပ်အားကို ကြံရည်ညှစ်သလို ညှစ်နေတဲ့
စက်ရုံကနေ လွတ်အောင်ပြေးခဲ့ကြတော့လည်း အတူတူ။
                 အိုဗာစတေးဘဝ ရောက်ခဲ့ကြတော့လည်း ကျောချင်းကပ်
လက်ချင်းဆက်၊ အိပ်မက်တွေ အရောင်အသွေး အတူတူ။ အလုပ်တွေ ပြောင်းရင်း
ရွှေ့ ရင်း၊ ရွှေမြန်မာတွေပေါတဲ့ ဂျိုဟိုးဘာရူးမြို့ကို ရောက်တော့ ဂျူးဂျူးနဲ့ မင်းနောင်ကို
မြားနတ်မောင်က ဆုံဖက်ပေးခဲ့တယ်။ လွတ်လပ်ခြင်းနယ်နိမိတ်ထဲမှာပဲ
" living together " ဆိုတဲ့ ခေါင်းစဉ်အောက် သူတို့နှစ်ယောက်
ခိုဝင်ရောက်ရှိခဲ့ကြတယ်။
                 ဒီလိုနဲ့ ဂျူးဂျူးမှာ မဖုံးနိုင်မဖိနိုင် အခြေအနေကို ရောက်လာတယ်။
အလုပ်က မကောင်း၊ လက်ထဲမှာလည်း စုမိဆောင်းမိတာ မရှိ၊  ရရစားစားဝါးဝါးမြိုမြို
ဖြတ်သန်းနေရတဲ့ ကာလမှာမို့ ဒီအခက်အခဲတွေကို ဖြေရှင်းဖို့ ဒီလမ်းကိုပဲ မင်းနောင်
ရဲရဲကြီး ရွေးချယ်လိုက်တာ။ ဒီမှာ အနေကြာနေပြီး ဖြစ်တဲ့ မြန်မာအစ်ကိုကြီးတစ်ယောက်ရဲ့
ဆက်သွယ်ပေးမှုကတဆင့် ဒီအလုပ်ကို သူ ရရှိခဲ့တာ။ ကံကြမ္မာကတော့
မျက်နှာသာမပေး ၊ ပက်ကြမ်းတိုက်တယ်။ မင်းနောင်ရဲ့စွန့်စားမှုကို တစ်ရှူးတစ်ရွက်လို
ဆွဲစုတ်လုံးချေပစ်လိုက်တယ်။
                " ငါ့ကို ရဲတွေ ဆွဲသွားပြီ သိန်းဇော် "
                  တိုတောင်းလွန်းလှတဲ့ အရးပေါ်ဖုန်းတစ်ကောလ်နဲ့ ဆက်သွယ်မှု
ဧရိယာပြင်ပကို ရောက်ရှိသွားတဲ့ မင်းနောင်။  ဘာသတင်း ဘာအစအနမှ 
ခြေရာကောက်လို့ မရတော့။ ကံဇာတ်ဆရာ လှန်ပြလိုက်တဲ့ မှောက်ထားတဲ့
ဖဲတစ်ချပ်ဟာ ဘာဖြစ်လို့များ မင်းဖြစ်နေရတာလဲ မင်းနောင်ရယ်။

                                               (၂)

               " သေချင်တာပဲ သိတော့တယ် ဟာ "
               အရုပ်ကြိုးပြတ်ဖြစ်နေတဲ့ စိတ် ၊ ဆို့နစ်အက်ကွဲ နွမ်းချိတုန်ခါနေတဲ့အသံ။ 
ငိုရလွန်းလို့ မို့အစ်နေတဲ့ သူမရဲ့ပါးပြင်ထက်မှာ တလိမ့်လိမ့်ကြွေကျ လိမ့်ဆင်းနေတဲ့
မျက်ရည်မိုးပုလဲတွေ။
                  မျက်ရည်ဆိုတာ အပူဓာတ်တစ်မျိုးပါပဲ။  အခု... အဲဒီအပူတွေက
သူ့ရင်ဘတ်ထဲကို ရေတံခွန်တစ်လုံးလို တဟုန်ထိုးစီးဆင်း ဝင်ရောက်လာတယ်။
ကိုယ်ချင်းစာတရား၊ ဂရုဏာတရားတွေက ထိလွယ်ရှလွယ် သူ့နှလုံးသားရဲ့
ဗဟိုတည့်တည့်မှာ လှိုင်းထန်လို့။ သူမ သာ သူ့ညီမလေး ဆိုရင်... ။ အတွေးနဲ့တင်
သူ ဖတ်ဖတ်မောနေပြီ။
                  " အဓိပ္ပာယ်မရှိတာတွေ ဘာလို့ပြောနေရတာလဲ ဂျူးဂျူးရယ်။
မှားယွင်းတဲ့အတွေးတွေကို အခု ချက်ချင်း မောင်းထုတ် လိုက်စမ်းပါ။ 
ပြီးခဲ့တာတွေလည်း ပြီးခဲ့ပြီပဲ။  အနာဂတ်မှာ ဘယ်လို ကောင်းအောင် ရှင်သန်ရမလဲ
ဆိုတာက ပိုပြီး အရေးကြီးပါတယ်။  ပြီးတော့ နင့်မှာက နင်တစ်ယောက်တည်းမဟုတ်ဘူး။ 
လူ့လောကထဲကို မကြာခင် ရောက်လာတော့မယ့် နင့်ရင်သွေးလေးကိုရော
နင်ထည့်မတွက်တော့ဘူးလား "
                    မျက်ရည်စက်တွေ ပေကျံနေတဲ့ သူမရဲ့လက်တစ်စုံက
သူမရဲ့ ဝမ်းဗိုက်စူစူလေးပေါ် အလိုလိုရောက်သွားတယ်။  ဖျော့တော့နေတဲ့
သူမ မျက်နှာပေါ် မှိုင်းညှို့ရီမှောင်နေတဲ့ တိမ်စိုင်တိမ်ခဲတွေ ပိုပြီး အုံ့ဆိုင်းလာသလို။ 
ဘာစကားမျှ အံထွက်မလာလောက်အောင် သူမအသံတွေ တစ်ဆို့လို့။
                   " နင် ဘယ်လောက်ကြေကွဲ ထိခိုက်နေမယ် ဆိုတာ ငါစာနာ
နားလည်ပါတယ် ဂျူးဂျူးရယ်။  ဖြစ်လာတဲ့ ပြဿနာ၊  ရောက်လာတဲ့ ဒုက္ခ ကို
နင်ဘာလို့ လက်မြှောက်ဒူးထောက်ပေးချင်နေရတာလဲ။  အမှောင်ကို ကျိန်ဆဲ
နေမယ့်အစား ဖယောင်းတိုင်ကို ထွန်းလိုက်စမ်းပါ။  တို့ လူသားတွေဟာ လောကဓံရဲ့
ကစားဖော်ကစားဖက်တွေပါဟာ။ လောကဓံက ကိုယ့်ကိုမောင်းထုတ်ရင် ကိုယ်ကလည်း
လောကဓံကို ပြန်မောင်းထုတ်နိုင်ရမယ်လေ။  နင် ကြံ့ကြံ့ခံစမ်းပါ။ 
နင့်ရင်သွေးလေးအတွက်... "
                    သူ့အသံတွေလည်း တိမ်မြှုပ်နစ်ဝင်သွားတယ်။  သူမကတော့
တရှုံ့ရှုံ့ရှိုက်ငင်နေဆဲ။ နိုင်ငံတော်သီချင်း ဆိုသလိုမျိုး သူမ အသံတွေရဲရင့်၊
သူမ လက်သီးတွေ ကျစ်လစ်စေချင်နေမိတာ သူ့ရဲ့ဆန္ဒ အမှန်ပါ။
                   အပြင်မှာတော့ မိုးချုန်းသံတွေနဲ့အတူ လျှပ်စီးတွေ တဖျပ်ဖျပ်
လက်နေတယ်။ ဒီမြေဒီရေရဲ့မိုးဟာ မကြာခင် အငြှိုးကြီးကြီးနဲ့ ရွာတော့မယ်ဆိုတာ
သူ သိလိုက်ပြီ။

                                                  (၃)

                  အိပ်မရခြင်းက သူ့ကို တစ္ဆေတစ်ကောင်လို ခြောက်လှန့်နေပြီး
ခွေးအတွေလို ကိုက်ဆွဲနေတယ်။  ခပ်လှမ်းလှမ်း ကားလမ်းမဆီမှ အရေးပေါ်
ဥဩဆွဲသွားသံ ကြားရတယ်။  သူ့အတွေးထဲမှာလည်း မင်းနောင်အတွက်
အရေးပေါ်ဥဩဆွဲသံတွေ ဆူညံပွက်လောရိုက်နေရဲ့။
                   ဒုက္ခဝဲဂယက်ကြီးထဲ နစ်မြုပ်သွားတဲ့ မင်းနောင်ရဲ့ပုံရိပ်တွေက
သူ့ရင်ထဲမှာ ဆို့ဆို့နင့်နင့်။  ခုလောက်ဆို နံရံတွေကြားမှာ စိတ်ဓာတ်တွေ
ပျက်ပြားနေမယ့် သူငယ်ချင်း။ ဂျူးဂျူး နဲ့ ရင်သွေးလေးအတွက် စိတ်မချခြင်းတွေနဲ့
အိပ်မက်ဆိုးတွေ မက်နေမယ့် သူငယ်ချင်း။ တစ်ခုပေးမှ တစ်ခုရတဲ့ ကမ္ဘာကြီးမှာ
တစ်ခုမှ မရဘဲ ဘဝတစ်ခုလုံး ထိုးပေးလိုက်ရတဲ့ သူငယ်ချင်း။  အဲဒီ အမှောင်နံရံတွေ
ကြားကနေ သူငယ်ချင်းဖြစ်သူကို သူ ဘယ်လို ဆွဲထုတ်ကယ်တင်ပေးရမလဲ။
တန်ခိုးရှင်မဟုတ်တဲ့ သူ့အဖို့ ကြေကွဲဝမ်းနည်း ယူကျုံးမရခြင်းတွေသာ
အတားအဆီးမရှိ။ ဒီနိုင်ငံရဲ့ မူးယစ်ဆေးနဲ့ပတ်သက်တဲ့ အပြစ်ဒဏ်အကြောင်း
တွေးကြည့်မိလိုက်တော့ သူ အသက်ရှူတွေပါ ကြပ်သွားတယ်။
                  ပြီးတော့ ရွက်ပျက်တက်ကျိုးပြီး ကမ်းမဲ့လှေတစ်စင်းလို
ကူရာမဲ့ ဖြစ်နေတဲ့ ဂျူးဂျူးရဲ့အနာဂတ်။  မင်းနောင် ရဲ့လက်တစ်စုံ ကို အားကိုးရာ
မှတ်ပြီး ဘဝတစ်ခုလုံး ပုံအပ်ခဲ့တဲ့ သူမ။ အချစ်ဆိုတဲ့ ဝါကျတစ်ကြောင်းကို နေရာမှန်
သဒ္ဒါမှန်အောင် မတည်ဆောက်နိုင်ခဲ့တဲ့ သူမ။  ခုတော့... ကံကြမ္မာရဲ့
သံခွာခါးခါးအောက်မှာ မရှူနိုင်မကယ်နိုင် ဖြစ်နေရတဲ့ အခြေအနေ။ 
ကိုယ်နဲ့မဆိုင်သလို မျက်နှာလွှဲ ပစ်လိုက်ဖို့ သူ့မှာ ခွန်အားမရှိတာ အမှန်။  ရှေ့ရေးကို
တွေးကြည့်လိုက်တော့ သူမ အတွက် သူ့ရင်ဘတ်တွေ လေးလံလို့။ 
                    နောက်ပြီး...  ဟိုတစ်နေ့က ဖုန်းထဲကနေ အမောတကော
မှာကြားလိုက်တဲ့ အမေ့ရဲ့ အမောတွေ...။
                  " ဒီလ ပိုက်ဆံလွှဲလိုက်ဦးနော် သား။  အိမ်က ဒီနှစ် ပြင်မှ
ဖြစ်တော့မှာ။ မင်းအဖေက ကျန်းမာရေး သိပ်မကောင်းဘူး။  မင်းညီမလေးရဲ့
သင်တန်းစရိတ်ကလည်း ရှိသေးတယ်"
                  ယိမ်းထိုး ယိုင်နဲ့နေတဲ့ သူ့မိသားစုအကြောင်းကိုလည်း
သူအသိဆုံး။ အတိုးနဲ့ ဆွဲလာခဲ့တဲ့ ပိုက်ဆံတွေက ကျေတာ သိပ်မကြာသေး။
၂ နှစ်ဆိုတဲ့ ကာလတစ်ခုမှာ သူပေးဆပ်ခဲ့တာတွေက မနည်း။  ငွေတွေ၊ အချိန်တွေ၊ 
ခွန်အားတွေ၊  စိတ်ပင်ပန်းမှုတွေ၊ အန္တရာယ်တွေ၊  အိမ်လွမ်းနာတွေ၊ 
လူ့အောက်ပိခြင်းတွေ။ ထောင်ချောက်ကမ်းပါးနား လှမ်းလျှောက်နေရတဲ့
အိုဗာစတေးသမားလေ။  မြွေတွင်းနဲ့ ငွေတွင်း အချိန်မရွေး မှားယွင်းနှိုက်မိနိုင်တဲ့
အခြေအနေတွေနဲ့။
                   သူကြိုးစားပို့ခဲ့တဲ့ ငွေကြေးတွေက ကျောထောက်နောက်ခံ
မကောင်းတဲ့ သူ့မိသားစုလေးအတွက် ရရစားစားဝါးဝါးမြိုမြိုထက် မပိုခဲ့။
ဘာပဲဖြစ်ဖြစ် ဒီမြစ်နဲ့ဒီလှိုင်းတွေကို ရွေးချယ်ခဲ့ပြီးပြီမို့ သူ ရဲရဲကြီး ဖြတ်ကူးရုံမှတပါး....။ 
                    ဒါတင်မကသေး။  သူ့နှလုံးသားရဲ့အနက်ရှိုင်းဆုံးနေရာကနေ
မြတ်မြတ်နိုးနိုးနဲ့ နှစ်နှစ်ကာကာ ချစ်မက်ရတဲ့ ချစ်သူ ခိုင်။ ရေခြားမြေခြားအလွမ်းတွေကို
ထမ်းပိုးရင်း သူ့ပြည်တော်ပြန်လမ်းကို အမျှော်ပန်းတွေနဲ့ စောင့်ကြိုနေရှာတဲ့ ချစ်သူ ခိုင်။
                   " ခိုင့် ဘဝရဲ့တစ်ဦးတည်းသော လက်တွဲဖော်ဟာ ကိုပါ။ 
ကို့ကိုပဲ ခိုင် လက်ထပ်မယ်။  ပိုက်ဆံ ကို ကြိုးစားစုပြီး အမြန်ပြန်လာခဲ့နော် "
                   ခိုင့်စကားသံတွေက သူ့နှလုံးသည်းပွတ်မှာ ပဲ့တင်အထပ်ထပ်။ 
ဘယ်သူမဆို ကိုယ်ချစ်တဲ့သူနဲ့သာ လက်တွဲလိုကြတာချည်းပဲ။  သူလည်း
အဲဒီလူတွေထဲက လူတစ်ယောက်ပါ။ ပုထုဇဉ်ပီပီ ခိုင့်ကိုပဲ သူ လက်ထပ်မယ်။ 
စိတ်ကူးယဉ်ရတာ လွယ်သလောက် လက်တွေ့ဟာ ခက်ခဲနက်နဲတယ်ဆိုတာ
သူ့ဦးနှောက်က သင်ပုန်းကြေပြီးသား။  ဒီလို သောကညနက်ကြီးမှာ
သူ အိပ်မပျော်နိုင်တာ တရားနည်းလမ်းတော့ ကျပါတယ်လေ။

                                               (၄)

                 သူ တော်တော် တင်းသွားတယ်။  သူဌေးက မင်းနောင် ရဲ့
လစာ ကို ရှောရှောရှူရှူ မပေး။ တစ်လမပြည့်လို့ ဆိုပြီး ညစ်တယ်။ လူတစ်ယောက်လုံး
ဒုက္ခအတိ ရောက်နေတာတောင် ဂရုဏာတရားမထားနိုင်တဲ့ လူ။  အကျိုးသင့်
အကြောင်းသင့် ခပ်မာမာ ကြမ်းပြတော့မှ ရက် ၂၀ ခ ထုတ်ပေးတယ်။ 
ဘာပဲဖြစ်ဖြစ် မင်းနောင်ရဲ့လုပ်အားခ ကိုတော့ ဂျူးဂျူး လက်ထဲကို တစ်ပြားမကျန်
အပ်ရမယ်။  ဂျူးဂျူး မှာက ရှေ့ လျှောက် ငွေလိုတော့မှာ မဟုတ်လား။
                  အခန်းထဲဝင်လိုက်တော့...  သူ့မျက်လုံးတွေ ပြာထွက်သွားတယ်။ 
ထင်မှတ်မထားတဲ့ မြင်ကွင်း။  လက်နှစ်ဖက်က ကြိုးကွင်းကို ကိုင်ထားပြီး ထိုင်ခုံပေါ်မှာ
ရပ်နေတဲ့ အနေအထားနဲ့ ဂျူးဂျူး။ သူ အလျင်အမြန်ပြေးပြီး တားဆီးလိုက်ရတယ်။
သူ အချိန်မီရောက်လာလို့ပေါ့။  နောက်ကျမှသာ ရောက်လာခဲ့ရင် မတွေးရဲစရာ။
                 " မိုက်လှချည်လား ဂျူးဂျူး ရာ။  လူ့အသက်တစ်ချောင်းဆိုတာ
ရခဲတယ်ကွ။  အခု...  နင့် လုပ်ရပ်က အသက် နှစ်ချောင်း "
                  အသားကုန်အော်ဟစ်ငေါက်ငမ်းလိုက်တဲ့ သူ့ အသံနောက်မှာ
သူမ အထိမ်းအကွပ်မရှိ ငို ချ လိုက်တယ်။  အိပ်ရေးပျက်လို့ ညိုနက်ချိုင့်ဝင်နေတဲ့
မျက်ဝန်း။ မျက်ရည်ကျရလွန်းလို့ ကျိန်းစပ်နီမြန်းနေတဲ့ မျက်လုံး။  ရဲဝံ့ခြင်း၊ 
ယုံကြည်ခြင်း၊  လတ်ဆတ်ခြင်းတွေ ပျောက်ဆုံးကုန်ခမ်းနေတဲ့ မျက်နှာ ၊ စိတ်နဲ့လူနဲ့
မကပ်တဲ့ အမူအရာနဲ့ သူမ တစ်ကိုယ်လုံး နတ်ဝင်သည်လို ကတုန်ကယင် ဖြစ်နေတယ်။
                    " ငါ... ငါ...  သေချင်တာပဲ သိတော့တယ် သိန်းဇော်ရယ် "
                    သူမရဲ့မျက်ရည်စက်တွေ ပါးပြင်ပေါ်ကို အတားအဆီးမရှိ တအိအိ
ပြိုဆင်းနေတယ်။  တိမ်ဝင်သွားတဲ့ အသံနဲ့အတူ လျှောကျသွားတဲ့ ခွန်အားတွေ၊ 
အားမာန်တွေကိုပါ သူခံစားသိမြင်လိုက်ရတယ်။
                    " ကိုနောင် မရှိတော့တဲ့ ငါ့အနာဂတ်မှာ ဒီကလေးကို
ငါဘယ်လို မွေးရမလဲ။ မြန်မာပြည်ကို ဘယ်လိုသတ္တိမျိုးနဲ့ ငါပြန်ရမလဲ။  ငါ့မိဘ၊ 
ငါ့မောင်နှမ၊  ငါ့ဆွေမျိုးတွေရဲ့ ရှေ့ မှာ ငါဘယ်လို မျက်နှာပြရမလဲ။  ငါ့မှာ
ခံနိုင်ရည်အားတွေ မရှိတော့ဘူးဟာ။  ဒီဒုက္ခတွေထဲက လွတ်မြောက်ဖို့
ငါ့မှာ ဒီထွက်ပေါက်ပဲ ရှိတော့တာ "
                    သူမရဲ့ မျက်ရည် တစ်စက် တစ်စက်ဟာ သူ့ရင်ဘတ်ကို
သေနတ်နဲ့ တစ်ချက်ပြီးတစ်ချက် ပစ်ခတ်နေသလို။  သူ့ရင်ဘတ်တစ်ခုလုံး
ဆန်ကာပေါက်ဖြစ်လို့။ ဘယ်လို ပါရမီမျိုးနဲ့ ဒီမျက်ရည်စက်လက်ပစ္စက္ခကြီးကို သူ
ဥပေက္ခာ ပြုနိုင်ရက်မှာလဲ။  လူနှစ်ယောက်ရဲ့အရှက်။  လူနှစ်ယောက်ရဲ့အသက်။
                  " အဓိပ္ပာယ်မဲ့လိုက်တာဟာ။  ဒီလိုထွက်ပေါက်ဆိုးကိုမှ
နင်ဘာလို့ မိုက်မိုက်မဲမဲ တိုးဝင်ချင်ရတာလဲ။  နေမင်းနဲ့ လွဲရလို့ ပူဆွေးဝမ်းနည်း
ငိုကြွေးနေမယ်ဆိုရင် ကြယ်တာရာ တွေနဲ့လည်း လွဲဦးမှာပဲ တဲ့။  နေမင်းနဲ့
လွဲချင်လွဲပါစေ၊ ကြယ်တာရာတွေနဲ့ မလွဲအောင်တော့ နင်ကြိုးစားရမယ်။  ဘာမှ
အားမငယ်ပါနဲ့ ဂျူးဂျူးရယ်။ နင့်ရင်သွေးကို နင် မဖြစ်ဖြစ်အောင်မွေးရမယ်။ 
ရဲရဲဝံ့ဝံ့မွေးရမယ်။  နင့် ရင်သွေးအတွက် နင် အားမာန်တွေ မွေးရမယ်။
နင့်အနားမှာ ငါတစ်ယောက်လုံး ရှိပါသေးတယ်ဟာ "
                  သူ့ရင်ဘတ်ထဲက ပွင့်ထွက်လာတဲ့ ရင်ခတ်သံတွေ။ 
သူ ဘာမှ စဉ်းစားမနေတော့။  ဘောင်းဘီအိတ်ထဲက ဖုန်းကို အလျင်စလို
ဆွဲထုတ်လိုက်တယ်။
                  " ဟဲလို...  ကျွန်တော်တို့ အောက်လမ်းကနေ
မြန်မာပြည် ပြန်ချင်လို့ပါ "
                  အံ့ဩ တုန်လှုပ်သွားတဲ့ အမူအရာနဲ့ သူ့ဆီ ဖြာခနဲ
ရာက်လာတဲ့ သူမရဲ့အကြည့်တစ်ချက်ကို သူ ရဲရဲကြီး ရင်ဆိုင်ပစ်လိုက်တယ်။
                   အမေ... ကျေးဇူးပြုပြီး ကျွန်တော့်ကို ခွင့်လွှတ်ပေးပါ။ 
မင်းနောင်... ကျေးဇူးပြုပြီး ငါ့ကို နားလည်ပေးပါ။  ခိုင်...  ကျေးဇူးပြုပြီး
ကိုယ့်ကို မုန်းပေးပါ။
                  ဆို့နစ်နေတဲ့ ခံစားချက်တွေနဲ့ပဲ သူမရဲ့မျက်ရည်မိုးစက်တွေကို
သူ့လက်တစ်ဖက်နဲ့ သုတ်ပေးလိုက်မိတယ်။  အပြင်မှာတော့... 
အငြှိုးကြီးကြီးနဲ့ ရွာနေတဲ့မိုးက မတိတ်သေး။

လင်းလက်တာရာ

No comments:

Post a Comment