အဖြူအစိမ်းဝတ် သစ်ပင်လေး ဖတ်ဖို့
...........................................
၁။
မျက်လုံးနဲ့ မမြင်ရတဲ့ ကြိုးက
ပိုပြီး ရုန်းရခက်တယ်
ဘဝတဆုံးထိ
ရစ်ပတ်ထား ပုံ ဆန်းကြယ်
ကိုယ်ဟာ ညီမလေးရဲ့ ကြယ်ဖြစ်ပြီး
ညီမလေးဟာ ကိုယ့်ရဲ့ ကောင်းကင်ဖြစ်တယ်
ခေါင်းစဉ်ကို " ရစ်လုံးလေး " ဟု တပ်လိုက်သည်။
နှစ်လိုဖွယ်ကောင်းသော ရစ်လုံးလေး ဖြစ်သည်။ ပါးမို့မို့လေးနှင့်
ရစ်လုံးလေးဖြစ်သည်။ ဆံနွယ်ရှည်တွေနှင့် ရစ်လုံးလေး ဖြစ်သည်။
ကျွန်တော့်အား သံယောဇဉ်ကြိုးများဖြင့် ရစ်ပတ်နှောင်ဖွဲ့ကာ
ရှင်သန်ခြင်းကောင်းကင်လွင်ပြာပြာထဲ စိတ်လွတ်လပ်ပျော်ပါးစွာ
ပျံဝဲစေသော ရစ်လုံးလေးဖြစ်သည်။ ထို့ကြောင့် ကျွန်တော်သည်
ညီမလေးအား ရစ်လုံးလေးဟု ချစ်စနိုးခေါ်ပါသည်။ ကျွန်တော့်အား
နွဲ့ဆိုးဆိုးပြီး ရစ်သော အခါ များတွင်လည်း အင်မတန်
ချစ်စရာကောင်း သောကြောင့်လည်း ဖြစ်ပါသည်။
" ကိုယ်ဟာ ညီမလေးရဲ့ကြယ်ဖြစ်ပြီး ညီမလေးဟာ
ကိုယ့်ရဲ့ကောင်းကင်ဖြစ်တယ်" ကို ပြောင်းကြည့်မိသည်။
" ကိုယ်ဟာ ညီမလေးရဲ့ ကောင်းကင်ဖြစ်ပြီး ညီမလေးဟာ
ကိုယ့်ရဲ့ကြယ် ဖြစ်တယ် " ။ ဘယ်သူက ကြယ်ဖြစ်ဖြစ် ၊
ဘယ်သူက ကောင်းကင် ဖြစ်ဖြစ် ၊ ချစ်ခြင်းတရားများဖြင့်
လိုက်ဖက် လှပသော ညလေးဖြစ်ဖို့သာ အဓိက ကျသည်
မဟုတ်ပါလား။
၂။
ဆံနွယ်ရှည်စန္ဒယားသံတွေ ။ ဟုတ်ပါသည်။ ကျွန်တော်၏ဘဝတွင်
ပထမဦးဆုံး ကြားနာ ခဲ့ရသော စန္ဒယားသံတွေ ဖြစ်သည်။
ကျွန်တော့်နှလုံးသားကို ဆံနွယ်ရှည်များဖြင့် တီးခတ်မိရာမှ
ထွက်ပေါ်လာသော သံစဉ်များဖြစ်သည် ။ "ဆံနွယ်ရှည်
စန္ဒယားသံတွေ" ဟု ကျွန်တော် ဖွဲ့ဆိုမိသည်။ ကျွန်တော်သာ
သီချင်းတစ်ပုဒ်ဖြစ်ခဲ့လျှင် ခေါင်းစဉ်ကို " ဆံနွယ်ရှည် စန္ဒယားသံတွေ"
ဟု ပေးလိုက်မိမည်ထင်သည်။
မိသားစု ၊ အိမ်နှင့် အမြဲလိုလို ဝေးကွာနေရပြီး
လောကဓံတရားနှင့် အမြဲလိုလို ရင်ဆိုင်တိုက်ခိုက်နေရသော
ကျွန်တော်၏ ဘဝစာမျက်နှာများသည် သာယာနာပျော်ဖွယ်
မကောင်းလှပါ။ အော်သံ ၊ တောခြောက်သံ တွေနှင့် ပြည့်နှက်နေသော
ကျွန်တော့် ရှင်သန်ခြင်းထဲကိုမှ မေတ္တာအရင်းခံဖြင့် တလွင်လွင်စီးမျော
ပျံ့လွင့်လာသော " ဆံနွယ်ရှည် စန္ဒယားသံတွေ"။ ကျွန်တော့်
ရင်ဥယျာဉ်မှာ ပန်းတွေ ဖွေးဖွေးလှုပ် ပွင့်ကုန်သည်။
အမှောင်ထုတို့သည် ထူးခြားဆန်းကြယ်ခြင်းများဖြင့် အစွမ်းကုန်
လင်းကုန်၏။ ဆံနွယ်ရှည် စန္ဒရားသံတို့ ထံ အခစားဝင်လာသော
ပန်းပေါင်းထောင်သောင်းတို့၏ ခြေသံကို ကျွန်တော် ကြားနေရသည်။
ကျွန်တော့်နှလုံးသွေးကြော စမ်းချောင်းလေးထဲတွင် ကူးခတ်နေသော
ရွှေငါးလေးမှာ ဆံနွယ်ရှည် စန္ဒယားသံတွေ ဖြစ်သည်။ ဆံနွယ်ရှည်
စန္ဒယားသံတွေဟာ ကျွန်တော်၏ ကမ္ဘာဦးဂီတ ပင် ဖြစ်သည်။
ကြိုး
.........
သံကြိုး
ကြေးနန်းကြိုး၊ စတီးလ်ကြိုး
သံမဏိကြိုးတွေနဲ့ မှမဟုတ်ဘူး
ကျစ်ဆံမြီးလေးနှစ်ချောင်းနဲ့ ချည်နှောင်ရင်လည်း
ခိုင်မြဲပါတယ်ကွယ်
၃။
ဆန်းကြယ်သော ကံတရားသည် မည်သည့်အရပ်တွင်
နေထိုင်ပါသနည်း။ ကျွန်တော်နှင့် ညီမလေး အကြားတွင်
လျှို့ဝှက်ဆန်းကြယ်စွာ နေထိုင်ပါသည်ဟု ကျွန်တော် ဖြေပါမည်။
ကျွန်တော်တို့ နှစ်ယောက်ကြားတွင် ပင်လယ်ကြီးခြားသည်။
ကုန်းမြေခြားသည်။ နိုင်ငံခြားသည်။ ကီလိုမီတာပေါင်း ၂၇၀၀ ကျော်
ခြားသည်။ သို့သော် စိတ်ချင်း နီးသည်။ နှလုံးသားချင်းနီးသည်။
ညီမလေးသည် စစ်ပွဲတွေကို ချုပ်ငြိမ်းစေခဲ့သော ကမ္ဘာကျော်
ပုဂ္ဂိုလ်ကြီး၏ မွေးရပ်မြေတွင် နေထိုင်သည်။ ညီမလေးသည်
ကျွန်တော်၏ စိတ်နှလုံးသားအား ငြိမ်းချမ်းခြင်းများပေးသော
ငြိမ်းချမ်းရေးနတ်သမီးဖြစ်သည်။ ညီမလေးသည် ပန်းအက္ခရာနှင့်
မြို့ကလေး၏ ကျောင်းခေါင်းလောင်းထိုးသံလေးဖြစ်သည်။
ညီမလေးသည် မြို့ကလေး၏ ကျက်သရေဂုဏ်ဆောင်
အဖြူအစိမ်းဝတ် သစ်ပင်လေး ဖြစ်သည်။ ကျွန်တော်သည်
ထိုမြို့သားတစ်ယောက် ဖြစ်ချင်နေမိသည်။ ထိုကျောင်းခေါင်းလောင်း
ထိုးသံလေးတွင် ကျွန်တော့်နှလုံးသားလေး တဆာဆာ မြည်နေပြီ။
ထို အဖြူအစိမ်းဝတ်သစ်ပင်လေးတွင် တေးဆိုနေသော
ငှက်ကလေးဟာ ကျွန်တော်ပင်ဖြစ်သည်။
တည်ရှိခြင်း
..............
သူစိမ်းတွေကြားထဲ
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့အချိန်...
ညီမလေးရဲ့ နေရပ်လိပ်စာကို
Google map ထဲ ရိုက်ထည့်
Zoom ဆွဲပြီး ရှာဖွေကြည့်မိ....
ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေ့ ရှိ ....
၎။
ညီမလေးကို စတင်တွေ့ရှိသည့်နေ့သည် ညီမလေး၏ မွေးနေ့တွင်ပင်
ဖြစ်သည်။ ညီမလေး၏ မွေးနေ့ တွင် ကျွန်တော့်ချစ်ခြင်းမေတ္တာများ
မွေးဖွားခဲ့ပုံမှာ ထူးဆန်းလှသည်။ပျင်းရိခြောက်ကပ်ဖွယ်နေ့တစ်နေ့တွင်
Facebook သုံးနေရင်း facebook friend တစ်ယောက်မှ
ညီမလေးပုံကိုတင်ကာ ညီမလေးကို တက်ဂ်တွဲထားပြီး မွေးနေ့
ဆုတောင်းထားသည်ကို တွေ့လိုက်ရသည်။ ညီမလေးပုံကို မြင်မြင်ချင်း
အမျိုးအမည်မသိသော ခံစားမှုတစ်ခုကို ခံစားလိုက်ရသည်။
ညီမလေးသည် မြန်မာဆန်ဆန်လေးဖြင့် သိမ်မွေ့စွာ လှပတင့်တယ်
နေသည်။ အနည်းငယ်ကြာမြင့်စွာ ကျွန်တော် ငေးကြည့်နေမိသည်။
မဆိုင်းမတွဘဲ ညီမလေး ကို add လုပ်လိုက်မိသည်။
Messenger မှ တဆင့် ပုလဲကုံးများဖြင့် တူသော ကျွန်တော်၏
မွေးနေ့ ဆုတောင်းစကား အား ညီမလေးဆီ ပေးပို့လိုက်သည်။
ထိုမွေးနေ့ ဆုတောင်း ပုလဲကုံးလေး ၊ သူမ၏ ရွှေလည်တိုင် တွင်
စံမြန်းနိုင်ပါစေ ဟု ကျွန်တော်ဆုတောင်းမိသည်။ ကျွန်တော့်ဆုတောင်း
ပြည့်ဝခဲ့သည်။ ကျွန်တော်၏ ကောင်းကင်သည် တိမ်မည်းတို့
ကင်းစင်ကာ လမင်းဝင်းဝင်းပပဖြင့် ကြည်လင်ဝင်းပနေပုံမှာ
ကဗျာဆန်လှပေသည်။ ထို့နောက် ကဗျာလေးတစ်ပုဒ် ရေးဖြစ်ခဲ့သည်။
ချစ်မေတ္တာ
..............
ကိုယ့် ဘ၀ရက်ကန်းစင်မှာ
ထူးထူးဆန်းဆန်း လာငြိတွယ်ငင်နေတဲ့
ညီမလေးရဲ့ ငွေသော်တာ ချည်မျှင်တန်းများ....
ညတိုင်း လပြည့်...
ညတိုင်း လပြည့်....
ညတိုင်း လပြည့်.....
၅။
ညီမလေးသည် သူမ၏ မွေးရက် လဆန်းတစ်ရက်နေ့တွင်
ကျွန်တော့်အား ချစ်တယ် ဟု အဖြေပေးခဲ့ပါသည်။ ထိုနေ့က
ကမ္ဘာ့အပျော်ရွှင်ဆုံး လူသားသည် ကျွန်တော် ဖြစ်ခဲ့လေသည်။
ဘဝ၏ ရှင်သန်ခြင်းတို့သည်လည်း အနက်အဓိပ္ပာယ်ပိုမို ပြည့်စုံလာ၏။
ကိုကို ဆိုသော ခေါ်သံလေးသည် ပျားရည်မြစ်အဖြစ် ကျွန်တော့်
ကိုယ်စိတ်နှလုံးသုံးပါးထဲသို့ စီးဝင် လာခဲ့သည်။ နေ့စဉ်ရက်ဆက်
တစ်ယောက်အသံ တစ်ယောက် မကြားရသော နေ့ ဟူ၍ တစ်ရက်မျှ
မရှိခဲ့။သံယောဇဉ်တို့သည် တလူလူ နွယ်တက်လာ၏။ ရင်နှင့်
မဆံ့တော့၊ ကောင်းကင်အပြည့် ဖြစ်နေပြီ။ အလွမ်းတို့သည်
တောအထပ်ထပ်တောင်အသွယ်သွယ်ကို လွယ်လွယ်ကူကူပင်
ဖြတ်ခဲ့လေ၏။ နှင်းဆီ ရနံ့တို့သည် ဆီးနှင်းအထပ်ထပ်ကို
လွယ်လွယ်ကူကူပင် ဖြတ်ခဲ့လေ၏။
နှင်းဆီ
..........
နှင်းဆီတော့ နှင်းဆီ
အပင်မှာ မပွင့်သော နှင်းဆီ
အရောင်ဖြင့် ဖော်ပြရန် မလုံလောက်သော နှင်းဆီ
လက်ဖြင့် ခူးဆွတ်၍ မရသော နှင်းဆီ
မျက်လုံးဖြင့် မမြင်နိုင်သော နှင်းဆီ
နှင်းဆီတော့ နှင်းဆီ
မိုင်ထောင်ချီဝေးနေတာတောင်
သူ့မွှေးရနံ့ ကို ဝင်သက်ထွက်သက်လေးမှာ အမြဲ ရနေ
ကျွန်တော်သည် ညီမလေးအတွက် ကဗျာတွေ ရေးဖြစ်ခဲ့သည်။
အထူးသဖြင့် ချစ်သူဖြစ်ခဲ့ကြသည့် သူမ၏ မွေးရက် လဆန်း
တစ်ရက်နေ့ ရောက်တိုင်း အမှတ်တရ အနေဖြင့် ကျွန်တော့်
နှလုံးသားနန်းတော်ထက်တွင် စံမြန်းနေသော အချစ်ဘုရင်မလေးအား
ကဗျာ တစ်ပုဒ် ဆက်သဖြစ်လေ့ရှိသည်။ ထိုအခါမျိုးတွင် အချစ်
ဘုရင်မလေးသည် ကျွန်တော့်အား အနမ်းပွင့်လေး တစ်ပွင့်
ပေးသနားတော်မူသည်။ သူမအတွက် ကျွန်တော် ရေးခဲ့သော
" ကိုယ့်အသက်ဓာတ်ကို ညီမလေးဖက်နဲ့ ထုပ်ထားမိတဲ့ နေ့တွေ "
ဆိုသော ကဗျာ အိုင်ဒီယာမဂ္ဂဇင်းမှာပါလာသည်။ ကျွန်တော်
ပျော်သည်။ သူမလည်း ပျော်သည်။ အဲဒီတုန်းက အနမ်းပွင့်လေးတွေ
ပိုမို ပေးသနားတော် မူခဲ့လေသည်။
၆၊
ခိုင်ခန့်တောင့်တင်းသော ဝေးကွာခြင်းကျောက်ဆောင်တို့မည်သည်
အချိန်တန်လျှင် ချစ်ခြင်းတရားရေလှိုင်းများ၏အောက်တွင် ပြိုကျ
ကုန်စမြဲ ဖြစ်သည်၊၊ ကီလိုမီတာပေါင်း ၂၀၀၀ကျော်ကို စိတ်ပေါ့ပါးစွာ
ကျွန်တော် ပျံသန်းခဲ့၏။
ညီမလေးနှင့် ပထမဦးဆုံး ချိန်းတွေ့သော နေ့ကလေးသည်
ကျွန်တော်၏ ဘဝတစ်သက်တာ တွင် အမြဲအမှတ်ရနေမည့်
ရင်ခုန်စိတ်လှုပ်ရှားဖွယ်နေ့လေး တစ်နေ့ဖြစ်သည်။ မိုးတွင်း
ဖြစ်နေသော်လည်း မိုးလေကင်းစင်ပြီး နေသာနေခဲ့သည်။
လှည်းတန်းစင်တာရှေ့တွင် အဖြူရောင်နတ်သမီးလေးတစ်ပါးအား
အရှင်လတ်လတ်တွေ့လိုက်ရသည့် အခိုက်အတန့် သည်
ရူးလောက်စရာပင်၊၊ သီဝိမင်းကို ကိုယ်ချင်းစာသွားမိသည်။
ရင်ဘတ်ထဲ၌ မြို့ပတ်ရထား ခုတ်မောင်း ဥဩစွဲနေသည်။
ကျွန်တော်၏ ရှေ့မှောက်တွင် ကျွန်တော်၏ ချစ်လှစွာသော
အဖြူအစိမ်းဝင်သစ်ပင်လေး ၊ ကျွန်တော်၏ မြတ်နိုးလှပါသော
ညီမလေး ၊ ကျွန်တော်၏ တန်ဖိုးထားရပါသော ရစ်လုံးလေး။
သူမ၏ အပြုံးအောက်တွင် ကျွန်တော့်နှလုံးသားလေး ခမျှာ
ဖားကလေးတစ်ကောင်လို ခုန်ပေါက် ခုန်ပေါက် ဖြစ်နေသည်။
ညီမလေး ဝတ်ဆင်ထားသော အဖြူရောင် ဝမ်းဆက်ကလေး
ပေါ်တွင် ပန်းနွယ် ပန်းခက် ပန်းပွင့်လေးများဖြင့် အလွန်လှပနေသည်။
ထို ပန်းနွယ် ပန်းခက် ပန်းပွင့်များ အနီးတွင် လိပ်ပြာကလေးတွေ
ပျံဝဲနေသည်။ ထို လိပ်ပြာကလေးတွေသည် ကျွန်တော် ဖြစ်နေ၏။
ရှည်လျားနက်မှောင်သော ဆံနွယ်ရှည်များသည် ကျွန်တော့်
နှလုံးသားအား လာရောက်တီးခတ်နေသည်။ ကျွန်တော်နှင့်
ညီမလေးကြားတွင် ဆံနွယ်ရှည်စန္ဒယားသံတွေ လွင့်ပျံနေသည်။
ပျားပန်းခတ်နေသော လူအုပ်ကြားထဲတွင် ကိုယ့်ကိုယ် ပျောက်ဆုံး
မနေတော့ပါ။ အနားတွင် ညီမလေး ရှိနေပြီး ညီမလေးဆီတွင်
ကိုယ့်ကိုယ်ကိုယ် တွေ့ရှိနေရပြီဖြစ်သည်။ မြို့ပြ၏ ဇာတ်တွင်
ဖြတ်လျှောက် အဆင့်မျှ သာ ဖြစ်သော်လည်း စွယ်တော်ရွက်လို
အိပ်မက် တစ်ဝက်စီ ဆက်ထားသော ကျွန်တော် တို့နှစ်ယောက်၏
ဇာတ်တွင်မူ ကျွန်တော်က မင်းသားဖြစ်ပြီး ညီမလေးက
မင်းသမီးလေး ဖြစ်သည်။ လှည်းတန်း ခုံးကျော်တံတား၏ အောက်တွင်
ခေတ်ကြီးသည် အဟုန်ဖြင့် ဖြတ်စီးနေသည်ကို တွေ့ရသည်။
လှည်းတန်း ခုံးကျော်တံတား၏ အပေါ်တွင် အဟုန်ဖြင့် ဖြတ်စီ
းနေသည်မှာလည်း ခေတ်ကြီးပင် ဖြစ်သည်။ ညီမလေး လက်ကို
တစ်ဘဝလုံးစာအတွက် နွေးထွေးအေးမြစွာ ဆုပ်ကိုင်လိုက်သည်။
ကံတရားသည် အမြဲတမ်းမခါးပါ။ မီးပွိုင့်သည် အမြဲတမ်း မနီပါ။
လမ်းဖြတ်ကူးခြင်း
......................
သူမ လက်ကလေးကို ဆုပ်ကိုင်ပြီး
လမ်းဖြတ်ကူးတဲ့အခါ
သေခြင်းတရား ဝင်လာနိုင်တဲ့ဘက်မှာ
ကျွန်တော် နေတယ်
ညီမလေးရေ
ကိုယ်တို့ ကူးဖြတ်နေတဲ့ခေတ်ကာလ က
အမောင်းကြမ်းတယ်လေ
၇။
ပထမဦးဆုံး အတူ သွားခဲ့သည့်နေရာက လေးဆူဓာတ်ပုံရွှေတီဂုံ။
ဘုရားသွားကျောင်းတက် ရိုးမြေကျ ပေါင်းဖက်ချင်သော ဆန္ဒ တို့
သူ့အလိုလို ဖြစ်တည်လာသည်။ ကြာပန်းခိုင်လေး နှစ်ခိုင်ကို
ဝယ်လိုက်သည်။ ဖိနပ်ထည့်သောအိတ်လေးထဲတွင် ဖိနပ်လေးနှစ်ရံ
ရေစက်စုံသွားကြသည်။ ထိုဖိနပ်အိတ်လေးကို ကျွန်တော့်ဆီမှ
အတင်းလုကိုင်နေသော ညီမလေးကို ကြည့်ပြီး မေတ္တာတရားတွေ
ပင်လုံးညွတ်ပွင့်ကုန်မိသည်။ စောင်းတန်း၏ လှေကားထစ်များကို
နှစ်ယောက်အတူ မမောစတမ်းတက်ရသည်မှာ ကြည်နူးဖွယ်
အတိ ဖြစ်သည်။ ညီမလေးသည် ကျွန်တော်၏ လက်ကို ဆုပ်ကိုင်
ထားသည်။ ရွှေတီဂုံစေတီတော်မြတ်ကြီးအား ရွှေသင်္ကန်းကပ်လှူ
ခဲ့သည်။ တစ်ယောက်နှင့်တစ်ယောက် ဘဝချင်းပိုမို နီးကပ်
သွားသည်ဟု ခံစားရသည်။
သမုဒယသစ္စာ
..................
ပုထုဇဉ် ပီပီ
ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးလေးကို မဖြည်ချင်ဘူး
ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်
အေးချမ်းနေတဲ့ စိတ်ကလေးနှစ်ခုရဲ့ထိခတ်မှု
ဘုရားစောင်းတန်းပေါ် အတူတက်ခဲ့တဲ့ ခြေလှမ်းနှစ်စုံဟာ
တစ်ယောက်ဘဝထဲ တစ်ယောက်ဝင်ရောက်လာတဲ့
ခြေလှမ်းတွေ ဖြစ်ခဲ့
ရင်ပြင်တော်မှာ
ဆည်းလည်းလွင်လွင်နဲ့ အတူ
ကြည်နူးမှု အတိနဲ့ မြည်နေတဲ့ ရင်ခုန်သံများ
ကြာပန်းခိုင်လေး နှစ်ခိုင်ကို
တစ်ခိုင်တည်းဖြစ်အောင် ပေါင်း
တောင်းမိတဲ့ဆုကလည်း ထပ်တူကျ
ဘုရားသွားကျောင်းတက်
ရိုးမြေကျပေါင်းဖက်ချင်တဲ့ ဆန္ဒမြစ်ကလေး
မရပ်စတမ်း စီးဆင်း
၇။
သည်လိုနှင့်...
ကျွန်တော်သည် အဖြူအစိမ်းဝတ် သစ်ပင်လေး ဖတ်ဖို့ ခေါင်းစဉ်
အောက်တွင် ခေါင်းစဉ်ငယ်လေးများခွဲကာ အဖြူအစိမ်းဝတ်
သစ်ပင်လေးအတွက် ကဗျာလေးတွေ ရေးခဲ့သည်မှာ အပုဒ် ၅၀
တိတိ ရှိနေခဲ့ပြီ ဖြစ်သည်။ ထိုကဗျာများသည် ချစ်ခြင်းမေတ္တာသီးသန့်
ကဗျာ များဖြစ်သည်။ အသည်းကွဲ ကဗျာများ လုံးဝ မပါဝင်ပါ။
ထိုကဗျာလေးတွေကို ကဗျာစာအုပ် အဖြစ် စုစည်းပုံနှိပ်မည်။
အဖြူအစိမ်းဝတ် သစ်ပင်လေး ဖတ်ဖို့ အချစ်ကဗျာများ ဟု
နာမည်ပေးမည်။ ကျွန်တော် နှင့် ညီမလေးတို့ မင်္ဂလာဆောင် သို့
တက်ရောက်လာသော ဧည့်ပရိသတ်များကို မေတ္တာလက်ဆောင်
ပေးဝေ သွားမည် ဖြစ်သည်။
ရှေးရေစက်
................
ရေစက်လေးတစ်စက် နဲ့ 
ရေစက်လေးတစ်စက် ပေါင်းရင်
ရေစက်လေးတစ်စက်ပဲရ သတဲ့
ဆိုပါစို့
ကိုယ်ကလည်း ရေစက်လေးတစ်စက်
ညီမလေးကလည်း ရေစက်လေးတစ်စက်
အဲဒီ ရေစက်လေးနှစ်စက်ကို
ရေစက်လေးတစ်စက် တည်းဖြစ်အောင်
ပေါင်းကြည့်ရအောင်နော်
ဘနဲ့ ဝ ကြားထဲသို့ တည့်မတ်စွာ ကျ ရောက်လာသော
ရှေးရေစက် တို့သည် လူ့လောကအား အလှဆင်သူများ ဖြစ်လေ၏။
ကမ္ဘာကြီးတွင် ပျော်ရွှင် ကြည်နူးမှုတို့ဖြင့် သိမ်းသော ဇာတ်သိမ်းများ၊
များများစားစား ရှိလာစေချင်မိပါသည်။
လင်းလက်တာရာ
10.10.19
No comments:
Post a Comment