Monday, December 31, 2018

တေးသံ

ကိုယ်ဟာ ညီမလေးရဲ့ ခြေသံကို
နှလုံးသားနဲ့ စွင့်နေမိသူ သစ်ရွက်ခြောက်ကလေးပါ

ကမ္ဘာဦးဂီတကို လတ်လတ်ဆတ်ဆတ်ကြားချင်လို့
ရင်ဘတ်တစ်ခုလုံးကို စိတ်လိုလက်ရ
ချခင်းထားသူ သစ်ရွက်ခြောက်ကလေးပေါ့

ကိုယ့်အပေါ် ပျော်ပျော်ရွှင်ရွှင်  ဖြတ်လျှောက်လိုက်ပါတော့ကွယ်

လင်းလက်တာရာ
၂၀၁၈ နောက်ဆုံးနေ့

Friday, December 28, 2018

ဒီဇင်ဘာ ညတွေ


မျက်လုံးဖွင့်ကြည့်လိုက်တော့
"ပန်းအက္ခရာနဲ့ မြို့ကလေးက ကိုယ့်ကို ညှို့တယ်"

မျက်လုံးကိုပွတ်ပြီးကြည့်မိ
"ညီမလေးဟာ ကိုယ့်ရဲ့ဆောင်းဖြစ်ပြီး
ကိုယ်ဟာ ညီမလေးရဲ့ နှင်းဖြစ်တယ်"

မျက်လုံးကိုပိတ်ချလိုက်တယ်
" သတိရခြင်းမီးတောင်ဟာ
ခန္ဓာအိမ်ထဲကနေ ပေါက်ထွက်တော့မယ် "

ညဟာ နေ့ခင်းခြောက်ကြီးနဲ့တူပြီး
အထီးကျန်ခြင်းဟာ ငရဲနဲ့တူတယ်

သဇင်တွေတောင် နိုးပြီလေ
ကိုယ်က အိပ်လို့ မရသေး

လင်းလက်တာရာ
၂၈.၁၂.၂၀၁၈

Friday, November 30, 2018

ကိုယ့်အသက်ဓာတ်ကို ညီမလေးဖက်နဲ့ ထုပ်ထားမိတဲ့ နေ့တွေ

ကိုယ့်အသက်ကို ညီမလေးဖက်နဲ့ ထုပ်ထားမိတဲ့ နေ့တွေ

၁။

" ဟောဒီ လောက ကဖေး ကနေ
ခင်ဗျား အလို ရှိတာ မှာနိုင်ပါတယ်”

"ချစ်ခြင်းမေတ္တာစစ်စစ်ပဲ ပေးပါ”

၂။

ဆွေးဆွေးမြေ့မြေ့ပါပဲ
စိမ်းစိုအုံ့စိုင်းနေတဲ့ တောအုပ်ထဲ
ကိုယ်ဟာ သစ်ငုပ်တို

၃။

သိုးမွှေးအင်္ကျီလေး ဟာ
သိုးအုပ်ကို လွမ်းနေသလိုမျိုး
လွမ်းတယ်

၎။

လမ်းဘယ်လောက်ပျောက်ပျောက်
ကိုယ့်နှလုံးသားရဲ့ သံလိုက်အိမ်မြှောင်က
ညီမလေးရှိတဲ့ မြို့ကလေးဆီ ညွှန်မြဲ ညွှန်တယ်

၅။

အနက်ရောင် ပင်လယ်ပြင်ကြီးရယ်
ကြေးနီရောင်သင်္ဘောတစ်စင်းရယ်
ဟိုးဝေးဝေးက အဖြူရောင်ဆိပ်ကမ်းလေးရယ်
ဇာတ်လမ်းထဲ မုန်တိုင်းတွေ လာလာနားတယ်

၆။

သစ်ကိုင်းခြောက်လေး ဆီမှာတောင်
ကဗျာဓာတ်တွေ စိမ်းလန်းနေသေးတာပဲလေ
Never give up

၇။

အစွဲအလန်း ဟာ အချိန်မှန်ထထမြည်နေတဲ့ Alarm
အထီးကျန်မှုဆီ ဆန်တက်လာတဲ့ သတိရခြင်းထဲ
အိမ်ဝေးငှက်တစ်ကောင်ရဲ့တောင်ပံခတ်သံတွေပါတယ်

၈။

လေပြင်းတိုက်နေတာတောင်
အသံတိတ်နေတဲ့ ဆည်းလည်းဟာ ကိုယ်ပေါ့
လွမ်းလို့ အသံတိတ်နေတဲ့ ဆည်းလည်း

၉။

ပျော်ပါတယ်
ဆောင်းဦးရာသီရဲ့နံနက်ခင်းနုနုပေါ်မှာ
တေးဆိုနေတဲ့ ငှက်ကလေးလို
ပျော်ပါတယ်

နေရောင်ခြည်နဲ့ အကြည့်ချင်းဆုံလိုက်ရတဲ့
နေကြာပန်းလေးလို
ပျော်ပါတယ်

အရာရာကို ဆုံးရှုံးခဲ့ရင်တောင်
ညီမလေး ရှိနေတယ် ဆိုတဲ့ စိတ်နဲ့ ပျော်ပါတယ်

၁၀။

မေတ္တာတရားဆိုတာ
လောကဓံခါးခါးထဲ ရောက်နေရင်တောင်
အပြုံးမပျက် ချိုပါတယ်

၁၁။

မော့ကြည့်လိုက်ပါကွယ်

မိုင်ထောင်ချီဝေးတဲ့ အခန်းငယ်လေးထဲကနေ
လွှတ်တင်လိုက်တဲ့ ကိုယ့်စိတ်တိမ်စိုင်တွေ

ညီမလေးတစ်ယောက်သာ မြင်နိုင်မယ်

လင်းလက်တာရာ
1.12.18

Tuesday, October 30, 2018

အထမ်းသမား


ခွေခေါက်စီးဆင်းနေတဲ့
မေတ္တာစမ်းချောင်းလေးကို ထမ်းထားတယ်
အရွက်တဖားဖား မိသားစုတောအုပ်ကလေးကို ထမ်းထားတယ်
လရောင်တွေ ကွက်ရွာနေတဲ့
ချစ်သူ့လမ်းကလေးကို ထမ်းထားတယ်
ရန်ကုန်မြို့ကြီးတစ်မြို့စာ လောက် အလွမ်းတွေကို ထမ်းထားတယ်
သမုဒ္ဒရာထက် ကျယ်ပြောနက်ရှိုင်းတဲ့
ကဗျာအနုပညာကို ထမ်းထားတယ်

မြတ်မြတ်နိုးနိုး ထမ်းထားတယ်
တန်ဖိုးထားပြီး ထမ်းထားတယ်
လွှတ်မချစတမ်း ထမ်းထားတယ်

နှလုံးသားနဲ့ ထမ်းတဲ့အခါ
ဘဝဟာ ပေါ့ပေါ့ပါးပါး

လင်းလက်တာရာ
3.11.18

Wednesday, September 12, 2018

ရစ်လုံးလေး


ရစ်လုံးလေး
..............

မျက်လုံးနဲ့ မမြင်ရတဲ့ ကြိုးက
ပိုပြီး ရုန်းရခက်တယ်

ဘဝတဆုံးထိ
ရစ်ပတ်ထား ပုံ ဆန်းကြယ်

ကိုယ်ဟာ  ညီမလေးရဲ့ ကြယ်ဖြစ်ပြီး
ညီမလေးဟာ ကိုယ့်ရဲ့ ကောင်းကင်ဖြစ်တယ်

လင်းလက်တာရာ

Thursday, August 30, 2018

သတိရလို့ ဒီကဗျာရေးတယ်

သတိရလို့ ဒီကဗျာရေးတယ်
................................

ပိတ်ထားတဲ့ ပြတင်းကို စိတ်နဲ့ လှမ်းဖွင့်ရင်း သတိရတယ်
သစ်ရွက်ကလေးတွေ ကနေတာ ကြည့်ရင်း သတိရတယ်
ကန်ရေပြင်ပေါ် မိုးစက်လေးတွေ ရေဆင်းကူးတာ ကြည့်ရင်း သတိရတယ်
ငှက်ကလေးတွေ သီချင်းဆိုတာ နားထောင်ရင်း သတိရတယ်
လယ်ကွင်းစိမ်းစိမ်းပေါ် အလွမ်းစိမ်းစိမ်းကို ပစ်တင်ရင်း သတိရတယ်
လေတွေ လေချွန်တာ နားဆင်ရင်း သတိရတယ်
တိမ်တွေ လေကျင့်ခန်းလုပ်နေပုံကို ကြည့်ရင်း သတိရတယ်
ခြံစည်းရိုးမှာ သံယောဇဉ်တွေ တလူလူနွယ်တက်နေတာ ကြည့်ရင်း သတိရတယ်
ဒီကဗျာမရေးခင် သတိရတယ်
ဒီကဗျာရေးနေစဉ် သတိရတယ်
ဒီကဗျာရေးပြီးတော့လည်း သတိရနေတုန်းပဲ

လင်းလက်တာရာ
30.8.2018

Wednesday, August 15, 2018

အဲဒီနေ့က ငါဟာ Drone ဖြစ်တယ်

အဲဒီနေ့က ငါဟာ Drone ဖြစ်တယ်
__________________________လင်းလက်တာရာ

ငါမော့ကြည့်ခဲ့ရတဲ့ KLCC ကို
ငါအခု ပြန်ငုံ့ကြည့်နေတာ စိမ်ပြေနပြေ
သူ့ခေါင်းပေါ် သေးနဲ့တောင် ပန်းချလို့ရတဲ့ အခွင့်အရေးမျိုးနဲ့
ပြန်ငုံ့ကြည့်နေတာ အရသာပဲ
လူသားအရင်းအမြစ်​တွေကို ကြံရည်ညှစ်သလို ညှစ်သောက်ပြီး
အရပ်ကြီးမြင့်နေတဲ့ကောင်ကြီး
ကဲ ဘာတတ်နိုင်သေးလဲ ခုတော့ငါ့ခြေဖျားအောက်မှာ
မာယာမျက်နှာဖုံးကြီးနဲ့ ဂျန်းတဲမန်းလုပ်နေပုံကိုက ဟာသ
ငါနာနာကျင်ကျင် ရယ်ပစ်လိုက်တယ်
ငါရယ်တာ ငါ့အတွက်မဟုတ်
ရယ်စရာတွေ အက်ကွဲ ခန်းခြောက်နေတဲ့ နှလုံးသားတွေအတွက်
ဒုက္ခတရားရဲ့ ထိုးနှက်ချက်တွေအောက်မှာ
အညိုအမည်းစွဲနေတဲ့ လူသားအရင်းအမြစ်တွေ အတွက်
ငါရယ်နေတာ မျက်ရည်တွေနဲ့ပါလား
ငါလက်သီးဆုပ်မိသွား အံကြိတ်မိသွား
ငါ စွန်ရဲလို ပျံသန်းရင်း
မတန်တဆ စတေးခဲ့ရတဲ့ဘဝတွေအကြောင်း
မှတ်တမ်းတင်လိုက်တယ်
အဓမ္မအကျင့်ခံရတဲ့ လူ့အခွင့်အရေးတွေ
ဇာတ်နာတွေ လူအောက်ပိခြင်းတွေ
ဝဋ်နာကံနာတွေ ထောင်ချောက်တွေ
မှတ်တမ်းတင်လိုက်တယ်
မိသားစုဆီပြန်မရောက်ဖြစ်တော့တဲ့ အသက်ဇီဝတွေ
သေကွဲတွေရှင်ကွဲတွေ မသေမရှင်တွေ
ရှင်လျှက်သေနေတာတွေ
မှတ်တမ်းတင်လိုက်တယ်
အိမ်ပြန်ချင်တာတွေ အိမ်ပြန်လို့မရတာတွေ
ဆုတောင်းတွေ ၊ အိုဗာစတေးတွေ၊ အော်ပရာစီတွေ
ကြက်ခြင်းထဲကကြက်တွေလို ရှင်သန်မှုတွေ
မှတ်တမ်းတင်လိုက်တယ်
ငါဟာ မှတ်တမ်းတင်လို့မပြီးဆုံးခင် ပစ်ချခံလိုက်ရတဲ့ Drone

လင်းလက်တာရာ

KLCC= Kuala Lumpur City Centre

Tuesday, August 7, 2018

ထွက်ပြေးလွတ်မြောက်သွားသော ငါ့အရိပ်


ထွက်ပြေးလွတ်မြောက်သွားသော ငါ့အရိပ်
.............................................

ငါ့ အရိပ်ကို သူမ မြစ်ထဲမှာ တွေ့မိ
သူမမြစ်ထဲ က သံယောဇဉ် ငါးတွေဟာ
ငါ့မျက်ဝန်းထဲ ခုန်ဝင်လာ
အဲဒီငါးတွေဟာ ငါ့နှလုံးသားကို လာမျှား
မျက်ရည်ထဲမှာ လူးလားဆန်ခတ် ကူးခတ်ရတာ ပျော်သတဲ့

ဦးခေါင်းခွံတစ်လုံးဟာ အဝေးပြေးလမ်းပေါ်မှာ
ငါ့နာမည်နဲ့ လိမ့်နေ
လိမ့်ရင်း လိမ့်ရင်း ငါ့အရိပ်က ကားတစ်စင်းလို ဝင်ကြိတ်သွား

ကိုင်းဖျားမှာ တွဲလွဲခိုနေတဲ့ စာဗူးတောင်းလေးဆီ အငေးတွေ တွဲလွဲခိုမိ
ငါ့အရိပ်ဟာ စာဗူးတောင်းလေးပဲ
လောကဓံကိုင်းဖျားမှာ တွဲလွဲခိုနေရတာ ပျော်သတဲ့
အတွေးထဲမှာ သွေးထဲမှာ ခရီးရှည်ကြီးထဲမှာ အိပ်မက်ကြမ်းကြီးထဲမှာ
တွဲလွဲခိုနေတဲ့ ငါ့အရိပ်ရဲ့ ဘေးထွက်ဆိုးကျိုးတွေ

အိမ်
ငါ့မျက်လုံးထဲမှာ သောင်ထွန်းကျွန်းဖြစ်နေတဲ့ တိမ် ဟာ ငါ့အရိပ်ပေါ့

ကျောပိုးအိတ်ထဲမှာ မိုင်တိုင်တွေရှိတယ်
မိုင်တိုင်တွေကို ကြောင်ပုစွန်စား ကြွတ်ကြွတ်ဝါးနေတဲ့ ငါ့အရိပ်
ငါ့ကို ကျောပိုးအိတ်ထဲ ထည့်ပြီး ကမ္ဘာပတ်မတဲ့

မိုးကြီးမျက်မည်းထဲ တစ်နွေလုံး ဝင်သွားတဲ့နေ့မှာတောင်
ငါ့အရိပ်ဟာ ချွေးတွေ ရွှဲလို့
စိတ်ကျကော်ဖီဆိုင်လေးထဲ ကယောင်ကတမ်း ကျကွဲနေတဲ့
ဖန်ခွက်ကလေးဟာ ငါ့အရိပ်

ခေါင်းပေါ်က ခြေသံတွေ ကြားရတိုင်း
ဇာတိမြို့လေးရဲ့ ခြေအစုံကို ဖက်နမ်းချင်နေတဲ့ ငါ့အရိပ် ဟာ အဝါရောင်ပျစ်ပျစ်

တစ်ခါတခါ ငါ့အရိပ်ဟာ ငါ့ဆီမှာ မနေဘူး
လူ့အဖွဲ့အစည်းရဲ့ အဝေးဆုံးနေရာ သက်တံတံတားပေါ်မှာ သွားထိုင်တယ်

ကိုယ့်ကိုယ်ကိုယ် ရှာလို့မတွေ့တဲ့အခါ
ပျောက်​သွားတဲ့​ သော့​လေးဆီ ဖုန်း​ခေါ်​မိ
ငါ့အရိပ်ဟာ ပိတ်နေတဲ့ ငါ့စိတ်ကို လာဖွင့်သွား

ငါ့ကို ချောက်ထဲ တွန်းချဖို့ ကြိုးစားတယ်
ငါ့ကို သုခဘုံဆီ ထမ်းတင် ဖို့ လုပ်တယ်
တော်တော်နားလည်ရခက်တဲ့ ငါ့အရိပ်

ငါ့အရိပ်ဟာ လွတ်လပ်ရေးရဖို့ ငါ့ကို တိုက်ယူသတဲ့
ငါ့အရိပ်ဟာ ငါ့ဆီကနေ ခွဲထွက်ပြီး နိုင်ငံတည်ချင်သတဲ့

အဲဒီနေ့က ပျံနေတဲ့ ငှက်တွေဆီ တိမ်တွေ လာနားတယ်
ငါ့အရိပ်ကို ငါ လိုက်ဖမ်းနေတာ လွမ်းခန်းတွေချည်းပဲ

#လင်းလက်တာရာ
8.8.18

Monday, August 6, 2018

ရုပ်သေကင်မရာ

ရုပ်သေကင်မရာ
.....................

အမှန်တရားဟာ
ရက်ရက်စက်စက် လုပ်ကြံ သတ်ဖြတ်ခံရ

သူ့ လျှာကို ဖြတ်ယူသွားကြ
သူ့ နှလုံးသားကို ဖောက်ယူသွားကြ
သူ့ ဦးနှောက်ကို ထုတ်ယူသွားကြ
သဲလွန်စတွေကို လက်စဖျောက်ထားခဲ့ကြ

တရားခံ သတိမထားမိခဲ့တာက
နာနာကြည်းကြည်း ကျန်ရှိနေခဲ့တဲ့ အမှန်တရားရဲ့ မျက်လုံး
သမိုင်းတစ်ခုလုံးရဲ့ ကြေးမုံ

#လင်းလက်တာရာ
7.8.2018

ခေါင်းစဉ်- မောင်မိုးမြင့်၊ ဒီလူ (တောင်တွင်းကြီး)

Friday, July 27, 2018

လက်​​ဆောင်

လက်ဆောင်
................

မပျော်ရွှင်ခြင်းများစွာနဲ့
ရက်လုပ်ထားတဲ့ နေ့ရက်တွေထဲ
မျက်စိတဆုံး ကျယ်ပြန့်တဲ့
လာဗန်ဒါပန်းခင်းကြီးသာ ကိုယ်​ ဖြစ်လိုက်ချင်
အချစ်ရေ
အဲဒီလာဗန်ဒါပန်းခင်းကြီးထဲ
စိတ်လတ်ပေါ့ပါးစွာ
ပြေးလွှားဆော့ကစားလိုက်စမ်းကွဲ့
အသက်ဝဝရှူလိုက်စမ်းကွဲ့
ဟေးးးး လို့
အပြာရောင်မိုးကောင်းကင်ကြီးကြားအောင်
အားရပါးရ အော်ဟစ်ပစ်လိုက်စမ်းကွဲ့
ဟော့ဒီ ပိတ်လှောင်မွန်းကြပ်နေတဲ့
လူ့ဘောင်ကြီးမှာ
ပျော်ရွှင်စရာတွေကိုချည်း ရွေးပြီး
ညီမလေးကို ပေးချင်ရဲ့

လင်းလက်တာရာ

Thursday, July 26, 2018

ပျော်ဆုံးမှုဟာ ပေါ်ထင်ပြနေတယ် ငါ့ပတ်ပတ်လည်


'​ပျောက်​ဆုံးမှုဟာ ​ပေါ်ထင်​ပြ​နေတယ်​ ငါ့ပတ်​ပတ်​လည်​'

ပထမထပ်ကိုရောက်တော့
ပျက်စီးယိုယွင်း နေတဲ့ ပျော်ရွှင်ခြင်းများ
ပျောက်ဆုံးမှုဟာ ပေါ်ထင်ပြနေတယ် ငါ့ပတ်ပတ်လည်

ဒုတိယထပ်ကိုရောက်တော့
ပေါက်ပြဲယိုင်နဲ့ ပြိုကျနေတဲ့ ဖြစ်တည်မှုများ
ပျောက်ဆုံးမှုဟာ ပေါ်တင်ပြနေတယ် ငါ့ပတ်ပတ်လည်

တတိယထပ်ကိုရောက်တော့
ဆေးသားတွေ အလွှားလိုက်ကွာကျနေတဲ့ လောကဓံများ
ပျောက်ဆုံးမှုဟာ ပေါ်တင်ပြနေတယ် ငါ့ပတ်ပတ်လည်

စတုတ္ထထပ်ကိုရောက်တော့
အက်ကွဲကြေမွနေတဲ့ မိသားစုအပိုင်းအစများ
ပျောက်ဆုံးမှုဟာ ပေါ်တင်ပြနေတယ် ငါ့ပတ်ပတ်လည်

ပဉ္စမထပ်ကိုရောက်တော့
ပုပ်သိုးနေတဲ့ မျှော်လင့်ချက်အိပ်မက်များ
ပျောက်ဆုံးမှုဟာ ပေါ်တင်ပြနေတယ် ငါ့ပတ်ပတ်လည်

ဝရန်တာကို ထွက်ကြည့်တော့ သေတဲ့နေ လ
ခေါင်မိုးပေါ် တက်ကြည့်တော့
ဘဝတစ်ခုလုံး ဟင်းလင်းပြင်

ငါကိုယ်တိုင် တိုက်အိုပျက်ကြီးတစ်လုံးဖြစ်သွား တဲ့အထိ
ပြန်ရောက်မလာသေးတဲ့ ငလျင်တစ်ခုကို စောင့်မျှော်နေမိတယ်

လင်းလက်တာရာ
27.7.2018

(ခေါင်းစဉ် - ညီမိုးဆွေ)

Wednesday, July 25, 2018

အချိန်​ခရီးသွားခြင်း

အချိန်ခရီးသွားခြင်း
......................

ဖြစ်​ချင်​တာက အချိန်​ခရီးသွား
သွားချင်​တာက
ဂေါတမ ပွင့်​​တော်​ မူခဲ့တဲ့ ​ကာလဆီ
အရိ​မေ​တ္တေယျ ပွင့်​​တော်​ မူမယ့်​ ​ကာလဆီ

ဖြစ်​​နေတာက
နေ့စဉ်​လူမှုဝပ်​ကျင်း​လေးထဲမှာပဲ
အကျဉ်းကျ​နေတဲ့ ခရီးသွားတစ်​​ယောက်
ပြန်​ပြန်​​ရောက်​​နေတာက
ခန္ဓာအိမ်​ထဲ

လင်းလက်​တာရာ
26.7.2018
(​ခေါင်းစဉ်​ - သစ္စာမင်းအိမ်​)

Friday, July 20, 2018

ချစ်မေတ္တာ

ချစ်​​မေတ္တာ
..............

ကိုယ့်​ဘ၀ရက်​ကန်းစင်​မှာ
ထူးထူးဆန်းဆန်း လာငြိတွယ်​​ငင်နေတဲ့
ညီမလေးရဲ့ငွေသော်တာ​ချည်​မျှင်​တန်းများ

ညတိုင်း လပြည့်
ညတိုင်း လပြည့်
ညတိုင်း လပြည့်

လင်းလက်​တာရာ
21.7.2018




ပန်းတိုင်

ပန်းတိုင်

စိတ်ကူးအိပ်မက်ထဲက
အေးမြငြိမ်းချမ်းမှုဆီရောက်ဖို့
ကန္တာရကိုပဲ ဖြတ်​သန်းရ ဖြတ်​သန်းရ ဖြတ်​သန်းမယ်
နွေကိုပဲ ထမ်းရ ထမ်းရ ထမ်းမယ်
အစွဲအလမ်းက​နေ စိမ့်​ထွက်​လာ​တဲ့
အလွမ်း​တွေ ​ချွေးဒီးဒီးကျပါ​စေ
နှလုံးသားက​တော့ ​မ​မောမပန်း လန်းဆန်း​နေမှာပဲ
တိမ်​ညိုတိမ်​မည်း​တွေ ပြယ်​သွားတဲ့အခါ
ပြာလွင်​ကြည်​လင်​​နေတဲ့ ​ကောင်းကင်​ကို ​တွေ့ကြရပါလိမ့်​မယ်
အဆွေးတလူလူအူ​နေတဲ့
ဝေးကွာခြင်းတွေဖယ်လိုက်တဲ့အခါ
မလောင်မကျွမ်းဘဲ အကောင်းအတိုင်း တည်ရှိနေတဲ့
ချစ်ခြင်းတရား ကို ​တွေ့ရပါလိမ့်​မယ်
ကိုယ်က ယုံယုံကြည်​ကြည်​ ရှာမိ​တော့
ကိုယ့်ကို ယုံယုံကြည်​ကြည်​ ​တွေ့ရှိသွားသူ
ချစ်သော သစ်ရိပ်ဝါးရိပ်လေးရဲ့
မဟာစိမ်းလန်းမှု

လင်းလက်တာရာ

အလွမ်း

ဘာကိုလွမ်းလို့ လွမ်းမှန်းမသိတဲ့
တောင်တောင်အီအီ အလွမ်း မဟုတ်

လက်ဖြောင့်သေနတ်သမားရဲ့ကျည်ဆံလို
ပစ်မှတ်ဗဟိုတည့်တည့်ကို ထိမှန်သွား တဲ့
တိကျသေချာသော အလွမ်း

အိမ်ရှေ့ စာတိုက်ပုံးထဲ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာတဲ့ စာအိတ်လေးလို
လိပ်စာအတိအကျနဲ့ အလွမ်း

မျက်လုံးမှိတ်ထားလည်း မျက်ကြည်လွှာမှာ
ပီသကြည်မြစွာ လာပေါ်နေသော ပုံရိပ်

မသိစိတ်နဲ့ သိစိတ်ကြားက
ဟ နေတဲ့ နေရာလွတ်ကလေးထဲမှာတောင်
နေရာ ယူထားနိုင်သူလေး

လင်းလက်​တာရာ

Tuesday, July 10, 2018

စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ်

စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ်
 
 
 
(a)
 
 
'စက္ကူလှေကလေးက ပင်လယ်ကို ချစ်တယ်'
ငါ့ရင်ပင်စည်မှာ ဓားနဲ့ထွင်းထားတဲ့ စာသား။

ငှက်ကလေးက ကောင်းကင်ပြာပြာကို ချစ်ခွင့်ရှိသလို
စက္ကူလှေကလေးကလည်း ပင်လယ်ကို ချစ်ခွင့်ရှိတယ်မဟုတ်လား။
  
အဲသလို ငါက ဘုရင့်နောင်လို ဖောင်ဖျက်ခဲ့တဲ့ကောင်။
ပျံရင်းသန်းရင်း မုန်တိုင်းတစ်ခုထဲ ပျက်ကျခဲ့တဲ့ကောင်။
ကိုယ့် နံရိုးတစ်ချောင်းကို အမှတ်မထင် ပြန်လည်တွေ့ ရှိခဲ့တဲ့ကောင်။
ခွေးအတွေ အူနေတဲ့ လပြည့်ဝိုင်းစက်စက်ကြီးကို
အိပ်မက်အသေထဲက အရှင်လတ်လတ်တူးဖော်တွေ့ရှိခဲ့တဲ့ကောင်။
 
အချစ်ဆိုတဲ့ စိတ္တဇနာမ်ကို နင်ဘယ်လို ခက်ဆစ်ဖွင့်မလဲ ။
ခေတ်ပေါ်ယဉ်ကျေးမှုတွေလို လူ့ အဖွဲ့ အစည်းရဲ့ ကိုယ်စိတ်နှလုံးသုံးပါးထဲ
ပျံ့ နှံ့ ကူးစက်ကိုက်ဖြတ်နေတဲ့ ဗိုင်းရပ်စ်ဟာ အချစ်လား။
မခွဲစိပ်မပြုပြင်ရသေးတဲ့ ရုပ်ဆိုးဆိုးပလက်ဖောင်းတွေဟာ အချစ်လား။
ပွင့်လင်းမြင်သာမှုများစွာနဲ့ အပြည့်အဝ ရုပ်လုံးကြွမလာသေးတဲ့
လူ့ အခွင့်အရေးဟာ အချစ်လား။ တိမ်တွေမှာ လျှို့ ဝှက်တဲ့ တောင်ပံတွေရှိသလို ၊
နိုင်ငံရေးမှာ လျှို့ ဝှက်တဲ့ စစ်တုရင်ကစားနည်းတွေရှိသလို ၊
လူတွေမှာလည်း လျှို့ ဝှက်တဲ့ နှလုံးအိမ်ဆိုတာ ရှိတယ်။
 
မထင်မှတ်တဲ့ စက္ကန့် လေးက နင့်ကို ထင်ထင်မှတ်မှတ် ဖြစ်သွားစေခဲ့တာ။
မထူးခြားတဲ့ တွေ့ ဆုံမှုလေးက နင့်ကို ထူးထူးခြားခြား ဖြစ်သွားစေခဲ့တာ။
မနက်နဲတဲ့ နေ့ ရက်လေးက နင့်ကို နက်နက်နဲနဲ ဖြစ်သွားစေခဲ့တာ။
ငါ့ ရုပ်နဲ့ နာမ်ကို အပိုင်စားရတဲ့ နတ်ဖုရားမလေးရေ
နင်ဟာ ငါ့အိပ်မက်တွေကို ကျောက်ချနိုင်သူ။ နင်ဟာ ငါ့စိတ်ကူးတွေကို ရွှေချနိုင်သူ ။
နင်ဟာ ငါ့မနက်ဖြန်တွေကို ပန်းပွင့်နိုင်သူ။
 
 
(b)
 
 
" စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
ငါ့နှလုံးသားဂူနံရံမှာ ပဲ့တင်ထပ်နေတဲ့ အော်သံ။

ငါ့ချစ်ခြင်းမေတ္တာတွေ စာစီကြည့်လိုက်ရင် မိုင်တွေ ဘယ်အထိတောင်လဲ။
ညကောင်းကင်မှာ တဖျတ်ဖျတ်လက်နေတဲ့ ကြယ်တာရာတွေလို
နင့်ပုံရိပ်နဂ္ဂတစ်တွေက ငါ့ရင်အုံမှာ ပွင့်နေတဲ့ ကဗျာပွင့်လေးတွေပေါ့။
 
နှုတ်ခမ်းနီ မဆိုးတတ်တဲ့ နင့်နှုတ်ခမ်းပါးလေးကိုပဲ
ငါ့ရင်နံရံမှာ မြတ်မြတ်နိုးနိုး ချိတ်ဆွဲထားမိတာ။
လမင်းနှစ်စင်းလို အပြိုင်သာနေတဲ့ နင့်ပါးပြင်မို့ မို့ လေးနှစ်ဖက်ကတော့
ငါ့နှလုံးသားပေါ် ခုတ်မောင်းနေကျ ရထား။
နင်မချည်နှောင်ဘဲ ငါ့အနာဂတ်ကို ရစ်ပတ်ထားတဲ့ နင့်ဆံနွယ်တွေ။
ကင်းဗက်စ်ပေါ် မတော်တဆ မှောက်ကျသွားတဲ့ ဆေးစက်တွေဟာ နင်ဆိုရင်
အဲဒီပန်းချီကားကို ငါ့ဘဝနဲ့ လဲပြီး ဝယ်မယ်။
 
မရေရာမသေချာဘဲ နင့်အတွက် စတေးမိတဲ့ အချိန်တွေ။
ငါက လေရိုင်းဇုန်ကိုမှ ပိုမက်မောတဲ့ စွန်ပြာကလေးပါ။
ငါက ရေနက်ပိုင်းကိုမှ ပိုမက်မောတဲ့ ဝါးဖောင်ပျက်ကလေးပါ။
ချစ်ခြင်းတရားရဲ့ အသံတိတ်ခေါ်သံတွေကို နင့်နှလုံးသားနဲ့ ကြားနာနိုင်ပါ့မလား။
ခြောက်သွေ့ အက်ကွဲနေတဲ့ ငါ့ကမ္ဘာပေါ် ဆွတ်ပျံ့ ပျံသန်းလာမယ့်
နင့်ရဲ့ မုတ်သုန်ဆန် မိုးပွင့်တွေကိုပဲ ငါအပြင်းဖျား ငေးမော ငတ်မွတ်နေမိတာ။
နာတာရှည် အလွမ်းတွေနဲ့ တသောသောရယ်မောခံနေရတဲ့ သစ်ပင်ဟာ ငါပါ။
ခုတော့ အူသံရှည်တောအုပ်ထဲမှာ ညစဉ်ညတိုင်း တစ္ဆေအခြောက်ခံနေတယ်။
 
 
(c)
 
" စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
ငါ့နေ့စဉ်ရှင်သန်မှုရဲ့ဝင်သက်ထွက်သက်။
 
လက်ပေါ်နဖူးတင် နဖူးပေါ်လက်တင်ပြီး ငါ စိတ်ကူးယဉ်ခဲ့ဖူးတယ်။
နင်ဟာ ငါ့ လမိုက်ညရဲ့ အတောက်ပဆုံး ကြယ်တံခွန်။
ငါ့ကန္တာရရဲ့တစ်ခုတည်းသော အိုအေစစ်။
နင်မပစ်ဘဲ လာစိုက်နေတဲ့ မြားဟာ ငါ့ရဲ့ ရှင်သန်ခြင်း ဝိဥာဉ်။
နင်မပျိုးဘဲ ရှင်သန်ခဲ့ရတဲ့ ငါ့ရဲ့ စံပယ်ရုံလေးတွေ။
နင်မသိဘဲ ငါခိုးလာမိခဲ့တဲ့ အိပ်မက်လေးတွေက တိတ်တခိုးသီချင်းကို ဆိုတယ်။
 
အလွမ်းဆိုတာ ငါ့အပေါ် ရွေးပြိုနေတဲ့ မိုးသား။
တမ်းတခြင်း ဝတ်ရုံ ဆိုတာကလည်း နင်မလျှော်ဖွတ်ဘဲ ဖြူစင်နေတဲ့
ငါခြုံနေကျ အနွေးထည်လေးပေါ့။ မီးရထားသံလမ်းတွေလို
ငါ့ရဲ့ မျှော်လင့်ခြင်း စိတ်မိုင်တိုင်တွေက ရှည်လား။
နင် နားခိုရာ အရပ်က ငါ့ရဲ့ မြတ်နိုးခြင်းဘူတာ။
အဲဒီလို နင်မသိတဲ့ ငါ့ရင်ခုန်သံတွေက နင်ရှိတဲ့အရပ်မှာ အသံတိတ် မိုးခြိမ်းတယ်။
 
မြတ်နိုးဖွဲ့ လှိုင်းကလေးရေ ။ ငါက ငွေဆောင်ပါ။ ငါက မီယာမီပါ။
ငါက ချောင်းသာပါ။ ငါက ပတ္တယား ကမ်းခြေပါ။ ငါက ငပလီပါ။
ငါ့ ရင်ဘတ်ချစ်ခြင်းအလျားကို ဖြူလွှလွှ သဲသောင်ပြင်ကြီး လို ဖြန့် ခင်းထားပါရဲ့။
ငါ့အရိပ်မှာ အိပ်စက်ပါ။ ငါ့လေညှင်းကို ရှူရှိုက်ပါ။
ငါ့ အုန်းစိမ်းရည်ချိုချိုကို သောက်ပါ။
ငါ့စိတ်ကူးလွင်ပြင်ကျယ်ကြီးထဲ ခုန်ပေါက် ပြေးလွှားပါ။
ငါဟာ တကယ့်လူသားပဲ။ တကယ့် ပုထုဇဉ်ပဲ။
 
ငါ့ရုပ်နဲ့ နာမ်ကို အပိုင်စားရတဲ့ နတ်ဖုရားမလေးရေ ၊
နင်ဟာ ငါ့ကဗျာတွေကို တံခါးဂျက် ဖွင့်နိုင်သူ။
နင်ဟာ ငါ့ကဗျာတွေကို ကျောက်ဆစ်နိုင်သူ။
နင်ဟာ ငါ့ကဗျာတွေကို ထွန်ယက်စိုက်ပျိုးနိုင်သူ။
နင်ဟာ ငါ့ရဲ့ ဂြိုဟ်ပြာလေးပေါ့။ နင်ဟာ ငါ့ရဲ့ ကောင်းကင်အပြာလေးပေါ့။
အဲသလို ငါက ခိုက်ခိုက်တုန်နေတဲ့ ဆောင်းဥတုလေးပါ။
ကျေးဇူးပြုပြီး မီးနည်းနည်းလောက် လှုံပါရစေ။
 
 
(d)
 
 
'စက္ကူလှေကလေးက ပင်လယ်ကို ချစ်တယ် "
ငါ့သမိုင်းပြတိုက်ရဲ့ ဂုဏ်သရေရှိ ကျောက်စာ။
 
ဘယ်သူ့ ပယောဂမှ မပါဘဲ သီဝိမင်းလို အပြောင်မြောက်ဆုံး ရူးသွပ်မိခဲ့တာပါ။
ဘယ်သူ့ ပယောဂမှ မပါဘဲ ဘာလင်တံတိုင်းကြီးလို ရသမြောက် ဖြိုချမိခဲ့တာပါ။
ဘယ်သူ့ ပယောဂမှ မပါဘဲ အရက်မူးနေတဲ့ မီးတောင်ကြီးလို
ချော်ရည်ချော်ခဲတွေ အန်ချမိခဲ့တာပါ။
ဘယ်သူ့ ပယောဂမှ မပါဘဲ ဦးပိန်တံတားလို ကိုယ့်ကျောပေါ်က
ခြေသံတွေကို အနုပညာဆန်ဆန် နားစွင့်မိခဲ့တာပါ။
 
ကောင်းချီးသြဘာတွေနဲ့ လင်းဖွဲ့ နေတဲ့ နင့်ရဲ့ဇာတာမှာ ငါသေဆုံးပါရစေ။ ပန်းမျိုးတစ်ထောင်ဖူးပွင့်နေတဲ့ နင့်ရဲ့ စံပယ်တင်မှဲ့ ကလေးမှာ ငါ အဆိပ်သင့်ပါရစေ။ ဘယ်လောက်ပဲ ပမ်းပမ်း နင့်ရဲ့ လမ်းကို ငါထမ်းပါရစေ။
နင့်ရဲ့ အောင်ပွဲခံသံကို ငါကြားနာပါရစေ။ နယူတန်ရဲ့ နိယာမလို
စကြာဝဠာထဲ တုန်ခါပစ်လိုက်တဲ့ ငါ့အော်သံတွေကို ငါပြန်ကြားပါရစေသား။
 
နင် ' အိုမာခယမ်' ကို မသိလည်း ငါချစ်တယ်။
နင် ' ရာဘင်ဒြာနသ်တဂိုး' ကို မသိလည်း ငါချစ်တယ်။
နင် ' အဲလိယော့ထ်' ကို မသိလည်း ငါချစ်တယ်။
နင်  ' ချားလ်စ်ဘန်းစတိုင်း' ကို မသိလည်း ငါချစ်တယ်။
ကဗျာကို တူးတူးခါးခါးမုန်းတဲ့ ' ဖရန်ကို ' ကို မသိလည်း ငါချစ်တယ်။
ငါ ချစ်တယ်။ ငါချစ်တယ် ငါ့ရဲ့ နတ်ဖုရားမလေးရေ။
ချစ်နေခွင့်တစ်ခုတော့ ငါပိုင်တယ်မဟုတ်လား။
ခေါင်းစဉ်တွေ ဘယ်လိုပဲ ပေးထားပေးထား ငါ အဖွဲ့ ချင်ဆုံးကဗျာဟာ နင်ပါ။
 
 
(e)
 
 " စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
ငါ့မေတ္တာတရားရဲ့မြို့အဝင်မုဒ်ဦး။

နင်က ကောင်းကင်နဲ့ မြေလွှာကို ချုပ်သီပေးတဲ့ သက်တံ့ ချည် အပ်တစ်ချောင်းလား။
ငါက အဖာအထေးများတဲ့ အင်္ကျီတစ်ထည်။
နင်က ရော်ရွက်ခြောက်လေးတွေ ငေးမောသူလား။
ငါက အကြွေများတဲ့ သစ်ပင်။
နင်က အီကွေတာကို ကြက်ခြေခတ် ပြီး လတ္တီကျု့ ခယောင်းတောကို ခြေသံလုံစေသူလား။
ငါက ဝင်ရိုးစွန်းမှာ တဲထိုးနေရသူ။
 
အတူထိုင်ဖူးတဲ့ ဒေါ်ကြီးလုံး အကြော်ဆိုင်လေးမှာ။
အတူလျှောက်ဖူးတဲ့ ကမ်းနားလမ်းက မြေနီနုနုမှာ။
အတူကြည့်ဖူးတဲ့ ရပ်ကွက်ပေါင်းစုံ ဘောလုံးကွင်းလေးမှာ။
အတူသွားဖူးတဲ့ ' ဖူးသစ်စ' စာအုပ်ဆိုင်လေးမှာ။
တကယ့်ကို ရိုးသားခဲ့တာပါ။
 
ခုချိန်ထိ ငါတို့ တွေ ရုပ်ရှင် အတူမကြည့်ဖူးဘူး။
ခုချိန်ထိ ငါတို့ တွေ ပန်းခြံအတူ မထိုင်ဖူးဘူး။
ခုချိန်ထိ နင့်ပါးလေး ပန်းမဖြစ်ခဲ့ဖူးဘူး။
ခုချိန်ထိ နင့်လက်ဖဝါးလေး ငါမဆုတ်ကိုင်ဖူးဘူး။
အဲဒီလောက်ထိ ငါတို့ နှစ်ယောက်ကြားက အရောင်ဟာ ဆွတ်ဆွတ်ဖြူခဲ့တာပါ။
 
 
(f)
 
 " စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
တမြေ့မြေ့လှိုက်စားနေတဲ့ ကင်ဆာ။

နင်တို့ ရပ်ကွက်ထဲ ကားအကောင်းစားကြီး ဝင်လာတဲ့နေ့ က။
နင်စီးနေကျ ကတ္တီပါ ဖိနပ်လေးနေရာမှာ
သိန်းကျော်တန် ဒေါက်မြင့်ဖိနပ် ရောက်လာတဲ့ နေ့ က။
နင့်ရဲ့ ရွှေလည်တိုင် ဝင်းဝင်းလေးမှာ စိန်ရောင်တွေ ဝင်းလက်သွားတဲ့ နေ့ က။
ငါ့နှလုံးသားတည့်တည့်မှာ ငလျင်လှုပ်တယ်။
ငါ့ဘဝဗဟိုချက်မှာ မြေပြိုတယ်။

နင်မလိမ်းခြယ်ဖြစ်ခဲ့တဲ့ ပါးကွက်ကြားလေးထဲ
ငါက ဝက်ဝက်ကွဲသွားတဲ့ သနပ်ခါးပင်လေး။ ငါ့ကို ပြာကျအောင်ရယ်ပါ။
 
ကံကြမ္မာရဲ့ နာကျင်အချိန်ပိုမှာ ဂိုးသွင်းခံလိုက်ရတဲ့ အသက်ဆက်ဖလား။
ကြေကွဲမှုက ဖုတ်ပူမီးတိုက် တန်းဆင်းဇုန်။
အိမ်ကွင်းရော အဝေးကွင်းပါ ငါ ဟာ ခွက်ခွက် လန်လို့ ။
 
ငါ့ရဲ့ နတ်ဖုရားမလေးရေ။
ငါ့ရဲ့ ရုပ်နဲ့ နာမ်ကို အပိုင်စားရတဲ့ နတ်ဖုရားမလေးရေ။
ငါ့မျက်ရည်မြစ်ကျိုးအင်းထဲ ရေချိုးဆင်းလှည့်ပါ။
စိမ်းကားမှုတွေ စိုက်ဝင်နေတဲ့ မိုးသားတွေ ငါ့ကို သားတစ်လို ချောင်းမြောင်းဝဲပြိုလို့ ။ နင့်နှုတ်ခမ်းတစ်စုံရဲ့ စွန့် ပစ်ခံ အသံထွက် တစ်ခု ဟာ ငါတဲ့လား။
နင်အမှတ်တမဲ့ တောက်ချလိုက်တဲ့ စီးကရက်စ်ထိပ်က ပြာလေးဟာ ငါတဲ့လား။
ငါက ရှော့ခ်ဖြစ်နေတဲ့ ဓါတ်ကြိုးပေါ်နားမိတဲ့ ငှက်။
ငါက အလွမ်းတွေနဲ့ ပြာကျနေတဲ့ မီးခဲ။
ငါက ပြန်မလာတော့တဲ့ အမျှော်တွေကို ငေးရင်း
လွတ်ကျသွားတဲ့ အဝေးသံတွေကို လိုက်ကောက်နေမိသူ။
 
ငါ့ နှုတ်ခမ်းထက်က ပန်းသီးတစ်လုံး ကြွေကျသွားပုံ။
ငါ့မျက်ဝန်းထဲက စံပယ်ရနံ့ တွေ ခုန်ချသွားပုံ။
ငါ့လက်ရုံးထက်က ကဗျာတစ်ပုဒ် လွတ်ကျသွားပုံ။
ကမ္ဘာကြီးတောင် မျက်ရည် လည်ကုန်တော့တယ်။
 
 
(g)
 
" စက္ကူလှေကလေးက ပင်လယ်ကိုချစ်တယ် "
ချိန်ကိုက်ဗုံးတစ်လုံးရဲ့ မြည်သံစွဲအလင်္ကာ။
 
' ကျွန်မ လက်ထပ်တော့မယ်' တဲ့။

အဲဒီနေ့ က ပုလဲဆိပ်ကမ်း ဗုံးကျဲ ခံရတယ်။
အဲဒီနေ့ က ဆိုကရေးတီး အဆိပ်သောက်သေတယ်။
အဲဒီနေ့ က ယဲဆဲနင် ကြိုးဆွဲချသေတယ်။
အဲဒီနေ့ က ဂွါယာနီးကားရွာကလေး ပြာကျသွားတယ်။
အဲဒီနေ့ က ဒုတိယ ကမ္ဘာစစ်ကြီး ဖြစ်ပွားတယ်။
အဲဒီနေ့ က ငါ့နှလုံးသားရဲ့ ပြည်တန်ပတ္တမြား အခိုးခံလိုက်ရတယ်။
အဲဒီနေ့ က စက္ကူလှေကလေး ပင်လယ်ထဲမှာ ရေနစ်သေသွားတယ်။
 
 
 
လင်းလက်တာရာ