၁။
ချစ်မေတ္တာ
..............
ကိုယ့်ဘ၀ရက်ကန်းစင်မှာ
ထူးထူးဆန်းဆန်း လာငြိတွယ်ငင်နေတဲ့
ညီမလေးရဲ့ ငွေသော်တာ ချည်မျှင်တန်းများ
ညတိုင်း လပြည့်
ညတိုင်း လပြည့်
ညတိုင်း လပြည့်
၂။
ရစ်လုံးလေး
..............
မျက်လုံးနဲ့ မမြင်ရတဲ့ ကြိုးက
ပိုပြီး ရုန်းရခက်တယ်
ဘဝတဆုံးထိ
ရစ်ပတ်ထား ပုံ ဆန်းကြယ်
ကိုယ်ဟာ ညီမလေးရဲ့ ကြယ်ဖြစ်ပြီး
ညီမလေးဟာ ကိုယ့်ရဲ့ ကောင်းကင်ဖြစ်တယ်
၃။
လက်ဆောင်
................
မပျော်ရွှင်ခြင်းများစွာနဲ့
ရက်လုပ်ထားတဲ့ နေ့ရက်တွေထဲ
မျက်စိတဆုံး ကျယ်ပြန့်တဲ့
လာဗန်ဒါပန်းခင်းကြီးသာ ကိုယ် ဖြစ်လိုက်ချင်
အချစ်ရေ
အဲဒီလာဗန်ဒါပန်းခင်းကြီးထဲ
စိတ်လတ်ပေါ့ပါးစွာ
ပြေးလွှားဆော့ကစားလိုက်စမ်းကွဲ့
အသက်ဝဝရှူလိုက်စမ်းကွဲ့
ဟေးးးး လို့
အပြာရောင်မိုးကောင်းကင်ကြီးကြားအောင်
အားရပါးရ အော်ဟစ်ပစ်လိုက်စမ်းကွဲ့
ဟော့ဒီ ပိတ်လှောင်မွန်းကြပ်နေတဲ့
လူ့ဘောင်ကြီးမှာ
ပျော်ရွှင်စရာတွေကိုချည်း ရွေးပြီး
ညီမလေးကိုပေးချင်ရဲ့
၎။
ကြိုး
.........
သံကြိုး
ကြေးနန်းကြိုး၊ စတီးလ်ကြိုး
သံမဏိကြိုးတွေနဲ့ မှမဟုတ်ဘူး
ကျစ်ဆံမြီးလေးနှစ်ချောင်းနဲ့ ချည်နှောင်ရင်လည်း
ခိုင်မြဲပါတယ်ကွယ်
၅။
ဥယျာဉ်
...........
ဒိုင်ယာရီစာအုပ်လေးထဲမှာ
ကဗျာတွေ စိုက်ထားတယ်
ညီမလေး ပန်ဖို့ 
၆။
ရှေးရေစက်
................
ရေစက်လေးတစ်စက် နဲ့ 
ရေစက်လေးတစ်စက် ပေါင်းရင်
ရေစက်လေးတစ်စက်ပဲရ သတဲ့
ဆိုပါစို့
ကိုယ်ကလည်း ရေစက်လေးတစ်စက်
ညီမလေးကလည်း ရေစက်လေးတစ်စက်
အဲဒီ ရေစက်လေးနှစ်စက်ကို
ရေစက်လေးတစ်စက် တည်းဖြစ်အောင်
ပေါင်းကြည့်ရအောင်နော်
၇။
သတိရလို့ ဒီကဗျာရေးတယ်
................................
ပိတ်ထားတဲ့ ပြတင်းကို စိတ်နဲ့ လှမ်းဖွင့်ရင်း သတိရတယ်
သစ်ရွက်ကလေးတွေ ကနေတာ ကြည့်ရင်း သတိရတယ်
ကန်ရေပြင်ပေါ် မိုးစက်လေးတွေ ရေဆင်းကူးတာ ကြည့်ရင်း သတိရတယ်
ငှက်ကလေးတွေ သီချင်းဆိုတာ နားထောင်ရင်း သတိရတယ်
လယ်ကွင်းစိမ်းစိမ်းပေါ် အလွမ်းစိမ်းစိမ်းကို ပစ်တင်ရင်း သတိရတယ်
လေတွေ လေချွန်တာ နားဆင်ရင်း သတိရတယ်
တိမ်တွေ လေကျင့်ခန်းလုပ်နေပုံကို ကြည့်ရင်း သတိရတယ်
ခြံစည်းရိုးမှာ သံယောဇဉ်တွေ တလူလူနွယ်တက်နေတာ ကြည့်ရင်း သတိရတယ်
ဒီကဗျာမရေးခင် သတိရတယ်
ဒီကဗျာရေးနေစဉ် သတိရတယ်
ဒီကဗျာရေးပြီးတော့လည်း သတိရနေတုန်းပဲ
၈။
ပန်းတိုင်
............
စိတ်ကူးအိပ်မက်ထဲက
အေးမြငြိမ်းချမ်းမှုဆီရောက်ဖို့
ကန္တာရကိုပဲ ဖြတ်သန်းရ ဖြတ်သန်းရ ဖြတ်သန်းမယ်
နွေကိုပဲ ထမ်းရ ထမ်းရ ထမ်းမယ်
အစွဲအလမ်းကနေ စိမ့်ထွက်လာတဲ့
အလွမ်းတွေ ချွေးဒီးဒီးကျပါစေ
နှလုံးသားကတော့ မမောမပန်း လန်းဆန်းနေမှာပဲ
တိမ်ညိုတိမ်မည်းတွေ ပြယ်သွားတဲ့အခါ
ပြာလွင်ကြည်လင်နေတဲ့ ကောင်းကင်ကို တွေ့ကြရပါလိမ့်မယ်
အဆွေးတလူလူအူနေတဲ့
ဝေးကွာခြင်းတွေဖယ်လိုက်တဲ့အခါ
မလောင်မကျွမ်းဘဲ အကောင်းအတိုင်း တည်ရှိနေတဲ့
ချစ်ခြင်းတရား ကို တွေ့ရပါလိမ့်မယ်
ကိုယ်က ယုံယုံကြည်ကြည် ရှာမိတော့
ကိုယ့်ကို ယုံယုံကြည်ကြည် တွေ့ရှိသွားသူ
ချစ်သော သစ်ရိပ်ဝါးရိပ်လေးရဲ့
မဟာစိမ်းလန်းမှု
၉။
နှင်းဆီ
..........
နှင်းဆီတော့ နှင်းဆီ
အပင်မှာ မပွင့်သော နှင်းဆီ
အရောင်ဖြင့် ဖော်ပြရန် မလုံလောက်သော နှင်းဆီ
လက်ဖြင့် ခူးဆွတ်၍ မရသော နှင်းဆီ
မျက်လုံးဖြင့် မမြင်နိုင်သော နှင်းဆီ
နှင်းဆီတော့ နှင်းဆီ
မိုင်ထောင်ချီဝေးနေတာတောင်
သူ့မွှေးရနံ့ ကို ဝင်သက်ထွက်သက်လေးမှာ အမြဲ ရနေ
၁၀။
အလွမ်း
..........
ဘာကိုလွမ်းလို့ လွမ်းမှန်းမသိတဲ့
တောင်တောင်အီအီ အလွမ်း မဟုတ်
လက်ဖြောင့်သေနတ်သမားရဲ့ကျည်ဆံလို
ပစ်မှတ်ဗဟိုတည့်တည့်ကို ထိမှန်သွား တဲ့
တိကျသေချာသော အလွမ်း
အိမ်ရှေ့ စာတိုက်ပုံးထဲ ဆိုက်ဆိုက်မြိုက်မြိုက်
ရောက်လာတဲ့ စာအိတ်လေးလို
လိပ်စာအတိအကျနဲ့ အလွမ်း
မျက်လုံးမှိတ်ထားလည်း မျက်ကြည်လွှာမှာ
ပီသကြည်မြစွာ လာပေါ်နေသော ပုံရိပ်
မသိစိတ်နဲ့ သိစိတ်ကြားက
ဟ နေတဲ့ နေရာလွတ်ကလေးထဲမှာတောင်
နေရာ ယူထားနိုင်သူလေး
၁၁။
တည်ရှိခြင်း
...............
သူစိမ်းတွေကြားထဲ
ကိုယ့်ကိုယ်ကိုယ် ပျောက်ဆုံးနေတဲ့အချိန်...
ညီမလေးရဲ့ နေရပ်လိပ်စာကို
Google map ထဲ ရိုက်ထည့်
Zoom ဆွဲပြီး ရှာဖွေကြည့်မိ....
ကိုယ့်ကိုယ်ကိုယ် ပြန်လည်တွေ့ ရှိ ....
၁၂။
ညီမလေးဟာ ကဗျာ
.......................
ညီမလေးရဲ့အကြောင်းဟာ
ကိုယ့်ကျောင်းရဲ့ ခေါင်းလောင်းသံ
ညီမလေးရဲ့ရယ်သံဟာ
ကိုယ့်အနုပညာရဲ့ ကမ္ဘာဦးဂီတ
ညီမလေးရဲ့ပါးမို့မို့လေးဟာ
ကိုယ့်မွေးရပ်မြေရဲ့ မြို့အဝင်မုခ်ဦး
ညီမလေးရဲ့ မျက်နက်ဝန်းဟာ
ကိုယ့်လွတ်လပ်ခြင်းတွေရဲ့ပြတင်းပေါက်
ညီမလေးရဲ့ ဆံနွယ်ရှည်တွေဟာ
ကိုယ့်လူငယ်ဘဝရဲ့ ရှူ့မျှော်ခင်း
ညီမလေးရဲ့ အပြုံးဝင်းဝင်းဟာ
ကိုယ့်စာကြည့်စားပွဲပေါ်က အလင်းဖွဲ့မီးသီး
ညီမလေးရဲ့ နှုတ်ခမ်းတစ်စုံဟာ
ကိုယ့်မြေအိုးလေးထဲက စပယ်ရုံကလေး
ညီမလေးရဲ့ ဟန်ပန်ဟာ
ကိုယ့်ရှင်သန်ခြင်းတွေရဲ့ နှလုံးခုန်သံ
ညီမလေးဟာ
ကိုယ့်အသက်ဓာတ်မှာ နှုတ်မရအောင်
ဘဝတဆုံးထိ
ရိုက်ထည့်ထားတဲ့ သပ်တစ်ချောင်း
ကိုယ့် မြတ်နိုးစွဲလန်းချစ်မက်ခြင်းမှာ
တလူလူ လွှင့်ထူထားတဲ့ အလံ
နက်နက်ရှိုင်းရှိုင်း
နှစ်နှစ်ကာကာ ဆိုမိတဲ့
ကိုယ့်နိုင်ငံတော်သီချင်း
၁၃။
သက်တံ
...........
နေရောင်နဲ့ ရေခိုးရေငွေ့ 
အမှတ်မထင် တီးခတ်မိရာက
သက်တံ ဖြစ်လာ
လှောင်အိမ်ထဲ သော့ခတ်သိမ်းထားလို့ မရတဲ့ ရောင်စုံသက်တံလေး
မိုးကုတ်စက်ဝိုင်းနှစ်ခုကို ပေါင်းကူးပေးထားတဲ့
ကောင်းကင်တံတားလေး။
အချစ်ဆိုတာကလည်း
နှလုံးသားချင်း အမှတ်မတင် တီးခတ်မိရာက
ဖြစ်တည်လာတဲ့ ရောင်စုံသက်တံလေး
လက်ဖြင့် ဖမ်းဆုပ်လို့ မရတဲ့ ရောင်စုံသက်တံလေး
ဘဝနှစ်ခုကို ပေါင်းကူးပေးထားတဲ့
မေတ္တာတံတားလေး။
ကောင်းကင်က သက်တံဟာ
လွယ်လွင့်တကူ ပျက်ပြယ် သွားနိုင်ပေမယ့်
ရင်ဘတ်ထဲက သက်တံကတော့
ဘဝတစ်လျှောက်လုံး
ခိုင်မြဲတည်တံ့နေမှာ။
၁၄။
ညကဗျာ
............
ကြယ်တွေကို အထူ ထိုင်ရေမယ်
နာမည်မရှိသေးတဲ့ ကြယ်တွေကို နာမည်ပေးမယ်
ကြယ်တွေက ကိုယ်တို့နှစ်ယောက်ကို ငုံ့ ကြည့်ပြီး
ပြုံးမယ်
တစ်ယောက်ပုခုံးကို တစ်ယောက်မီထားတဲ့
သက်ရှိကြယ်လေးနှစ်စင်းကို အားကျလို့တဲ့
ကြယ်တွေက ပိုပြီးလင်းလက် တောက်ပပေးကြလိမ့်မယ်
၁၅။
လူငယ်တစ်ဦးရဲ့ နွေဦး
...........................
နွေက ကိုယ့်ကို မဦးခင်
ကိုယ်က နွေကို ဦးလိုက်တယ်
ညီမလေးရဲ့စိတ်ကူးကို
ကိုင်းချိုးစိုက်မယ်ဆိုရင်တောင်
ကိုယ်က ပန်းပေါင်းတစ်ထောင်အဖြစ် လာပွင့်ပေးမယ့်သူ
ပြီးတော့ အဲဒီကိုင်းဖျားမှာ လာနားပြီး
တေးဆိုနေမယ့် ငှက်ကလေးတစ်ကောင်ဟာ ကိုယ့် ချစ်ခြင်းမေတ္တာပေါ့
၁၆။
နှလုံးသားမှာ ကြယ်လေးတစ်ပွင့်ပဲ ပွင့်တယ်
....................................................
မိုင်ပေါင်းများစွာက တိမ်ဖြူဖြူလေးကို
စိတ်နဲ့ ဖမ်းခဲ့မိ
လွမ်းစရာ
တိမ်ဖြူဖြူလေးဟာ
ကိုယ့်တစ်ကိုယ်စာ ကဗျာတွေရွာချတယ်
ရွာကျလာတဲ့ ကဗျာထဲကနေ
ပေါ့ပေါ့ပါးပါး တိုးထွက်ပျံသန်းလာတဲ့ ငှက်ကလေးတစ်ကောင်
ကြည့်စမ်း
သူ့အတောင်ပေါ်မှာ ပန်းခင်းတွေ တောင်တန်းတွေ
ရေတံခွန်တွေ ဥယျာဉ်တွေ
ချစ်ခြင်းမေတ္တာဆိုတာ
ရင်မြေသားရဲ့ အဖိုးတန်ကျောက်မျက်
ခပ်နက်နက်တူးလေ
သံယောဇဉ်တွေ ပန်းထွက်လာလေ
ဝင်သက်ထွက်သက်ထဲ
တဖျပ်ဖျပ်ခုန်ပေါက်နေတဲ့
ထူးခြားဆန်းကြယ်မှုအခိုက်ဓာတ်လေး
ဆံနွယ်ရှည်စန္ဒယားသံတွေထဲ
စီးမျောယိမ်းနွှဲ့ မိသူ " လေကောင်းလေသန့်လေး" ရဲ့ အလွင့်
နှလုံးသားမှာ ကြယ်လေးတစ်ပွင့်ပဲပွင့်တယ် ဆိုတဲ့
ကောင်းကင်ညီမလေး
အဖြူအစိမ်းဝတ် သစ်ပင်လေးဆီမှာ တောခိုပြီး
အဖြူအစိမ်းဝတ် သစ်ပင်လေးဆီမှာပဲ အလင်းဝင်ခဲ့မိပါတယ်
ဘ နဲ့ ဝ ကြားထဲကို
တည့်တည့်မတ်မတ် စီးကျ စိမ့်ဝင်လာတဲ့
ရှေးရေစက်လေး
၁၇။
စကြဝဠာဖလား
...................
ကမ္ဘာ ကို ကိုယ်စားပြုပြီး
လမင်းကြီးပေါ်မှာ
ညီမလေးနဲ့အတူ ဘောလုံးကစားမယ်
သန်းချီတဲ့ ကြယ်တွေက တစ်သင်း
ကိုယ်တို့နှစ်ယောက်က တစ်သင်း
ကြယ်တွေကို လိမ်ခေါက်ပြီး
ဝမ်းတူးရိုက် ဂိုးသွင်းရတာ ပျော်စရာ
ချစ်သောမြေကမ္ဘာအတွက်
စကြာဝဠာဖလားကို ဆွတ်ခူးခဲ့ကြ
၁၈။
ချစ်ခြင်းဖွဲ့
.............
လက်ဖဝါးချင်း မြတ်မြတ်နိုးနိုး ဆုပ်ထားတဲ့ အခိုက်
တစ်ယောက်ရဲ့ လက်ဖျံသွေးကြောထဲ
တစ်ယောက်ရဲ့ ချစ်ခြင်းတရားတွေ တလွင်လွင်စီးဆင်းသွား
နှလုံးသားထဲထိ
ပခုံးကမ်းပါးပေါ်
ပါးကလေး တံတားထိုးလိုက်တဲ့ အခိုက်
သံယောဇဉ် မြစ်ရေစီးကြောင်းလေး
တသွင်သွင် စီးဆင်းသွား
ကမ္ဘာဦးအစထိ
မေတ္တာတရားနဲ့ ရက်လုပ်ထားတဲ့ ကောင်းကင်ထီးတစ်ချောင်း
နှစ်ယောက်အတူ ဆောင်းမိတဲ့အခိုက်
ခရီး နှစ်ခု က တစ်ခုတည်း ဖြစ်သွား
လမ်း နှစ်လမ်းဟာ တစ်လမ်းတည်း ဖြစ်သွား
ဘဝ နှစ်ခုဟာ တစ်ခုတည်း ဖြစ်သွား
ကိုယ့်ရှင်သန်ခြင်းတွေအတွက်
အောက်ဆီဂျင် ချက်လုပ်ပေးတဲ့
ဆံနွယ်ရှည်အမြဲစိမ်းတောကလေးရေ
ချစ်တယ်
၁၉။
ဆောင်း
...........
အဝေးရောက် ရင်ငွေ့လေးက တွေးပူတယ်
"ချမ်းနေရှာရော့မယ်"
ကိုယ်သာ
သိုးတစ်ကောင်ဆိုရင်
ကိုယ့်အရေပြားပေါ်က
မြတ်နိုးမှုစိုက်ခင်းလေးကို ကုန်စင်အောင် ရိတ်သိမ်း
ချစ်ခြင်းတရားနဲ့ ရက်လုပ်
ညီမလေး အတွက်
အဖြူရောင် သိုးမွှေးအင်္ကျီလေး ချုပ်ပေးမိမှာ
အချစ် နွေးထွေးပါစေ ကွယ်
၂၀။
ပုံရိပ်
......
ချစ်ခြင်းမေတ္တာ မှာ ခေါင်းကျလည်း ဖြစ်တယ်
ပန်းကျလည်း ဖြစ်တယ်
အလွမ်းတွေချည်း မိုးသီးလို မတိတ်စတမ်း
တဖြောင်းဖြောင်း ရွာကျနေလည်း ဖြစ်တယ်
မျက်ရည်ဝဲလာတဲ့အခါ
မျက်ကြည်လွှာမှာ
ကောင်းကင် လွင်ပြင်ပြာကြီး စိုက်ထားလိုက်ပါတယ်
၂၁။
အထမ်းသမား
..................
ခွေခေါက်စီးဆင်းနေတဲ့
မေတ္တာစမ်းချောင်းလေးကို ထမ်းထားတယ်
အရွက်တဖားဖား မိသားစုတောအုပ်ကလေးကို ထမ်းထားတယ်
လရောင်တွေ ကွက်ရွာနေတဲ့
ချစ်သူ့လမ်းကလေးကို ထမ်းထားတယ်
ရန်ကုန်မြို့ကြီးတစ်မြို့စာ လောက် အလွမ်းတွေကို ထမ်းထားတယ်
သမုဒ္ဒရာထက် ကျယ်ပြောနက်ရှိုင်းတဲ့
ကဗျာအနုပညာကို ထမ်းထားတယ်
မြတ်မြတ်နိုးနိုး ထမ်းထားတယ်
တန်ဖိုးထားပြီး ထမ်းထားတယ်
လွှတ်မချစတမ်း ထမ်းထားတယ်
နှလုံးသားနဲ့ ထမ်းတဲ့အခါ
ဘဝဟာ ပေါ့ပေါ့ပါးပါး
၂၂။
ကိုယ့်အသက်ကို ညီမလေးဖက်နဲ့ ထုပ်ထားမိတဲ့ နေ့တွေ
...................................................................
၁။
" ဟောဒီ လောက ကဖေး ကနေ
ခင်ဗျား အလို ရှိတာ မှာနိုင်ပါတယ်”
"ချစ်ခြင်းမေတ္တာစစ်စစ်ပဲ ပေးပါ”
၂။
ဆွေးဆွေးမြေ့မြေ့ပါပဲ
စိမ်းစိုအုံ့စိုင်းနေတဲ့ တောအုပ်ထဲ
ကိုယ်ဟာ သစ်ငုပ်တို
၃။
သိုးမွှေးအင်္ကျီလေး ဟာ
သိုးအုပ်ကို လွမ်းနေသလိုမျိုး
လွမ်းတယ်
၎။
လမ်းဘယ်လောက်ပျောက်ပျောက်
ကိုယ့်နှလုံးသားရဲ့ သံလိုက်အိမ်မြှောင်က
ညီမလေးရှိတဲ့ မြို့ကလေးဆီ ညွှန်မြဲ ညွှန်တယ်
၅။
အနက်ရောင် ပင်လယ်ပြင်ကြီးရယ်
ကြေးနီရောင်သင်္ဘောတစ်စင်းရယ်
ဟိုးဝေးဝေးက အဖြူရောင်ဆိပ်ကမ်းလေးရယ်
ဇာတ်လမ်းထဲ မုန်တိုင်းတွေ လာလာနားတယ်
၆။
သစ်ကိုင်းခြောက်လေး ဆီမှာတောင်
ကဗျာဓာတ်တွေ စိမ်းလန်းနေသေးတာပဲလေ
Never give up
၇။
အစွဲအလန်း ဟာ အချိန်မှန်ထထမြည်နေတဲ့ Alarm
အထီးကျန်မှုဆီ ဆန်တက်လာတဲ့ သတိရခြင်းထဲ
အိမ်ဝေးငှက်တစ်ကောင်ရဲ့တောင်ပံခတ်သံတွေပါတယ်
၈။
လေပြင်းတိုက်နေတာတောင်
အသံတိတ်နေတဲ့ ဆည်းလည်းဟာ ကိုယ်ပေါ့
လွမ်းလို့ အသံတိတ်နေတဲ့ ဆည်းလည်း
၉။
ပျော်ပါတယ်
ဆောင်းဦးရာသီရဲ့နံနက်ခင်းနုနုပေါ်မှာ
တေးဆိုနေတဲ့ ငှက်ကလေးလို
ပျော်ပါတယ်
နေရောင်ခြည်နဲ့ အကြည့်ချင်းဆုံလိုက်ရတဲ့
နေကြာပန်းလေးလို
ပျော်ပါတယ်
အရာရာကို ဆုံးရှုံးခဲ့ရင်တောင်
ညီမလေး ရှိနေတယ် ဆိုတဲ့ စိတ်နဲ့ ပျော်ပါတယ်
၁၀။
မေတ္တာတရားဆိုတာ
လောကဓံခါးခါးထဲ ရောက်နေရင်တောင်
အပြုံးမပျက် ချိုပါတယ်
၁၁။
မော့ကြည့်လိုက်ပါကွယ်
မိုင်ထောင်ချီဝေးတဲ့ အခန်းငယ်လေးထဲကနေ
လွှတ်တင်လိုက်တဲ့ ကိုယ့်စိတ်တိမ်စိုင်တွေ
ညီမလေးတစ်ယောက်သာ မြင်နိုင်မယ်
၂၃။
ဒီဇင်ဘာညတွေ
....................
မျက်လုံးဖွင့်ကြည့်လိုက်တော့
"ပန်းအက္ခရာနဲ့ မြို့ကလေးက ကိုယ့်ကို ညှို့တယ်"
မျက်လုံးကို ပွတ်ပြီးကြည့်မိ
"ညီမလေးဟာ ကိုယ့်ရဲ့ဆောင်းဖြစ်ပြီး
ကိုယ်ဟာ ညီမလေးရဲ့ နှင်းဖြစ်တယ်"
မျက်လုံးကို ပိတ်ချလိုက်တယ်
" သတိရခြင်းမီးတောင်ဟာ
ခန္ဓာအိမ်ထဲကနေ ပေါက်ထွက်တော့မယ် "
ညဟာ နေ့ခင်းခြောက်ကြီးနဲ့တူပြီး
အထီးကျန်ခြင်းဟာ ငရဲနဲ့တူတယ်
သဇင်တွေတောင် နိုးပြီလေ
ကိုယ်က အိပ်လို့ မရသေး
၂၄။
တေးသံ
...........
ကိုယ်ဟာ ညီမလေးရဲ့ ခြေသံကို
နှလုံးသားနဲ့ စွင့်နေမိသူ သစ်ရွက်ခြောက်ကလေးပါ
ကမ္ဘာဦးဂီတကို လတ်လတ်ဆတ်ဆတ်ကြားချင်လို့
ရင်ဘတ်တစ်ခုလုံးကို စိတ်လိုလက်ရ
ချခင်းထားသူ သစ်ရွက်ခြောက်ကလေးပေါ့
ကိုယ့်အပေါ် ပျော်ပျော်ရွှင်ရွှင် ဖြတ်လျှောက်လိုက်ပါတော့ကွယ်
၂၅။
နေနဲ့ နေကြာ
................
ထူးထူးဆန်းဆန်း
နေရှိရာ အရပ်ကိုပဲ မျက်နှာမူတယ်
နေရှိရာဘက်ကိုပဲ ရှင်သန်ခြင်းတွေ လိုက်ရွေ့ တယ်
နေရောင်နဲ့ အစာချက်လုပ်ပြီး
နေရောင်နဲ့ အောက်ဆီဂျင်တွေ ထုတ်လုပ်တယ်
နေရောင်နဲ့ ထိရင် လန်းဆန်းနေပြီး
နေရောင်မရှိတော့ရင် ညှိုးနွမ်းသွားတတ်တဲ့
နေကြာပန်းကလေးဟာ ကိုယ်ပေါ့
ညီမလေးကတော့ နွေးထွေးအေးမြသော " နေ "
၂၆။
ရေသောက်မြစ်
..................
မြေသား မာမာတွေထဲ
ခေါင်းထိုး တိုးဝင်
ကျောက်သားအထပ်ထပ်ကိုလည်း
ကျော်ဖြတ်ရဲတဲ့ သတ္တိနဲ့ 
ဘဝတစ်ခုလုံးကို ခေါင်းမဖော်စတမ်း
နစ်မြှုပ်ပြီး ပေးဆပ်မယ်
မြတ်နိုးချစ်မက်ရပါသော
အကိုင်းအခက်အရွက်လေး
စိမ်းလန်းဖို့
၂၇။
ငါ့ပုံတူ
.........
စိတ်က ဇာတိမြေလေးဆီ ပြေးပြေးရွာနေတဲ့ မိုးသား
ခန္ဓာကိုယ်က မရပ်မနားမီးခိုးအူနေတဲ့ စက်ရုံ
နှလုံးသား ကတော့ အဖြူအစိမ်းဝတ်သစ်ပင်လေးပါပဲ
၂၈။
ဂြိုဟ်ပြာ
...........
ကောင်းကင်ပြာပြာထဲ
စွန်ပြာကလေး လွှတ်တင်
ချစ်သူနှစ်ဦးရဲ့အပြာရောင်ပုံပြင်ကလေး
ပင်လယ်ပြာကြီးရဲ့ဘေးမှာ
၂၉။
ရေခဲကျောက်ခက်ပန်းဆွဲလေးတွေ
..........................................
ရေခဲသေတ္တာကို ဖွင့်လိုက်တော့
တွဲလွဲခိုနေတဲ့ ရေခဲကျောက်ခက်ပန်းဆွဲလေးတွေ
လှလိုက်တာ
ငါ ငေးကြည့်နေစဉ်မှာပဲ
ရေခဲကျောက်ခက်ပန်းဆွဲလေးတွေ အရည်ပျော် ပျက်စီးသွား
လူသားတွေရဲ့ ရင်ဘတ်ထဲမှာ ရေခဲကျောက်ခက်ပန်းဆွဲလေးတွေရှိတယ်
ရင်ဘတ်ထဲက ရေခဲကျောက်ခက်ပန်းဆွဲလေးတွေ အရည်ပျော်တဲ့အခါ
မျက်ဝန်းမှာ တွေ့မြင်နိုင်ပါတယ်
၃၀။
အိမ်ကလေး
လောကကြီးရဲ့ကိုင်းဖျားမှာ
ချစ်မေတ္တာတွေ တစ်မျှင်ပြီးတစ်မျှင် ရစ်ပတ်နှောင်ဖွဲ့
လောကဓံတရားကို နှလုံးသားနဲ့ အံတု
ဘဝ တစ်ခုနဲ့ တစ်ခု အနုပညာမြောက်
ပေါင်းစပ်တည်ဆောက်ထားပုံ
အေးတူပူမျှ မိသားစုသိုက်မြုံလေး
လေထဲ မှာ တွဲလဲ
၃၁။
သမုဒယသစ္စာ
..................
ပုထုဇဉ် ပီပီ
ဆုပ်ကိုင်ထားတဲ့ လက်ဖဝါးလေးကို မဖြည်ချင်ဘူး
ခြစ်ခြစ်တောက်ပူနေတဲ့ နေရောင်အောက်
အေးချမ်းနေတဲ့ စိတ်ကလေးနှစ်ခုရဲ့ထိခတ်မှု
ဘုရားစောင်းတန်းပေါ် အတူတက်ခဲ့တဲ့ ခြေလှမ်းနှစ်စုံဟာ
တစ်ယောက်ဘဝထဲ တစ်ယောက်ဝင်ရောက်လာတဲ့
ခြေလှမ်းတွေ ဖြစ်ခဲ့
ရင်ပြင်တော်မှာ
ဆည်းလည်းလွင်လွင်နဲ့ အတူ
ကြည်နူးမှု အတိနဲ့ မြည်နေတဲ့ ရင်ခုန်သံများ
ကြာပန်းခိုင်လေး နှစ်ခိုင်ကို
တစ်ခိုင်တည်းဖြစ်အောင် ပေါင်း
တောင်းမိတဲ့ဆုကလည်း ထပ်တူကျ
ဘုရားသွားကျောင်းတက်
ရိုးမြေကျပေါင်းဖက်ချင်တဲ့ ဆန္ဒမြစ်ကလေး
မရပ်စတမ်း စီးဆင်း
၃၂။
ဥယျာဉ် ၂
ကြည့်စမ်း
ပန်းတွေ ပွင့်လာတယ်
ညီမလေးရဲ့ မျက်ဝန်းထဲ
ကိုယ့်အကြည့်တွေ စိုက်လိုက်တာ
၃၃။
နွေဦးပေါက်မယ့်တစ်နေ့
တစ်ယောက်နဲ့ တစ်ယောက် ချစ်လျှက်နဲ့ ခွဲခွါနေရ
ကမ္ဘာကြီးမှာ
ချစ်လျှက်နဲ့ ခွဲခွါနေရသူတွေ ဘယ်လောက်များများ
ကမ္ဘာကြီးမှာ
လူချင်းဝေးပေမဲ့ စိတ်ချင်းနီးသူတွေ ဘယ်လောက်များများ
အိပ်မက်ဆိပ်ကမ်းလေးမှာ
ဘယ်တော့မှ အိပ်မငိုက်တတ်တဲ့
အလွမ်းမီးပြတိုက်လေး ရှိတယ်
တစ်နေ့နေ့တော့
ဝေးကွာခြင်းစကြဝဠာဟာ
မြူမှုန်လို သေးငယ်သွားပါလိမ့်မယ်
တစ်နေ့နေ့တော့
စောင့်မျှော်နေရခြင်း ပျိုးပင်ငယ်လေးတွေဟာ
ဖူးပွင့်ဝေဆာနေတဲ့ ဥယျာဉ်ကြီးတစ်ခု ဖြစ်လာပါလိမ့်မယ်
အိမ်ရှေ့က
စာတိုက်ပုံးလေးဟာ ညီမလေးဖြစ်ပြီး
လိပ်စာအတိအကျ နဲ့ သေချာပေါက်ရောက်လာမယ့်
စာအိတ်လေးဟာ ကိုယ်ပေါ့
နွေဦးပေါက်တော့မှာပါ
၃၄။
ရထား
........
ဘဝအမောထဲ
တစ်တောပြီး တစ်တော
တစ်တောင်ပြီးတစ်တောင်
မရပ်မနား ခုတ်မောင်း
လောကဓံရဲ့ အတိမ်းအစောင်းကြမ်းကြမ်း
သံလမ်းတွေ အတိုင်း
နှလုံးသားဟာ တဂျုန်းဂျုန်း ပွင့်လို့
ရှင်သန်ခြင်းဟာ မီးခိုးတလူလူ လွင့်လို့
ချစ်ခြင်းမေတ္တာရဲ့ တစ်ခုတည်းသော ပန်းတိုင် ဆီ
ပျော်ရွှင်မှုရဲ့ တစ်ခုတည်းသော အိပ်မက် ဆီ
ညီမလေးဟာ
ကိုယ့် ကိုယ်စိတ်နှလုံး ၃ပါးစလုံးရဲ့
အဆိုက်ကပ်ချင်ဆုံး ဘူတာ
တစ်ဘဝစာ ကျောက်ချ ရပ်နားမယ်
၃၅။
လက်ယက်တွင်း
ရေငတ်နေသူ တစ်ယောက်အတွက်
အသက်ဟာ လက်ယက်တွင်းပဲ
ဘဝနွေကန္တာထဲ
သဲတွေကို ယက်ယက်ပြီး
မျှော်လင့်ချက်တွင်းကလေးကို တူးခဲ့
အရူးတစ်ယောက်လို
နောက်ဆုံးတော့
မြေကမ္ဘာဟာ မကြည့်ရက်တော့လို့တဲ့
သူ့မျက်ရည်စက်တွေကို
လက်ယက်တွင်းထဲ ထည့်ပေးလိုက်တယ်
အို! စိမ့်စမ်းရေ
ညီမလေးဟာ အေးမြကြည်လင်တဲ့ စိမ့်စမ်းရေ
ကိုယ့်ကို ချစ်ခြင်းမေတ္တာနဲ့ အသက်ဆက်စေသူ
၃၆။
သမားရိုးကျ လူ့ အဖွဲ့ အစည်းရဲ့ ဇာတ်ပို့ ဇာတ်ရံများ
ကိုယ်က ရိုးရိုးသားသား ကြက်ကန်းတစ်ကောင်
ညီမလေးက ရှက်ကိုးရှက်ကန်း ပေါ်ဆန်းမွှေးအိုးလေး
တည့်တည့်ကိုတိုးတော့တာပဲ
၃၇။
ရိုးမြေကျ
လွမ်းစရာရှိရင်လည်း အစွမ်းကုန် လွမ်းမယ်
ထမ်းစရာရှိရင်လည်း အစွမ်းကုန် ထမ်းမယ်
လန်းစရာရှိရင်လည်း အစွမ်းကုန် လန်းမယ်
အနမ်းလေးတစ်ပွင့်က အစ
မျက်စောင်းလေးတစ်ချက် အလယ်
စူလိုက်တဲ့ နှုတ်ခမ်းလေး အဆုံး
အားလုံးကို တန်ဖိုးထားတယ်
နောက်ဘဝဆိုတာ မသေချာလို့
သေချာတဲ့ ဒီဘဝမှာပဲ
အသေချစ်မယ်
၃၈။
တစ်ကိုယ်ရေတစ်ကာယ အတာ
......................................
ကိုယ့်အတွက်တော့
ပိတောက်က အနီ ၊ ငုဝါ က အနက် ။
အကြို ၊ အကျ ၊ အကြတ်
အိပ်မက်တွေ နေမကောင်းဘူး ။
ဘယ်သူကမှ ရေမလောင်းလည်း
သတိရခြင်းတွေ စိုစိုရွှဲ ။
လွမ်းတဲ့ အကြောင်းကို အောင့်ထားရ
ချစ်တဲ့ အကြောင်းကို အောင့်ထားရ
ညီမလေးက ဥပုသ်စောင့်တယ် ။
သင်္ကြန်ရေ
မြန်မြန်ပြန်ပါတော့ ။
၃၉။
အရိုးနင်နေတဲ့လည်ပင်း
...............................
အရိုးထဲကနေ ဆွေးတယ်
အရိုးဆွေးတဲ့အထိ ချစ်မယ်
သစ်ရွက်ခြောက်လေးတွေတောင်
ကြွေကျပြီးတဲ့အခါ
အပင်အတွက် မြေဩဇာ ဖြစ်ခွင့်ရသေးတယ်
ကိုယ်ကတော့ ညီမလေးရဲ့အဝေးမှာ ကြွေကျနေတဲ့ သစ်ရွက်
အရိုးကသက်သက် အသားက သက်သက် ဇာတ်လမ်းထဲ
ခါးလိုက်တာ
နှစ်ယောက်ကြားမှာ ကျွန်းခံနေတဲ့ " ရေခြားမြေခြား "
သတိရခြင်းတွေကို ဖြန့်ခင်းလိုက်ရင်
မိုင်တွေ ဘယ်အထိတောင် ဆန့်ထွက်သွားမလဲ
အိပ်မက်ထဲ လ ခဏခဏ ကြတ်တယ်
နေ ခဏခဏ ကြတ်တယ်
ဆက်ကပ်ထဲက ဓားပေါက်ခန်းလို
ခေါင်းပေါ်မှာ အထီးကျန် ပန်းသီးတစ်လုံး အတင်ခံထားရ
ဝေးကွာခြင်းရဲ့အလျားက၂၅၃၃ ကီလိုမီတာ
နိုင်ငံနှစ်ခုရဲ့မြို့ကလေးနှစ်မြို့ကို
နှလုံးသားနဲ့ သံယောဇဉ်ကြိုးတံတား ထိုးထားတယ်
တကယ်ပါ
ခွဲခွာနေရခြင်းဟာ
အရိုးနင်နေတဲ့ လည်ပင်းပါပဲ
၄၀။
ကိုယ့်ချစ်ခြင်းမေတ္တာမှာ
လွတ်လပ်ပျော်ပါးစွာ ကူးခတ်ဆော့ကစားပါ
.................................................
ညီမလေးသာ ရွှေငါးမလေး ဖြစ်ခဲ့ရင်...
ကိုယ်က ဘယ်တော့မှ မခန်းခြောက်တဲ့
စမ်းချောင်းကလေး ဖြစ်လိုက်မှာ
အမြဲတမ်းစီးဆင်းနေတဲ့
ရေချို မြစ်မင်း ဖြစ်လိုက်မှာ
နက်ရှိုင်းကျယ်ပြောတဲ့
ပင်လယ်သမုဒ္ဒရာကြီးဖြစ်လိုက်မှာ
အလှမွေးမှန်လုံအိမ်တော့
ဘယ်သောအခါမှ ဖြစ်လိုက်မှာ မဟုတ်
၄၁။
လက်တွဲဖော်
..................
ကိုလံဘတ်စ်က အမေရိကကိုတွေ့ခဲ့သလိုမျိုး
ကိုယ်က ညီမလေးကို တွေ့ခဲ့
နာဆာက ဂြိုဟ်သစ်တစ်လုံးကို တွေ့ရှိသလိုမျိုး
ညီမလေးက ကိုယ့်ကို တွေ့ရှိ
ကမ္ဘာက သစ်ပင်တွေ လိုအပ်သလိုမျိုး
ကိုယ်က ညီမလေးကို လိုအပ်
လူ့အဖွဲ့အစည်းက ငြိမ်းချမ်းရေးကို လိုအပ်သလိုမျိုး
ညီမလေးက ကိုယ့်ကို လိုအပ်
လူပေါင်း သန်း၇၀၀၀ကျော် ရှိတဲ့အထဲမှာမှ
ဒီ လူသားလေး နှစ်ယောက်ဟာ
တစ်ယောက်ကိုယ်တစ်ယောက် မေတ္တာသက်ဝင် ချစ်ကြင်မိသွားကြသတဲ့
ကိုယ့်နှလုံးသားကို ဖွင့်တဲ့ တစ်ခုတည်းသော ပက်စ်ဝက်ဟာ ညီမလေး
ညီမလေးနှလုံးသားကို ဖွင့်တဲ့ တစ်ခုတည်းသော လက်ဗွေဟာ ကိုယ်
ဒီလိုနဲ့
ဘဝမြစ်နှစ်မွှာဟာ မြစ်ကြီးတစ်မြစ်တည်းအဖြစ်
အေးတူပူမျှ အတူပေါင်းဆုံ စီးဆင်းခဲ့ကြ
၄၂။
မိုးရွာပြီးစ ဘဝတစ်ခု
...........................
မိုးရွာပြီးစ ဘဝတစ်ခုမှာ
သူ့အဓိပ္ပာယ်နဲ့သူ
ရေခြားမြေခြားထဲ
ငေါထွက်နေတဲ့ ကိုင်းခြောက်လေးဟာ
ပုရစ်ဖူးလေးတွေ လက်ခံရရှိ
ပေးပို့သူ အဖြူအစိမ်းဝတ် သစ်ပင်လေး
ကောင်းကင်မှာ စံပယ်တွေ ပွင့်နေပြီ
ကျောင်းဝန်းထဲမှာလည်း ကြယ်တွေ ပွင့်နေပြီ
ဖတ်လက်စ စာအုပ်ကြားမှာ
ခေါင်းလောင်းထိုးသံလေးကို ညှပ်ထားမိ
ဝင်သက်ထွက်သက်တိုင်း
ဆံနွယ်ရှည် လေကောင်းလေသန့်လေးကို သတိရ
ကမ္ဘာဟာ ပျော်ရွှင်ခြင်းနဲ့ ထိုက်တန်ပါတယ်
ချစ်ခြင်းမေတ္တာဟာ ငြိမ်းအေးခြင်းနဲ့ ထိုက်တန်ပါတယ်
စိတ်လွယ်အိတ်ထဲ
အိပ်မက်တွေ ထည့်လွယ် မိတဲ့ အဝေးရောက် အလွမ်းကျောင်းသားလေး
မမြင်ရတဲ့ လျှပ်စီးတွေ နဲ့
မကြားရတဲ့ မိုးချုန်းသံတွေ နဲ့
မိုးရွာပြီးစ ဘဝတစ်ခုဟာ
ကဗျာရေးချင်စရာ ကောင်းပါတယ်
၄၃။
ကောင်းကင်မှာ အပြာရောင် ပင်လယ်ကြီးရှိတယ်
........................................................
အပြာရောင်ပင်လယ်ကြီးမှာ အဖြူရောင် တိမ်ငါးတွေ ရှိတယ်
အဖြူရောင်တိမ်ငါးတွေမှာ လွတ်လပ်ခြင်းတွေ ရှိတယ်
အဖြူရောင်တိမ်ငါးတွေရဲ့ အောက်ဘက် မိုင်များစွာအကွာမှာ
အရွက်ဖားဖား ဗာဒံပင်လေးရှိတယ်
ဗာဒံပင်လေးမှာ သိင်္ခါရ ရသတွေ ရှိတယ်
ဗာဒံပင်အောက်မှာ ခုံတန်းလျားလေးရှိတယ်
ခုံတန်းလျားလေးမှာ ကဗျာတွေ ရှိတယ်
ခုံတန်းလျားလေးရှေ့  မှာ ငြိမ်သက်နေတဲ့ ကန်ရေပြင်ရှိတယ်
ကန်ရေပြင်မှာ ကြိမ်နှုန်းမြင့်ရင်ခုန်သံတွေ ရှိတယ်
ကန်ရေပြင်ရဲ့အောက်မှာ နစ်မြုပ်နေတဲ့ ကျောက်ခဲလေးတွေ ရှိတယ်
ကျောက်ခဲလေးတွေ မှာ အချစ်ဇာတ်လမ်းလေးတွေ ရှိတယ်
ကိုယ်က အဲဒီအချစ်ဇာတ်လမ်းလေးတွေ အကြောင်း
ညီမလေးကို ပြောပြမယ်
ကူးခတ်နေတဲ့ အဖြူရောင်တိမ်ငါးတွေကို အတူမော့ကြည့်ရင်း
ဗန်ဒါပင်အောက်က ခုံတန်းလျားလေးမှာ အတူထိုင်ရင်း
ကန်ရေပြင်ကို ကျောက်ခဲလေးတွေ နဲ့ အတူပေါက်ရင်း
တစ်ယောက်ဘဝထဲမှာတော့ တစ်ယောက်ရဲ့ဘဝ တကယ်ရှိတယ်
၄၄။
လမ်းဖြတ်ကူးခြင်း
......................
သူမလက်ကလေးကို ဆုပ်ကိုင်ပြီး
လမ်းဖြတ်ကူးတဲ့အခါ
သေခြင်းတရား ဝင်လာနိုင်တဲ့ဘက်မှာ
ကျွန်တော် ရပ်တယ်
ညီမလေး ရေ
ကိုယ်တို့ ကူးဖြတ်နေတဲ့ခေတ်ကာလ က
အမောင်းကြမ်းတယ်လေ
၄၅။
ဆံနွယ်ရှည် ရေတံခွန်ဖြူဖြူလေး
........................................
လိုအပ်နေတဲ့ အချိန်မှာ မှ
နားလည်မှု အပိုင်းအစလေးက ကိုယ့်ဘူတာမှာ လာရပ်တယ်
မိုးဥတုက နွေဦးရာသီကို လှမ်းချိတ်သလို
ကိုယ့်ကို လာချိတ်တယ်
ပေါင်မုန့်တစ်လုံးရဲ့အလွမ်းဟာ
ဟိုး ဝေးဝေးက ရွှေဝါရောင် ဂျုံခင်းလေးဆီမှာ
မေတ္တာတရားဟာ
စာသားအကျိုးအပဲ့တွေနဲ့ တည်ဆောက်ထားတဲ့ ဝါကျတစ်ကြောင်းကိုမှ
ဆွဲကြိုးလေးလို အမြတ်တနိုးဆွဲထား သတဲ့
တစ်တောလုံးက ကိုယ့်ကို အမဲလိုက်နေတဲ့အချိန်
ရင်အိမ်ထဲ ဝှက်သိမ်းပေးခဲ့သူ
ကမ္ဘာကြီးမှာ ကောသွားတဲ့ မြစ်တွေ ရှိတယ်
နှလုံးသားထဲ ရစ်ခွေစီးဆင်းနေတဲ့ စမ်းချောင်းလေးကတော့
ဘယ်တော့မှ မကောဘူး
၄၆။
လွမ်းသူ
...........
နေ့တာကလည်း ရှည်လိုက်တာ
ညတာကလည်း ရှည်လိုက်တာ
ဒီလိုဆို အသက် တိုတော့မှာပဲ
၄၇။
ရိုးတွင်းချဉ်ဆီထဲက တေး
..............................
ခွာသံတွေကို ကြားပြီးနောက်
မြက်ရိုင်းပင်လေးရဲ့အံကြိတ်သံကိုရော နားစွင့်မိသေးလား
ဝါးဖြစ်ခွင့်မရှိခဲ့တဲ့ မျှစ်ဆို့ပေါက်ကလေးတွေလို
ပလွေဖြစ်ခွင့်မရလိုက်တဲ့ ဝါးကလေးတွေလို
ဖြစ်တည်မှုဟာ တစ်ခုခုတော့ လို နေကြတာပါပဲ အချစ်ရယ်
ငိုသံတွေနဲ့ ရယ်မောမော
အကြောက်တရားတွေနဲ့ ရဲရဲရင့်ရင့်
လေးလံခြင်းတွေနဲ့ ပေါ့ပေါ့ပါးပါး
လောကဓံခါးခါးနဲ့ ချို မြမြ ဘဝရသ
အရေးပေါ်ဥဩစွဲသံတွေ နဲ့ အသားကျနေတဲ့ လူ့အဖွဲ့အစည်း
တစ်နေရာရာမှာ မီးလောင်နေပြီး
တစ်နေရာရာမှာ သေကြောင်းကြံစည်နေ
တစ်နေရာရာမှာ သဘာဝဘေးအန္တရာယ် ကျရောက်နေပြီး
တစ်နေရာရာမှာ ဘာသာရေးစစ်ပွဲဖြစ်နေ
မလုံခြုံတဲ့ ကမ္ဘာကြီးမှာ ငါ့ညီမလေး အိပ်မက်လှလှမက်ပါစ
အခက်ခဲဆုံးတော်လှန်ရေးဟာ စိတ်ကို တော်လှန်ခြင်းပဲ
ငါ့ကို ကိုလိုနီနေတဲ့ သတိရခြင်းတွေကို ငါ မတွန်းလှန်နိုင်
ဓာတ်ခွဲခန်းထဲက ထွက်လာတဲ့ မျက်ရည်ဟာ ဆားနဲ့ရေ ဆိုပေမယ့်
ဆားနဲ့ရေကို ချက်လိုက်ရုံနဲ့ မျက်ရည် ဖြစ်မလာ
ကမ်းခြေကိုသွားတယ် မျောစာတွေ ရှာတယ်
ငါကိုယ်တိုင်က မျောစာဖြစ်နေတာ ငါကိုယ်တိုင်မသိ
လှန်းထားတဲ့ နေရောင်ခြည်လေးကို ရုတ်လိုက်ပြီး
ခိုက်ခိုက်တုန်နေတဲ့ ချစ်ခြင်းမေတ္တာပေါ် အုပ်လိုက်မိတယ်
အလွမ်းဖျား ဖျားတဲ့နေ့တွေဆို
နဖူးပေါ်ကျလာမယ့် လက်ဖဝါးလေးကိုသာ တောင့်တမိပါတယ်
၄၈။
အေးမြသောမီး
....................
သူမ က မီးကို စတင်တွေ့ရှိသူ မဟုတ်သလို
ကျွန်တော်ကလည်း မီးကို အဆုံးသတ် ငြှိမ်းပစ်နိုင်သူ မဟုတ်
မတော်တဆ
နှလုံးသားချင်း ထိခတ်မိရာက ပွင့်လာတဲ့ မီးစ
ဒါဟာ အမှာင်ကျနေတဲ့ ကမ္ဘာငယ်လေးတစ်ခု
လင်း လာရခြင်း အကြောင်းရင်းပါ
၄၉။
ဆပ်ကပ်
..............
ဓားပေါက်ခန်းအစား
စိတ်ကောက်ခန်း နည်းနည်း ထည့်ကွယ်
ကိုယ့်ခေါင်းပေါ်က ပန်းသီး ကို မျက်စောင်းတစ်ချက်ထိုးလိုက်ပါ
ပန်းသီးဟာ ယုန်ကလေး ဖြစ်သွားပြီး
မင့် အိပ်မက်မြက်ခင်းစိမ်းထဲ ခုန်စွခုန်စွ လုပ်နေပါလိမ့်မယ်
ကော်ဖီထဲ အနမ်းများများ ထည့်ပြီး
ကိုယ့်နှလုံးသားကို လှမ်းပက်ပါ
အဖြူဆွတ်ဆွတ် ရေတံခွန်လေး ဖျက်ခနဲ ပေါ်လာပါလိမ့်မယ်
ကမ္ဘာလုံးထဲ ဆိုင်ကယ် မစီးပြတော့ဘူး
မြေနီလမ်းလေးပေါ် စက်ဘီးစီး ထွက်ကြမယ်
ကိုယ့်ခါးကို ဖက်ထားရုံနဲ့
လွင့်မျောနေတဲ့ မင့်ဆံနွယ်ရှည်တွေဆီကနေ
စန္ဒယား သံတွေ စီးကျလာပါလိမ့်မယ်
ချစ်ခြင်းတရားနဲ့ ကျစ်ထားတဲ့ ကြိုးတန်းပေါ်
နှစ်ပါးသွား ကတဲ့ အခန်းဟာ
အခမ်းနားဆုံးပါပဲ အချစ်ရယ်
၅၀။
အားလပ်ရက်
..................
ပန်းခြံထဲ တစ်ယောက်တည်း သွားတယ်
လမ်းဘေးက အထီးကျန် မြက်ကလေးတွေကို မနင်းမိအောင် ရှောင်တယ်
ကလေးတွေ ဘောလုံးကစားနေတာ ထိုင်ငေးတယ်
တစ်ကိုင်းတည်းနားနေတဲ့ ငှက်ကလေးနှစ်ကောင်ကိုမှ
မြင်ဖြစ်အောင် မြင်မိတယ်
တစ်နေရာလွတ်နေတဲ့ ဒန်းလေးကိုတော့ အားနာမိတယ်
ပျံသန်းနေတဲ့ တိမ်ဖြူတစ်အုပ်ကို အားကျတယ်
ခေါင်းပေါ်က ကောင်းကင်က ပြာတယ်
ရင်ထဲက ကောင်းကင်က ဝါတယ်
ဝန်းကျင်စိမ်းစိမ်းမှာ လေစိမ်းတွေက ကိုယ့်ကိုမှ ရွေးပြီးတိုက်နေသလို
ခပ်လှမ်းလှမ်းမှာ ငူငူကြီး ထိုင်နေတဲ့ တောင်တန်းကြီးကရော အလွမ်းသမားကြီးများလား
ငါ့နှယ် အားလပ်ရက်သာ ပြောတယ်
ညီမလေးကို လွမ်းတဲ့ စိတ်နဲ့ တစ်စက်ကလေးမှ မအားဘူး
၅၁။
စပျစ်တွေနဲ့ စကားစမြည်
.........................................
ဝိုင်မဖြစ်လိုက်ရတဲ့ စပျစ်တွေက ပြောတယ်
ဝိုင်မဖြစ်လိုက်ရလို့ ဝမ်းနည်းသတဲ့
ဝိုင်ဖြစ်လိုက်ရတဲ့ စပျစ်တွေကပြောတယ်
ဝိုင်ဖြစ်လိုက်ရလို့ ဝမ်းနည်းသတဲ့
စပျစ်ဖြစ်ရတာ ဝမ်းနည်းစရာတွေချည်းပဲ
ခင်ဗျားရော လူ့အဖြစ်မှာ ဝမ်းမနည်းဘူးလားတဲ့
ကိုယ်က ပြောလိုက်တယ်
ဘာကိုဝမ်းနည်းနေရမှာလဲ
လူ့ အဖြစ်မှာ ညီမလေးကို ချစ်ရတာလောက်
ပျော်စရာ ကောင်းတာ မရှိဘူးလို့
စပျစ်တွေက ကိုယ့်ကိုကြည့်ပြီး ချဉ်ပြတယ်
ကိုယ်က စပျစ်တွေကို ကြည့်ပြီး
ချိုပြလိုက်တယ်
၅၂။
ရေခြားမြေခြား
.........................
လွမ်းတယ်
ဘယ်လောက်ထိ လွမ်းသလဲဆို
ရင်ထဲက စမ်းချောင်းလေးတောင်
ခမ်းခြောက်နေပြီ
အဲဒီ ခမ်းခြောက်နေတဲ့ စမ်းချောင်းလေးထဲ
အရိုးချည်းသက်သက် ငါးတစ်ကောင် ကူးခတ်နေပုံက ပိုပြီးလွမ်းစရာ
နွမှော သေနေတဲ့ ရေတံခွန်ဟာ
မိုးဥတုမှာ ပြန်ရှင်လာသလိုမျိုး
ကိုယ်က သေနေတဲ့ ရေတံခွန်
ညီမလေးက ဟိုး ဝေးဝေးက မိုးဥတု
အဲဒီလို
စောင့်မျှော်နေရခြင်းတွေ
၅၃။
ညီမလေးဖတ်ဖို့
.........................
အချစ်က ဖီးလိမ်းပြင်ဆင်မှ
ခေတ်မီမှာလား
သဘာဝတရားရဲ့ မျက်စောင်းလှလှလေးကို
ထွေးပွေ့ချင်သူပါ
သက္ကရာဇ်တွေကတော့
သူ့ဝတ်ကျေတန်းကျေနဲ့အတူ
စီးဆင်းနေမှာပဲ
ကျေးဇူးပြုပြီး
ပါးပြင်ပေါ်က ပုံပြင်လေးကို
ခါမချလိုက်ပါနဲ့
မတော်တဆတွေကပဲ
ဘဝကို သရုပ်ဖော် နေကြတယ်
ဘယ်သူ့ ချိန်းဆိုမှုမှ မပါဘဲ
ရောက်လာတဲ့အလွမ်းဟာ
ကြီးကျယ်ခန်းနားလှချည်ရဲ့
ကမ္ဘာကြီးဟာ
ပျော်ရွှင်စရာပါ
ကန်ရေပြင်ကို ခဲလုံးလေးတွေနဲ့
အတူ ပေါက်ကြည့်ကြရအောင်
၅၄။
၅၅။
လွမ်းလို့ရေးတဲ့ကဗျာ
..................................
တစ်နေ့လုံး
ညီမလေးကို သတိရခြင်းတွေပဲ
ဖုန်းလာတယ်
အချစ်စိတ်ဟာ
တိတ်တိတ်လေး ဆူညံ
ညီမလေးဟာ ကိုယ့်ရဲ့အသက်ရှူသံလေးပေါ့
ချရေးလိုက်တဲ့ ကဗျာတိုင်း
ညီမလေးနာမည်က အဝိုင်းဆုံးပဲ
တကယ်ပါ
မျက်တောင်တစ်ခတ်စာတောင်
ချောင်းမခြားချင်ဘူး
၅၆။
ကိုယ့်ရဲ့ကဗျာ
.........................
ကိုယ့်မှာ ကဗျာတစ်ပုဒ် ရှိတယ်
အဲဒီကဗျာက ကမ္ဘာကြီးကို အလှဆင်တဲ့ ကဗျာ
အဲဒီကဗျာက ပန်းပင်လေးတွေကို ရေလောင်းပေါင်းသင်တဲ့ ကဗျာ
အဲဒီကဗျာက အမှောင်ကိုတောက်ပ လင်းရှစေတဲ့ ကဗျာ
အဲဒီကဗျာက ကောင်းကင်ပြာလို ငြိမ်းချမ်းကြည်လင်တဲ့ ကဗျာ
အဲဒီကဗျာက ကဗျာပီသတဲ့ ကဗျာ
ခေါင်းစဥ်ကိုလည်း ချစ်တယ်
အကြောင်းအရာကိုလည်း မြတ်နိုးတယ်
အဓိပ္ပါယ်ကိုလည်း တန်ဖိုးထားနေမိတယ်
ကမ္ဘာထဲ ညီမလေးဟာ ကိုယ့်ရဲ့ကဗျာ ပါပဲ
၅၇။
ရည်းစားစာ
....................
ကိုယ့်အင်္ကျီအစိုလေးအတွက်
ညီမလေး က နွဦေးနေခြည်
ကိုယ့်မြစ်ကျဉ်းလေးအတွက်
ညီမလေးက မုတ်သုန်ဆန်မိုးပွင့်
ကိုယ့်စိုက်ခင်းလေးအတွက်
ညီမလေးက ဒီဇင်ဘာနှင်း
ကိုယ့်ညတွေအတွက်
ညီမလေးက လမင်းတစ်ရာ
ကိုယ့်အနာဂတ်အတွက်
ညီမလေးက သံလိုက်အိမ်မြှောင်
ကိုယ့်အိပ်မက်ဦးအတွက်
ညီမလေးက ပန်းအဖူးလေး
ကိုယ့်အသက်ရှူသံတွေအတွက်
ညီမလေးက သံလွင်ခက်ကဗျာ
ကိုယ့်နှလုံးသားအတွက်
ညီမလေးက ဗီးနပ်စ်ငှက်ငယ်
ကမ္ဘာကြီးထဲ ခရီးအတူဆက်ရအောင်
ခရမ်းပြာလက်မှတ်လေးတစ်စောင် ပါးလိုက်တယ်
၅၈။
ပုထုဇဉ်အက်ဆေး
..............................
ဘဝမှာ လေကောင်းလေသန့် လိုတယ်
စိတ်ကောင်းစိတ်သန့် လိုတယ်
ကိုယ့်အတွက်တော့
ညီမလေးဟာ လေကောင်းလေသန့်ပါပဲ
စိတ်ကောင်းစိတ်သန့်ပါပဲ
ရှင်ခြင်းနဲ့ သေခြင်းကြားမှာ
ချစ်ခြင်းမေတ္တာဟာ
တကယ်လိုပါတယ်
၅၉။
ကြယ်ဖြူလေး
.........................
ဘဝထဲမယ်
ကြယ်ဖြူလေး ပွင့်တယ်
ညနက်ထဲတင် မက
နေ့ခင်းခြောက်ထဲမှာတောင်
မကြောက်တရားနဲ့ ပွင့်ဝေနေပုံများ
ခမ်းခမ်းနားနား
ကိုယ်ဟာ နွားခြေရာခွက်လေးပါ အချစ်ရယ်
ဘာဖြစ်လို့ ခုန်ဆင်းရဲခဲ့တာလဲ
၆၀။
သက်ရှိမြစ်
...................
ကိုယ့်ဖြစ်တည်ခြင်းထဲ
စုန်ပါ ဆန်ပါ ညီမလေး
မြစ်ရဲ့အသက်က စီးဆင်းခြင်းမို့
ဘယ်လိုနည်းနဲ့ပဲဖြစ်ဖြစ်
လုံးဝ မရပ်တန့်လိုက်ပါနဲ့
ချစ်ခြင်းမေတ္တာမှာ
သေနေတဲ့ ရေအလျဉ်နဲ့
မြစ်ကျိုးအင်း မဖြစ်ချင်ဘူး
၆၁။
ညီမလေးနဲ့ စစ်ဖြစ်တဲ့နေ့က
..........................................
ပန်းပင်အောက်မှာနေပြီး
ပန်းမကောက်ဘူး
စိတ်ကောက်သတဲ့
မျက်စောင်းလှလှဗုံးတွေနဲ့
ကျွန်တော့်ကို ပစ်ပေါက်တယ်
ကျွန်တော်က နှလုံးသားကိုသေနတ်လုပ်
ပန်းပွင့်တွေ ထည့်ပြီး ပစ်တယ်
ဒက် ဒက် ဒက်
တစ်ယောက်ရဲ့အပြုံးထက်မှာ
တစ်ယောက်ရဲ့အလံဖြူလေးတွေ လွင့်သွား
ညီမလေးကပဲ သံလွင်ခက် လုပ်လုပ်
ကိုယ်ကပဲ ချိုးဖြူငှက် လုပ်လုပ်
အဓိက က အတူတကွ
ကိုက်ချီပျံသန်းဖို့ပဲ မဟုတ်လား
ချစ်ခြင်းမေတ္တာစစ်စစ်ဟာ
ငြိမ်းချမ်းရေး ဖြစ်တယ်
၆၂။
ငါ့ပုံတူ (၂)
.................
ငါက ညီမလေးရဲ့ အကိုင်းမှာမှ
တခုတ်တရ ရွေးနားချင်တဲ့ ငှက်
ငါက ညီမလေးရဲ့အလံကိုမှ
တလူလူ လွင့်နေစေချင်တဲ့ လေ
ငါက ညီမလေးရဲ့ ပွင့်ဖတ်ထဲကိုမှ
တယုတယ ဝင်အိပ်ချင်နေတဲ့ ရနံ့
ငါက ညီမလေးရဲ့ရေတံခွန်ကိုမှ
ပျော်ပျော်ရွှင်ရွှင် ဆန်တက်ချင်နေတဲ့ ငါး
ငါက ညီမလေးရဲ့ ပင်လယ်ဆီကိုမှ
တမြေ့မြေ့ စီးဝင်ချင်နေတဲ့ မြစ်
ငါက ညီမလေးရဲ့ ပါးပြင်မို့မို့ ဆီကိုမှ
အရူးအမူး တွယ်ကပ်ချင်နေတဲ့ သနပ်ခါး
ငါက ညီမလေးရဲ့ ဝရန်တာလေးမှာမှ
မြတ်မြတ်နိုးနိုး ပွင့်ဝေချင်နေတဲ့
စံပယ်ရုံလေး
နေအစင်းစင်းပူနေရင်တောင်
ညီမလေးရဲ့အပြုံးတစ်ပွင့်မြင်ရုံနဲ့
ငြိမ်းအေးနေတဲ့ကောင်ဟာ ငါပေါ့
၆၃။
ရက်ပေါင်း၇၃၀ တောလား
၁။
ကျောရိုးဆစ်တွေလို
တစ်ယောက်နဲ့ တစ်ယောက် ချိတ်ဆက်မိခဲ့ကြ
၂။
စိတ်ချင်းဆက်ထားတဲ့ ကြိုးဟာ
ဘယ်လို လွှစက်နဲ့ပဲ ဖြတ်ဖြတ်
မပြတ်ဘူး
၃။
တစ်ယောက်ရဲ့သွေးကြောထဲ
တစ်ယောက်ရဲ့နားလည်ခြင်းတွေ
စီးဆင်း
တစ်ယောက်ရဲ့စိတ်ကူးထဲ
တစ်ယောက်ရဲ့ယုံကြည်ခြင်းတွေ ဖူးပွင့်
၄။
ကိုယ်စိတ်နှလုံးသုံးပါးစလုံးကို
သံယောဇဥ်နဲ့ ကျစ်ထားတယ်
အချစ်ရေ
ချစ်ခြင်းမေတ္တာရဲ့အရိပ်အောက်ကနေ
မျက်စောင်းလှလှလေးနဲ့ပေါက်ပါ
၅။
မြေသြဇာလို ဆွေးတယ်
အမောပြေ မွှေးချင်တဲ့ ပါးကလေးက
ဟိုးးးးးးးးးး အဝေးမှာ....
၆။
ငါ့အခန်းလေးက ကျဥ်းကျဥ်းလေး
ငါ့အလွမ်းဧရိယာကတော့ အကျယ်ကြီး
ကောင်းကင်တစ်ချပ်စာ
၇။
လောကဓံရဲ့အနီးတဝိုက်
ဒုက္ခနှင်းမိုးတွေ ရွာခိုက်
လူ့ဘုံမှာ
သူ့ခြုံလွှာလေးက အနွေးဆုံး
၈။
တစ်ယောက်နဲ့ တစ်ယောက် ဝေးနေရတာဟာ
အဝေးပြေးကားတစ်စီးနဲ့ ခေါင်းချင်း ယှဉ်တိုက်ရသလိုပဲ
၉။
ဓာတ်ကြီး ၄ ပါးနဲ့ ဖျက်ဆီး လို့ မရ တဲ့ မေတ္တာတရားကို တစ်နေ့ ၄ ခါ အလေးပြုပါရဲ့
၁၀။
ငါ့အသွေး အသားထဲက မြစ်ဟာ မင်းကြောင့် စီးဆင်းမြဲ
ငါ့နှလုံးသားထဲက ကောင်ကင်ဟာ မင်းကြောင့် ပြာမြဲ
ငါ့ရိုးတွင်းချဉ်ဆီထဲက နေရောင်ဟာ မင်းကြောင့် တောက်ပမြဲ
၁၁။
နှစ်ယောက်တည်း သိတဲ့ အနာဂတ်ကို ဘဝရဲ့ ဗဟိုချက်တည့်တည့်မှာ မြှုပ်နှံထားတယ်
၁၂။
ငါဟာ အိမ်ပြေးဒုက္ခသည်လေးပါ အချစ်ရယ်
ငါဟာ နေရာလွတ်တွေနဲ့ လက်ဆုံစားပွဲလေးပါ
ငါဟာ မင်းနာမည်နဲ့ ပလက်ထိုးလိုက်မှ လင်းတတ်တဲ့ ထူးထူးဆန်းဆန်းမီးသီးလေးပါ
၁၃။
ငါဟာ တွင်းနက်ကြီးတစ်တွင်းဖြစ်နေရင်တောင် မင်းအတွက် စိန်တွေ ပွင့်ပြခဲ့ဦးမှာ
၁၄။
ရက်ပေါင်း ၇၃၀ ကို သံသရာထဲ ပေါင်းထည့်မယ်
ရက်ပေါင်း ၇၃၀ ကို ရှေးရေစက်တွေထဲ ပေါင်းထည့်မယ်
နောက်ထပ် ရက်ပေါင်း ၇၃၀ပေါင်း များစွာ...
၁၅။
မက်ခဲ့တဲ့ အိပ်မက်အိမ်ကလေးကို အခု ဆောက်နေတယ်
မက်ခဲ့တဲ့ အိပ်မက်အိမ်ကလေးကို ဆက်ဆောက်မယ်
မက်ခဲ့တဲ့ အိပ်မက်အိမ်ကလေးကို အိမ်စစ်စစ်လေး ဖြစ်တဲ့အထိ ဆက်ဆောက်မယ်
လင်းလက်တာရာ
(၂ နှစ်ပြည့်အထိမ်းအမှတ်) ❤
၆၃။
ဒီဇင်ဘာသို့
.......................
အလွမ်း ခမျှာ
ဆွယ်တာလေး ဝတ်ထားရ
ထင်းရှူးရနံ့မွှေးမွှေးလေး
ဆွေးတယ်
စိတ်ကူးထဲက ရွက်ကြွေတွေ
ဘဝထဲ စိမ်းလန်းနေပုံ
ပန်းရောင်စုံပန်ထားတဲ့ တောင်လှေကား မြို့ကလေးရေ
စိတ်ကောင်းစေတနာရှိတဲ့ ပွဲကောက်ရေတံခွန်လေးရေ
နှင်းတွေအေးခဲနေတဲ့ နံနက်ခင်းလေးထဲ
ချစ်ခြင်းမေတ္တာအငွေ့နဲ့
နွေးထွေးခဲ့ရတာ တစ်သက် မမေ့ဘူး
၆၄။
အနမ်းဆီစမ်း
ကဗျာလင်ပန်းနဲ့ပေးပါ
......................................
ငေးစရာ ဝရံတာ မရှိ
မွှေးစရာ ညမွှေးပန်း မရှိ
လွမ်းစရာတော့ အပြည့် ရှိတယ်
ညည
လရောင်တွေများ ရွာကျလာမလားလို့
မျက်နှာကြက်ဆီ မော့မော့ကြည့်
နံရံတွေ ပိတ်သည်းနေတဲ့ အခန်းလေးထဲကနေ
လရဲ့ ချစ်ခြင်းတရားကို
သက်ဝင်ယုံကြည် ခစားနေမိသူ
ဟော့ဒီ မြို့ကြီးပြကြီးရဲ့
မာကျူရီမီးတွေဟာ
ငါ့ကို မအေးချမ်းစေပါ
မွန်းကြပ်လာတဲ့ အခါ
သလင်းပြင် ကောက်ရိုးပုံပေါ်မှာ
စိတ်ပစ်လက်ပစ် လှဲချရင်း
လမင်းဝင်းပပကို ငေးဆွတ်ချင်တဲ့ အာသီသ
ညီမလေးဟာ
ကိုယ့်ဘဝထဲမှာ သာနေတဲ့
တစ်ဦးတည်းသော လ ဖြစ်တယ်
၆၅။
ချစ်ခြင်းမေတ္တာ
ငါးလည်း မမျှားပါဘူး
ရေချိုးပြန်ဖို့လည်း မစဥ်းစားပါဘူး
ကြည်လင်သော ကန်ရေပြင်လေးကို
ဒီအတိုင်း ကြည့်ငေးနေရုံသာ
၆၆။
ခံတပ်
............
မျက်ရည်ဟာ
နှလုံးသားနဲ့ လုပ်တဲ့ ဗုံးပဲ
မာနတောင်ကုန်းလေးခမျှာ
အစိတ်စိတ်အမွှာမွှာ ကြေကွဲရ
အို... ငါရဲ့ရုပ်နဲ့နမ်ကို
ပိုင်စိုးတော်မှုသော ဘုရင်မ
သင် စံမြန်းရာနန်းမှာ
ချစ်ခြင်းတရားရဲ့ သုံ့ပန်း
ငါ ဖြစ်ပါရစေ
၆၇။
ရုပ်ရှင်
.............
ရုပ်တွေ ရှင်နေတဲ့အချိန်
စိတ်တွေ မသေအောင်နေမယ်
အနိမ့်အမြင့် အတက်အကျတွေ
ထင်မှတ်မထားတဲ့ လှည့်ကွက်တွေ
ရုတ်တရက် ဘွားခနဲပေါ်လာတဲ့ ဂငယ်ကွေ့တွေ
မတော်တဆတွေကပဲ
ဘဝကို လှပစွာ သရုပ်ဖော်နေကြ
ရယ်လည်းရယ်ရ
မျက်ရည်လည်း ကျရ
ပျော်လည်းပျော်ရ
ဝမ်းလည်း နည်းရ
ဒါဟာ သက်ရှိတွေရဲ့သဘာဝပါပဲ
ညီမလေးရေ
ဘယ်လောက်ပဲ ဝေးဝေး
ဘယ်လောက်ပဲ ဆွေးဆွေး
ဇာတ်သိမ်းခန်းလေးတော့ ပေါင်းချင်
ရုပ်တွေ ရှင်နေတဲ့အချိန်
စိတ်တွေ ရှင်အောင် နေမယ်
ချစ်ခြင်းမေတ္တာတွေ ရှင်အောင် နေကြမယ်
၆၈။
နှလုံးသားထဲ ခေါက်သိမ်းထားမိသော
ဆောင်းဖြူဖြူလေးတစ်ထည် (၂)
.....................................................
နေကြာပန်းရိုင်းလေးတွေကအစ
မင့်အလှကို ငေးကြည့်နေကြတယ်
ထင်းရှူးပင်တွေက
မင့်ကိုယ်သင်းနံ့လေး ကို ခိုးရှူနေရဲ့
ပွဲကောက်ရေတံခွန်လေး ခမျှာ
မင့်ရယ်သံလေးနောက်
ကောက်ကောက်ပါအောင် စီးဆင်း
ဘဝင်မြင့်သူ
တောင်လှေကားမြို့ကလေးတောင်
မျက်လွှာလေး ချလို့
နှင်းတွေ နှင်းမပီသတော့
ကိုယ့်မှာ နွေးထွေးခဲ့ရပေါ့ ညီမလေး...
၆၉။
Happy New Year
..............................
ကပ်ရောဂါဆိုးကြီးထဲကနေ
သံပြိုင်အော်လိုက်ကြ
Happy new year
ဝမ်းနည်းစရာတွေကို မေ့ထားပြီး အော်လိုက်ကြ
Happy new year
နာကျင်မှုတွေကို မေ့ထားပြီး အော်လိုက်ကြ
Happy new year
အဆင်မပြေခြင်းတွေကို မေ့ထားပြီး အော်လိုက်ကြ
Happy new year
နှစ်ဟောင်းမှာ
နှစ်ထောင်းအားရစရာတွေအားလုံး
ချန်ထားပစ်ခဲ့ရမယ်ဆိုရင်တောင်
ချစ်ခြင်းမေတ္တာကိုတော့
ဆက်လက် ယူဆောင်ခဲ့ပါ
Happy new year
လူတစ်ယောက်ချင်းစီရဲ့
ရှင်သန်ခြင်းဟာ
အဖြူရောင် စက္ကူလေးတစ်ရွက်ပဲ
ကဗျာပဲ ရေးရေး
ဆေးရောင်ပဲ ခြယ်ခြယ်
သူ့ဖြစ်တည်မှုနဲ့သူ လှပါတယ်
အဓိကက
မိမိကိုယ်ကိုယ် ဆွဲစုတ်လုံးချေ မပစ်မိဖို့နဲ့
သူတပါးကို ဆွဲစုတ်လုံးချေ မပစ်မိဖို့ပဲ
Happy new year
ငါတို့နေထိုင်နေတဲ့ ကမ္ဘာကြီးက
စစ်ပွဲမျိုးစုံ၊ ကပ်ဘေးမျိုးစုံ
သဘာဝဘေးအန္တရာယ်မျိုးစုံနဲ့
ရင်ဆိုင်ထိုးသတ် အနိုင်ယူခဲ့တဲ့ ဖိုက်တာကြီးလေ
အားတင်းထားပါ အချစ်ရေ
ကိုဗစ်ဟာ ငါတို့ကို ပိုချစ်စေတယ်လို့ မှတ်ပါ
Happy new year
၇၀။
မင်္ဂလာနံနက်ခင်းပါ ညီမလေး
.............................................
သတိရခြင်းဟာ
အုန်းမောင်းခေါက်သံ ဖြစ်တယ်
လွမ်းဆွတ်ခြင်းဟာ
လင်းကြက်တွန်သံ ဖြစ်တယ်
မြတ်နိုးခြင်းဟာ
နှင်းရည်စက်ကလေး ဖြစ်တယ်
ချစ်ခြင်းမေတ္တာကတော့
အရုဏ်ဦးရဲ့ရောင်နီပေါ့
ရင်ထဲမှာ
စံပယ်တွေ ဖွေးဖွေးလှုပ်အောင် ပွင့်နေပြီ
၇၁။
ညီမလေးစိတ်ကောက်တဲ့နေ့က
.................................................
ညီမလေး စိတ်ကောက်တဲ့နေ့က
ကျွန်တော့်မြစ်တွေ
ဖြောင့်သွားခဲ့တယ်
ညီမလေး စိတ်ကောက်တဲ့နေ့က
ကျွန်တော့် မိုးကုတ်စက်ဝိုင်းကြီး
ဖြောင့်သွားခဲ့တယ်
ညီမလေး စိတ်ကောက်တဲ့နေ့က
ကျွန်တော့် တောင်ပတ်လမ်းကလေး
ဖြောင့်သွားခဲ့တယ်
ကျွန်တော်ဟာ သုံးလွန်းတင် သံမဏိကြိုးပါ
ညီမလေး စိတ်ကောက်တဲ့နေ့မှာ
ပိုးကြိုးမျှင်ကလေး ဖြစ်သွားခဲ့တယ်
၇၂။
ဖေဖော်ဝါရီ ၁၄ ဟာ တို့အရေး
...............................................
ကမ္ဘာကြီးတောင် တုန်ဟီးသွား
နှလုံးသားနဲ့ တီးတဲ့ အသံတွေ
ယုံကြည်ချက်နဲ့ တီးတဲ့ အသံတွေ
ဘဝနဲ့ တီးတဲ့ အသံတွေ
အရေးတော်ပုံအောင်ရမည်
အာဏာရှင်ကို မုန်းသည်
ဒီမိုကရေစီကို မြတ်နိုးသည်
ညီမလေးကို ချစ်သည်
၇၃။
ဟွန်းသံ
.............................
တစ်ယောက်နဲ့ တစ်ယောက်
ဝေးနေရတာဟာ
အဝေးပြေးကားတစ်စီးနဲ့
ခေါင်းချင်း ယှဉ်တိုက်ရသလိုပါပဲ ညီမလေး
တစ်ယောက်နဲ့တစ်ယောက်
ခွဲခွာနေရတာဟာ
အမြန်ရထားတစ်စီးနဲ့
ခေါင်းချင်း ယှဥ်တိုက်ရသလိုပါပဲ ညီမလေး
ကိုယ်ဟာ
ညီမလေးရဲ့ နှလုံးသားဆီ
ဦးတည်မောင်းနှင်နေတဲ့
အဝေးပြေးကား
ကိုယ်ဟာ
ညီမလေးရဲ့ချစ်ခြင်းမေတ္တာဆီ
ဦးတည်ခုတ်မောင်းနေတဲ့
အမြန်ရထား
တစ်လမ်းလုံး
အလွမ်းနှုန်းကို
အဆုံးထိမြှင့်ထားတယ်
1.1.21
၇၄။
အိပ်မက်အိမ်ကလေး
...............................
အိမ်ကလေးကို
အကြိမ်ကြိမ် အိပ်မက်တယ်
နှလုံးသားနဲ့ ဆောက်မိတဲ့ အိပ်မက်အိမ်ကလေးပေါ့
ချစ်ခြင်းမေတ္တာနဲ့ ဆောက်မိတဲ့ အိပ်မက်အိမ်ကလေးပေါ့
မက်ခဲ့တဲ့ အိပ်မက်အိမ်ကလေးကို
အခု ဆောက်နေတယ်
မက်ခဲ့တဲ့ အိပ်မက်အိမ်ကလေးကို ဆက်ဆောက်မယ်
မက်ခဲ့တဲ့ အိပ်မက်အိမ်ကလေးကို
အိမ်စစ်စစ်လေး ဖြစ်တဲ့အထိ
ဆက်ဆောက်မယ်
လင်းလက်တာရာ
1.4.2021
၇၅။
လွင့်နေတဲ့ အလံ
.............................
နွေဦးတော်လှန်ရေး ပြီးတဲ့နောက်
နွေဦးပွဲတော် ဟာ အသေအချာ ရောက်ရှိလာမှာပါ ညီမလေး
အမှောင်ဟာ
အလင်းရဲ့ခြေရင်း ဝပ်ဆင်းရစမြဲ
ကြောက်ခေတ်ကို
ရဲရဲကြီး မှောက်ပစ်ကြစို့
ငါတို့နိုင်မှာ
ငါတို့သေချာပေါက်နိုင်မှာပါ
လင်းလက်တာရာ
၁.၅.၂၁
၇၆။
Happy Birthday
.........................
လွန်ခဲ့သော နှစ်များစွာကတော့
သစ်စေ့ကလေးမျှသာပေါ့
ယခုတော့
အေးသော အရိပ်
မွှေးသော ရနံ့
ချိုသော သစ်သီးတို့ဖြင့်
မြေကမ္ဘာအား အလှဆင်ပေးနေလေ၏
ညီမလေးသည်
ကျွန်တော့်နှလုံးသားတွင်
လာရောက် အမြစ်စွဲနေခဲ့သော
သစ်စေ့ကလေး ဖြစ်သည်
တစ်နည်းအားဖြင့်
ကျွန်တော့်ဘဝ၏ အောက်ဆီဂျင်လည်း ဖြစ်သည်
ချစ်ခြင်းမေတ္တာဖြင့်
အသက်ရှူခြင်းသည်
လှပသော ရှင်သန်ခြင်းမည်၏
လင်းလက်တာရာ
1.6.2021
၇၇။
ခရီးသွား
................
ကိုယ်က ထင်းရှူးတောနံဘေးက နေကြာပန်းရိုင်းလေး
ညီမလေးက ပြင်ဦးလွင်မြို့ကလေးရဲ့
နှင်းရည်စက်
ကိုယ်က
ပိတ်ချင်းမြောင်ဂူထဲက ကျောက်စက်ရေ
ညီမလေးက
ပွဲကောက်ရေတံခွန်လေးရဲ့တေးဂီတ
ကိုယ်က
ကုသိုလ်တော်ဘုရား ထဲက ကြာပန်းခိုင်
ညီမလေးက
နန်းမြို့ရိုးထဲက ညနေခင်းကလေး
ကိုယ်က ဦးပိန်တံတားပေါ်က ကဗျာရွတ်သံ
ညီမလေးက
တောင်သမန်အင်းရဲ့လေပြည်လေညင်း
ကိုယ်က မန္တလေးတောင်ပေါ်ကနေ
ခူးဆွတ်မှ မြင်ရတဲ့ ရှုမျှော်ခင်း
ညီမလေးက မဟာမြတ်မုနိဘုရားရှေ့မှောက်က ဆုတောင်းစကား
ကိုယ်က
စစ်ကိုင်းတောင်ရိုးပေါ် အုံ့မိုးနေတဲ့ တိမ်ရိုင်းကလေး
ညီမလေးက
ကောင်းမှုတော်ဘုရားပေါ်က သနပ်ခါးရနံ့
ကိုယ်က မင်းကွန်းခေါင်းလောင်းနံဘေးမှာ
တုန်ခါနေတဲ့ ရင်ခုန်သံ
ညီမလေးက မြသိန်းတန်စေတီရင်ပြင်ပေါ် လွင့်နေတဲ့ ဆံနွယ်ရှည်တစ်ခုရဲ့ငြိမ်းအေးမှု
ဒီလို
တစ်ယောက်ရဲ့ နှလုံးသားထဲကို
တစ်ယောက် ခရီးသွားခဲ့ကြ
တစ်ယောက်ရဲ့ ဘဝထဲကို
တစ်ယောက် ခရီးသွားခဲ့ကြ
ညီမလေးရေ....
သံသရာခရီးမှာ
တစ်ဦးတည်းသော ပါရမီ ဖြည့်ဖက်
ဘဝအဆက်ဆက် ဖြစ်ပါရစေ
လင်းလက်တာရာ
၁၊ ၇၊ ၂၀၂၁
( ချစ်သူ့သက်တမ်း ၃နှစ်ပြည့် အမှတ်တရ)
၇၈။
တွယ်ငြိ
..............
နေဝင်တာလား
နေထွက်တာလား မသိတဲ့
ပန်းချီကားလေးကို ငေးမိတယ်
နေနီနီနဲ့ တောင်တန်း
တောင်တန်းနဲ့ နေနီနီ
ထိစပ် ယှယ်နွယ်နေပုံလေး
အတွေးဟာ နေဝင်လိုက် နေထွက်လိုက်
ချစ်ခြင်းတရားမပါရင်
ဘဝဟာ ဟာလာဟင်းလင်းဖြစ်နေမှာပေါ့
နေဝင်သည် ဖြစ်စေ
နေထွက်သည် ဖြစ်စေ
ဒါက အဓိကမကျ
နေနီနီနဲ့ တောင်တန်း
တွယ်ငြိနေပုံလေးက ရသ
ကြည့်စမ်းပ ညီမလေး
နေလည်း မဝင်ဘူး
နေလည်း မထွက်ဘူး
တစ်သက်စာ ငြိမ်သက်စွာ တွယ်ငြိနေတဲ့
အခိုက်ဓာတ်ကလေး....
1.8.2021
၇၉။
ရေ+မြေ+ခြား
.........................
အဝေးရဲ့
မြေဆွေးတွေအပေါ်
ပေါက်ရောက် ရှင်သန်မိတဲ့ သစ်စေ့လေးပါ
အရောက်ပြန်လာမယ် ဆိုတဲ့ စိတ်နဲ့
အစွမ်းကုန် စိမ်းလန်းတယ်
အတူဆုံတဲ့တစ်နေ့ ကျရင် ပွင့်ဝေဖို့
နှလုံးသားမှာ ဖူးငုံထားမိတဲ့ ချစ်ခြင်းတွေ
လင်းလက်တာရာ
1.9.2021
၈၀။
ရနံ့
...........
မြို့ကလေးက
ပန်းပန်ထားတယ်
ညီမလေးကရော
သတိရခြင်းကို ပန်ထားမလား
အတွေးထဲ
အဆွေးတွေ အမြစ်ဆွဲနေပုံ
အဝေးတွေရဲ့အဆုံးဟာ
ဆုံစည်းရခြင်းပါပဲ
သစ္စာတရားဟာ
ရင်မြေသားမှာ ပွင့်တယ်
ပြီးတော့
ဘယ်ပန်းထက်မဆို ပိုမွှေးတယ်
၈၁။
စတိုရီ
............
ဆုံစည်းရခြင်းဟာ
လူတစ်ဦးနဲ့တစ်ဦးကြား
ကူးလူးဆက်နွယ်နေတဲ့
သွေးကြောမျှင်လေးတွေပါပဲ
အပြန်အလှန်
စီးဆင်းနေပုံလေးကိုက ကဗျာဆန်တယ်
အချိန်တွေက အကုန်လွယ်ပြီး
ဘဝတွေက တိုပါတယ် ညီမလေး
တို့နှစ်ဦးရဲ့ဆုံစည်းမှုလေးကိုတော့
အရှည်ဆုံး ဖြစ်ချင်တယ်
ကမ္ဘာပေါ်က အရှည်ဆုံး
အချစ်ဇာတ်လမ်းလေးအဖြစ်နဲ့ပေါ့
၈၂။
လက်တွဲဖော်
....................
စိတ်ချင်း တံတားထိုးတယ်
နှလုံးသားချင်း ကိုင်းကူးတယ်
ဘဝချင်း ပေါင်းစပ်တယ်
အေးတူပူမျှ
၈၃။
ဘဝဂူ
............
ရင်နံရံမှာ
သဘာဝအလျောက်
ပေါက်ရောက်ရှင်သန်နေတဲ့
ကျောက်ခတ်ပန်းဆွဲလေးတွေဟာ
ချစ်ခြင်းမေတ္တာပေါ့
တစ်စက်စက်
စိမ့်ကျနေတဲ့ ကျောက်စက်ရေကတော့
ရှေးရေစက်တွေပေါ့ ညီမလေး
နှလုံးသားလေး အေးသွားတာပဲ
၈၄။
ငှက်ကလေး
ရွှေပင်မှာ နားလို့ရပေမယ့် မနား
ငွေပင်မှာ နားလို့ရပေမယ့် မနား
ကိုယ့်ကဗျာမှာမှ ရွေးပြီး လာနားတယ်
ငှက်ကလေးရေ....
ငြိမ်းအေးချမ်းမြစွာ
တစ်သက်စာ ခိုနားလိုက်ပါကွယ်
ကိုယ့်နှလုံးသားဟာ မင့်အတွက်
အသိုက်စစ်စစ်လေးပါကွဲ့
၈၅။
ဖေဖော်ဝါရီ ရဲ့ရယ်သံ
....................................
သတိရခြင်းတွေ ပတ်ပတ်လည် ဝန်းရံနေသော
ကျွန်းကလေးသည် ကျွန်တော်ဖြစ်၏
ကမ်းမမြင်ပေမယ့်
ညီမလေးကို မြင်သည်
လမ်းမမြင်ပေမယ့်
ညီမလေးကို မြင်သည်
အလွမ်းမုန်တိုင်းသည်
ကျွန်တော့် နှလုံးသားတွင် လာနား၏
ထပ်ခါ ထပ်ခါ လာနား၏
ကျွန်တော် ရေဆာသည်
ညီမလေး၏ ချစ်ခြင်းမေတ္တာ ကို
ပို၍ ဆာသည်
အထီးကျန်ခြင်းလှိုင်းလုံးများသည်
ကျွန်တော့်ရင်ဘတ်အား
အဆက်မပြတ် တဝုန်းဝုန်းရိုက်ခတ်နေ၏
အဝေးကဖုန်းခေါ်သံလေးသည်
ကျွန်တော် ဖြစ်ပြီး
" ညီမလေး" ဟု
တစာစာ အော်မြည်နေသည်
အိပ်မက်ကို
နှစ်ခြမ်းခွဲ ပြီး " ဆုံစည်းခြင်း "အား
စိုက်ပျိုးထားပါသည်
ကျွန်တော့်အား
အရူး ဟု ပင်လယ်ကြီးက
လက်ညှိုးထိုးပြီး ရယ်၏
ထိုစဥ်
ညီမလေး ၏ ချစ်ခြင်းမေတ္တာ ဆီမှ
ဥဩဆွဲသံကို
နှလုံးသားနှင့်ဆက်ဆက် အနီးကပ်
ကြားနာလိုက်ရပါသည်
ကျွန်တော်သည်
ပင်လယ် ကို လက်ညှိုးထိုးပြီး
ပြန် ရယ်လိုက်မိပါတော့သည်
၈၆။
ဝေးဝေးက ရေးတဲ့ ကဗျာ
........................................
ဖေဖော်ဝါရီ ဆီ ပြန်ရောက်ဖို့
ဖေဖော်ဝါရီ နဲ့ ခွဲခဲ့ရပြန်တယ်
လွမ်းတယ်
ပြီးတော့ ပိုလွမ်းတယ်
ခြေသန်းလေး ယောင်ရမ်းတာက အစ
ကမ္ဘာကြီး နေမကောင်းတာ အဆုံး
အားလုံးကို စိတ်ပူရပါတယ်
စစ်မှန်သော ချစ်ခြင်းတရားကိုတော့
စစ်ဟာ လာမမှန်နိုင်ပါ
အဝေးတစ်နေရာက ပို့သသော မေတ္တာတွေ
ညီမလေးဆီ နေရောင်ခြည်လို ဖြာပါစေ
၈၇။
အောက်ဆီဂျင်
အချိန်အခါမဟုတ်
တဖွဲဖွဲရွာနေတဲ့ စိတ်ကူးဖွေးဖွေးတွေ
ထင်းမီးဖိုလေးဟာ
နှင်းရဲ့အေးစက်မှုကို ဆာနေတယ်
ရင်မြေသားမှာ စီးဆင်းနေသော
သံယောဇဉ်မြစ်လက်တက်များ
အတွေးရဲ့ စက္ကန့်ဝက်လေးထဲမှာတောင်
မင်းမူနေထိုင်နေသူလေး
အတိတ်ရဲ့ပုံရိပ်တွေ
ပစ္စုပ္ပန် မှာ တွယ်ကပ် ရှင်သန်နေပုံ
အိမ်ရှေ့စံပယ်ရုံလေးမှာ
သတိရခြင်းတွေ ငုံနေရော့မယ်
ဆန်းကြယ်
အိပ်မက်ဟာ အိမ်ကလေး ဖြစ်လာတယ်
ကိုယ်ဟာ ညီမလေးရဲ့အနက်အဓိပ္ပါယ်နဲ့မှ
ဖွင့်ဆိုလို့ရတဲ့ ခက်ဆစ်
ညီမလေးဟာ
ကိုယ့်ရှင်သန်ခြင်းရဲ့အောက်ဆီဂျင်
ချစ်ခြင်းရဲ့ ရနံ့ကို
နှလုံးသားနဲ့ ရှုရှိုက်ခဲ့ပါတယ်
လင်းလက်တာရာ
၈၈။
သွေးကြောထဲကို အလွမ်းတွေ စီးဝင်လာတယ်
အလွမ်းတွေထဲကို သတိရခြင်းတွေ စီးဝင်လာတယ်
သတိရခြင်းထဲကို ဆံနွယ်ရှည်စန္ဒယားသံလေး
စီးဝင်လာတယ်
ဆံနွယ်ရှည်စန္ဒယားသံလေးထဲကို
မေတ္တာတရားတွေ စီးဝင်လာတယ်
ခေတ်က ငါတို့အချစ်တွေကို
တစ်စစီ ဖြတ်တောက်တယ်
ငါတို့ကလည်း အကောင်းတိုင်း ပြန်ဆက်တယ်
တစ်ယောက်ရဲ့ဘဝထဲကို
တစ်ယောက်ရဲ့ဘဝကို ငှဲ့ထည့်တယ်
တစ်ယောက်ရဲ့ဆောင်းကို
တစ်ယောက်ရဲ့နှင်းနဲ့ ပေါင်းစပ်တယ်
တစ်ယောက်ရဲ့မနက်ခင်းကို
တစ်ယောက်ရဲ့နေခြည်နွေးနွေး နဲ့ လင်းတယ်
အို... လောက
ရှေးရေစက်ကို
တစ်ယောက်တစ်ဝက်စီ မျှသောက်ခဲ့ကြ
၈၉
ဟီးရိုး
ကိုယ်ကလည်း ဟီးရိုး မဟုတ်ဘူး
ညီမလေးကလည်း ဟီးရိုး မဟုတ်ဘူး
ကိုယ်တို့နှစ်ဦးရဲ့ဇာတ်လမ်းကိုက
ဟီးရိုး
၉၀
၁၄၆၀
စိုက်ပျိုးခဲ့သမျှဟာ
ရိတ်သိမ်းဖို့ မဟုတ်ဘူး
အခုဆို
ကိုယ်တို့ဥယျာဥ်လေးမှာ
အရွက်ပေါင်း ၁၄၆၀
အပွင့်ပေါင်း ၁၄၆၀
အသီးပေါင်း ၁၄၆၀
အမြစ်က ချစ်ခြင်းမေတ္တာ
အရိပ်က ချစ်ခြင်းမေတ္တာ
ရနံ့က ချစ်ခြင်းမေတ္တာ
အရသာက ချစ်ခြင်းမေတ္တာ
ညီမလေး ရေ
နောက်ထပ် ၁၄၆၀ ပေါင်းများစွာ
အတူစိုက်ပျိုးကြမယ်
နောက်ထပ် ၁၄၆၀ ပေါင်းများစွာဟာ
ဆက်လက် ရှင်သန် ဖူးပွင့်ဝေဆာနေမယ်
ဘဝမှာ စိုက်ပျိုးခဲ့သမျှဟာ
ရိတ်သိမ်းဖို့ မဟုတ်ဘူး
နှလုံးသားမှာ စိုက်ပျိုးခဲ့သမျှဟာ
ရိတ်သိမ်းဖို့ မဟုတ်ဘူး
( ချစ်သူ့သက်တမ်း ၄နှစ်ပြည့် အမှတ်တရ)
လင်းလက်တာရာ
၉၁
သတိရခြင်းဟာ
သတိရခြင်းဟာ
အလွမ်းတွေကို ထမ်းထားတဲ့ လှည်းတန်းဖြစ်တယ်
သတိရခြင်းဟာ
အဲဒီလှည်းတန်းနဲ့ ရင်ဘတ်ချင်းဆက်ထားတဲ့
ရန်ကုန်တက္ကသိုလ်ကြီး ဖြစ်တယ်
သတိရခြင်းဟာ
အဲဒီ ရန်ကုန်တက္ကသိုလ်ကြီး ရဲ့နှလုံးသား
အင်းလျားဖြစ်တယ်
သတိရခြင်းဟာ
အဲဒီ အင်းလျားနံဘေးက ဗန်ဒါပင်လေးဖြစ်တယ်
သတိရခြင်းဟာ
အဲဒီဗန်ဒါပင်လေး မှာ နားနေတဲ့
ငှက်ကလေး နှစ်ကောင် ဖြစ်တယ်
သတိရခြင်းဟာ
အဲဒီ ငှက်ကလေးနှစ်ကောင်ရဲ့ ခပ်လှမ်းလှမ်းက
ရွက်လှေ နှစ်စင်း ဖြစ်တယ်
သတိရခြင်းဟာ
အဲဒီ ရွက်လှေနှစ်စင်းရဲ့အပေါ်မှာ အုပ်မိုးနေတဲ့
တိမ်ဖြူဖြူ ဖြစ်တယ်
အဲဒီ တိမ်ဖြူဖြူ ဟာ ကိုယ်ဖြစ်ပြီး
သတိရခြင်း မိုးအဖြစ်နဲ့ ညီမလေးရှိရာ
တစိမ့်စိမ့် ရွာ
သတိရခြင်းဟာ....
၉၂
စိမ်းလန်းသော
အဝေးက မိုးဥတုလေးရေ
....................................
စိမ်းလန်းသော အဝေးက မိုးဥတုလေးရေ
ကိုယ်က ဖုံတထောင်းထောင်းထနေတဲ့
နွေခေါင်ခေါင်လေးပါ
ပက်ကြားအက်တွေကြားက
ရိုးပြတ်တောလေးပါ
သစ်ခြောက်ပင်ထက်က
အဖော်ကွဲနေတဲ့ ဥဩငှက်လေးပါ
ရေခမ်းနေတဲ့
အထီးကျန် ချောင်းရိုးလေးပါ
အလွမ်းဟာ ရွက်ကြွေဝါလေးလို
လွင့် မျောနေတယ်
သတိရခြင်းဟာ သစ်ခေါက်ညိုလေးလို
ကွာကျနေတယ်
အဆွေးတွေဟာ
ကိုယ့်ရဲ့အပေါင်းအသင်းပါပဲ
အကြောင်းရင်းက
ညီမလေး နဲ့ ဝေးနေရခြင်းတွေ
ရိုးတွင်းချဥ်ဆီထဲမှာ စီးနေတဲ့ ကဗျာ
ခြံစည်းရိုးပေါ် လမ်းလျှောက်နေတဲ့
နွယ်ပင်လေးလို
ကိုယ့်နှလုံးသားပေါ်မှာ
ညီမလေး ဟာ အညွှန့်တလူလူ
လူ့အဖြစ်မှာ
စိတ်ညစ်စရာတွေ ရွက်ကျပင်ပေါက်ပေမယ့်
ကျင်ယူထားသမျှ ပျော်ရွှင်မှုတွေဟာ
ညီမလေး ပန်ဖို့ သက်သက်
အိပ်မက်ကို လက်နဲ့ လိုက်မဖမ်းဘူး
ချစ်ခြင်းမေတ္တာနဲ့ ထုဆစ်တယ်
စစ် နဲ့ ငြိမ်းချမ်းရေး မှာ
ဆွေးစရာတွေ ချည်းပဲ
ညီမလေး ဟာ
ကိုယ့်ဘဝနဲ့ တိုက်ယူထားရတဲ့
လွတ်မြောက်နယ်မြေ ဖြစ်တယ်
လင်းလက်တာရာ
၉၄
ညီမလေး
မီးကို ပိတ်လိုက်ပေမယ့်
သတိရခြင်းတွေ လင်းနေတယ်
မျက်လုံးကို မှိတ်လိုက်ပေမယ့်
မြင်လွှာမှာ ပုံရိပ်တွေ တဖျပ်ဖျပ်
ကဗျာထဲ
အလိုအလျောက် စီးဆင်းတဲ့ ရေတံခွန်
အိပ်မက်သော့ဂလောက်ကို
မှော်ဆန်ဆန် ဖွင့်နိုင်သူ
မသိစိတ်မှာရော သိစိတ်မှာရော
အချိန်အခါမရွေး ပွင့်နေတဲ့ ပန်းကလေး
မွှေးတယ်
၉၅။
မေမြို့မန်မိုရီ
ငေး......
နှလုံးသားမှာ ရေးဆွဲထားတဲ့
ပန်းချီကားလေး
ဆွေး......
တောင်ပေါ်လမ်းကလေးနဲ့
ထင်းရူးရနံ့လေး
တေး......
စမ်းရေစီးသံနဲ့
ရေတံခွန်ဖြူဖြူလေး
မွှေး......
နှင်းရည်စက်နဲ့
နေကြာပန်းရိုင်းလေး
နွေး......
အနမ်းနဲ့ ရေးစပ်
ရင်ချင်းဖွဲ့ ကဗျာလေး
၉၆။
သတိရခြင်းအကြောင်း
....................................
ခေါင်းထဲမှာ
တစ်ခုသော ဆောင်းဟာ
အမြစ်စွဲနေတယ်
ဒီဇင်ဘာချင်းအတူတူ
တို့နှစ်ယောက် ဆုံခဲ့တဲ့ ဒီဇင်ဘာက
ပိုအေးတယ်
ဒီဇင်ဘာချင်းအတူတူ
တို့နှစ်ယောက်ရှေ့ကို ကျနေတဲ့
နှင်းတွေက ပို ဖွေးတယ်
နွေးထွေးတယ် ဆိုတဲ့ အဓိပ္ပာယ် ထဲမှာ
ချစ်ခြင်းမေတ္တာတွေ အပြည့်
အတူစိုက်ပျိုးထားတဲ့
သံယောဇဉ်တောအုပ်လေးက
အမြဲစိမ်းတယ်
နေ့ပဲ ဖြစ်ဖြစ် ညပဲ ဖြစ်ဖြစ်
ကိုယ့်စိတ်ကို ညှစ်ချလိုက်တိုင်း
တစ်စက်စက် ကျနေတဲ့ သတိရခြင်းတွေ
ရေမြေခြားနေပေမယ့်
ရင်မြေချင်း မခြား
နှလုံးသားချင်း မခြား
အချစ်က အံ့သြဘနန်း ခမ်းနားတယ်
ညီမလေး တဲ့
ကိုယ့် အကိုင်းမှာ လာပွင့်ပုံ ဆန်းကြယ်
တစ်ဘဝလုံး မွှေးနေတော့တယ်
လင်းလက်တာရာ
၉၇။
ကမ္ဘာဦးရဲ့ ကဗျာ
ပန်းသီးတစ်လုံးကို ထပ်ခြမ်းခွဲလိုက်တဲ့အခါ
လိပ်ပြာလေးနှစ်ကောင် ဖြစ်သွားတယ်
လိပ်ပြာလေး နှစ်ကောင်
ရင်ချင်းဆက် လိုက်တဲ့အခါ
ပန်းသီးတစ်လုံး ဖြစ်သွားတယ်
ကိုယ်တို့နှစ်ယောက်ဟာ ပန်းသီးတစ်လုံး
ကိုယ်တို့နှစ်ယောက်ဟာ
လိပ်ပြာလေး နှစ်ကောင် ပါပဲ အချစ်ရယ်
၉၈။
Happy Valentine's Day
ဖေဖော်ဝါရီ ၁၄ မှ မဟုတ်ဘူး
ဖေဖော်ဝါရီ ၁၅ ကလည်း ချစ်သူများနေ့
ဖေဖော်ဝါရီ ၁၆ ကလည်း ချစ်သူများနေ့
ဖေဖော်ဝါရီ ၁၇ ကလည်း ချစ်သူများနေ့
နေ့တိုင်းဟာ ချစ်သူများနေ့ ပါပဲ အချစ်ရယ်
ဒီနေ့မှ မဟုတ်ပါဘူး
ရင်မြေသားမှာ
ကဗျာနဲ့စိုက်ပျိုးထားတဲ့ စံပယ်ပင်လေးဟာ
ညီမလေး နာမည်နဲ့ ပွင့်နေတာ
နေ့တိုင်း
၉၉။
ဆွေး
ကိုယ်ဟာ
မင်းရဲ့မွှေးပျံ့သော
စပါးသင်းရနံ့လေးတွေကို
ငေးဆွတ်နေမိတဲ့
ကောက်ရိုးပုံလေးပါ အချစ်ရယ်
လွမ်းစရာအတိတ်တွေက
မှိုပွင့်လေးတွေအဖြစ်နဲ့
ကိုယ့် စိတ်မှာ လာပေါက်နေတယ်
၁၀၀။
တန်ပါတယ်
ဘဝမှာ
မလိုချင်တာတွေ ရတာက ခပ်များများ
လိုချင်တာတွေ ရတာက ခပ်နည်းနည်း
အဲဒီ ခပ်နည်းနည်း ထဲ
လိုချင်လို့ရခဲ့တာက
ညီမလေး ရဲ့ ချစ်ခြင်းမေတ္တာ
ရှင်သန်ရတာ
တန်ပါတယ်
လင်းလက်တာရာ
၁၀၁။
နွေဦးပွဲတော်
ပွဲတော်မှာ
နွေကို ဦးလိုက်ပြီ
ကိုယ့်နှလုံးသားကို
စိတ်လိုလက်ရ ခူးလိုက်ပါ ညီမလေး
တွေ့လား
နေရောင်ခြည်အေးအေးလေး
၁၀၂
ခေါင်းစဥ်တွေ ဘယ်လိုပဲ ပေးထား ပေးထား
ကိုယ် အဖွဲ့နွဲ့ချင်ဆုံး ကဗျာ
ပျော်ရွှင်မှု မီးစာလေးကို
မင့်အပြုံးလေးနဲ့ ညှိရတယ်
ညီမလေး ရေ
သတိရခြင်းမှာ
နေ့တာလည်း ရှည်တယ်
ညတာလည်း ရှည်တယ်
ကမ္ဘာကြီးထဲ
မင့်ကို ရှာဖွေတွေ့ရှိခြင်းက
ကိုယ့်ကိုယ်ကိုယ် ရှာဖွေတွေ့ရှိခြင်းလည်း ဖြစ်တယ်
မြစ်တွေက မြင့်ရာမှ နိမ့်ရာသို့ စီးဆင်းပေမယ့်
ကိုယ်ကတော့ ညီမလေး ရှိရာ ကိုပဲ စီးဆင်းတယ်
ကိုယ်ဟာ ကိန်းဂဏန်းတစ်ခု ဆိုရင်
ဘယ်လို ဒုက္ခတရားတွေနဲ့ ပဲ စားစား
ညီမလေးပဲ ကြွင်းတယ်
မင်း လက်ချောင်းလေးတွေနဲ့ တီးခတ်မှ မြည်တဲ့
စန္ဒာယားလေးဟာ ကိုယ်ပါ
မင်း မျက်စောင်းလေးနဲ့ ထိုးမှ ပွင့်တဲ့
မီးခံသေတ္တာဟာ ကိုယ်ပါ
နှလုံးသားကျောက်ခတ်ပန်းဆွဲ မှာ
အလွမ်းကျောက်စက်ရည်တွေ တွဲလွဲ ခို နေရဲ့
မိုးသားတွေ ငိုတဲ့အခါ
ပန်းအမည်နာမနဲ့ မြို့ကလေးဆီ
လွှတ်တင်မိတဲ့ စိတ်ကူးစိမ်းတွေ
မကြားပေမယ့် မြင်ပါစေ
မမြင်ပေမယ့် ကြားပါစေ
ကိုယ်ဟာ ညီမလေး ရဲ့ဗလာစာအုပ်ထဲ
လမ်းလျှောက်နေတဲ့
ဝါကျလေး တစ်ကြောင်းပါ
ကိုယ်ဟာ ညီမလေးရဲ့ အချိန်တွေထဲ
မရပ်မနားပြေးလွှားနေတဲ့ စက္ကန့်တံလေးပါ
ကျေးဇူးပြုပြီး ကိုယ့်ကို စိုက်ပါ
ကျေးဇူးပြုပြီး ကိုယ့်ကို စိမ်းလန်းပါ
ကျေးဇူးပြုပြီး ကိုယ့်ကို အနမ်းနဲ့ ဝတ်မှုန်ကူးပါ
အထီးကျန်ခြင်းဟာ သိပ်မှောင်တာပဲ
လမိုက်ညတစ်ခုလုံး ကို
ထမ်းထားရတဲ့ ပိုးစုန်းကြူးလေးဟာ ကိုယ်ပါ
လရောင်ကို
စံပယ်ရုံလေးဆီ ရွှေ့ယူနေမိတဲ့ ရူးသွပ်မှုတွေ
အိပ်မက်ကို
ရွှေလို ကျင်ယူနေမိတဲ့ စွဲလန်းမှုတွေ
သံတွေ ထက် ပိုပြီး ခိုင်မာတာ
သံယောဇဉ်ပါပဲ
ဖြတ်ဖို့ အခက်ဆုံး ကြိုးဟာ
နှောင်ကြိုးပါပဲ
အသက်ဓာတ်ရဲ့သွေးခုန်နှုန်းဟာ
ချစ်မေတ္တာပါပဲ
ခေါင်းစဥ်တွေ ဘယ်လိုပဲ ပေးထား ပေးထား
ညီမလေး ဟာ ကိုယ် အဖွဲ့နွဲ့ချင်ဆုံး ကဗျာ
၁၀၃။
ရင်ထဲက မြေနီလမ်းကလေး
.........................................
သိင်္ဂါရပန်းတွေ
ပွင့်ဝေနေလိုက်ပုံများ
မိုးမဆုံး မြေမဆုံး
စိတ်စိတ်ချင်း ဆွဲငင်မိတဲ့ အလင်း
ရင်ခုန်သံချင်း တီးခတ်မိတဲ့ ဂီတ
နှလုံးသားချင်း ဖွဲ့သီ မိတဲ့ ကဗျာ
အချစ်ရှိတဲ့ ဘက်ခြမ်းကနေ ကြည့်တဲ့အခါ
အရာရာဟာ လှပနေတော့တာပဲ
ညီမလေး ရေ
နှစ်ကာလတွေထဲ
နှစ်နှစ်ကာကာ ချစ်ကြစို့
နေလုံးနီနီ
ညနေရီရီ
သံယောဇဉ်တွေနဲ့ ခင်းထားတဲ့
မြေနီလမ်းကလေး
ဟော့ဒီကမ္ဘာမှာ
သစ္စာတရားနဲ့ ထုဆစ်ထားတဲ့
ခရီးလေးတစ်ခု
သွယ်တန်းစီးဆင်းနေတယ်
အဆုံးမဲ့
၁၀၄။
လွမ်းဖျားလွမ်းနာ
........................
နေ့လည်း တငွေ့ငွေ့
ညလည်း တမြေ့မြေ့
အဲဒီ အနမ်းလေးတစ်ပွင့်က လွဲရင်
ဘယ်ဆေးမှ မတိုးဘူး
မြတ်နိုးခြင်းထဲ ခုန်ဆင်းလာတဲ့
ကြယ်လေထီးလေးပါ
ဥတု၃ပါး
ညီမလေး အနားမှာပဲ
ပေါက်ရောက် ရှင်သန်ချင်တဲ့ စိတ်
မင့်ပြတင်းပေါက်လေးဆီ
ပျော်ပျော်ရွင်ရွင် ဖိတ်ကျနေတဲ့
လရောင်ဟာ ကိုယ်ပါ
အချစ်ဟာ ကဗျာ
ကိုယ်က ညီမလေး ကို ဖွဲ့ဆိုပြီး
ညီမလေး က ကိုယ့်ကိုယ် ဖွဲ့နွဲ့တယ်
ပိုးမကျတဲ့ နှလုံးသား ယာခင်းလေးမှာ
သတိရခြင်း ဟာ
တစ်ခင်းလုံး ဝင်းမှည့်နေလေရဲ့
လေတိုက်လို့ ယိမ်းထိုးနေတဲ့
အဝတ်ကြိုးတန်းလေးပေါ်
ရေစိုနေတဲ့ အလွမ်းတွေ
လှမ်းထားမိတယ်
နွေအိုအိုလေးထဲ
အဆွေးတွေ တစ်ရွက် ပြီး တစ်ရွက်
ကြွေကျနေတဲ့ သစ်ပင်
သံယောဇဉ်ရဲ့ ရေသောက်မြစ်ဟာ
ဘဝနက်နက်ထဲ ကုတ်ခြစ်တွယ်ကပ်
အဝေးတွေဟာ ဘယ်လောက်ထက်လို့လဲ
မတ်ေတာတရားဟာ
ဓားသွား အထပ်ထပ်ကိုလည်း ဖြတ်တယ်
လင်းလက်တာရာ
၁၀၅။
ရင်ဝေးမြေခြား
........................
အလွမ်းကို ကော်ဖီထဲ ထည့် ဖျော်ပြီး
ကော်ဖီကို သတိရခြင်းထဲ ထည့်သောက်မိတဲ့
နေ့တွေ
ဘယ်လောက်ထိ ရူးသလဲဆို
မီးတောက်မီးလျှံထဲ
တစ်ယောက်တည်း နှင်း ရှာ မိသလိုမျိုး
ဘဝ တိုတိုထဲ
သံယောဇဉ်တွေ ရှည်လျားနေလိုက်ပုံများ
Google map ထဲကနေ
အနီးကပ် ဆွဲကြည့်မိတဲ့ အိမ်ကလေး
လေပြည် လိပ်ပြာ ပန်းပွင့် နဲ့ ရနံ့
တစ်ခုနဲ့ တစ်ခု ဆက်စပ်ယှက်နွယ်နေတဲ့ ကမ္ဘာ
ချစ်ခြင်းမေတ္တာသာ မရှိရင်
ငါလည်း ပြိုလဲ သွားမှာပဲ
ဆူးတွေဟာ ခရီးတွေကို
မဖျက်ဆီးနိုင်
ဟော့ဒီမှာ
စိတ်နဲ့ အကြိမ်ကြိမ် ကူးမိတဲ့ ပင်လယ်
ညီမလေးဟာ
ကိုယ်ဆာလောင် မွတ်သိပ်ဆုံး
မိသားစု လက်စုံ စားပွဲလေး ဖြစ်တယ်
၁၀၆။
လက်ထပ်ပွဲ
အချစ်အိမ်ကလေးကို ဆောက်မယ်
နှစ်ယောက် တစ်ကမ္ဘာ
ဘဝဟာ
လွတ်လပ်ခြင်း ဖြစ်သလို
ဖွဲ့နှောင်ခြင်း လည်း ဖြစ်တယ်
၁၀၇။
ဘဝထဲက လမ်းကလေး
ဘယ်လမ်းမှာ
ပန်းတွေ အပွင့်ဆုံးလဲ ဆိုတော့
အိမ်ကို ပြန်တဲ့လမ်းနဲ့
အချစ်ရှိရာ ပြန်တဲ့လမ်းပေါ့
ခြေလှမ်းတိုင်း ခြေလှမ်းတိုင်း
နှလုံးသားနဲ့သာ လှမ်းခဲ့ပါတယ်
၁၀၈။
ခေတ်အဆက်ဆက် ခေတ်မီလျှက်ရှိသော
အသစ်စက်စက် အချစ်ကဗျာ
အိမ်ထောင် တဲ့
အိမ်က ထောင် မဟုတ်ဘူး
ငြိမ်းချမ်း လွတ်လပ်စွာ
အတူယှဥ်တွဲနေထိုင်ခြင်း အနုပညာ
တစ်ယောက်နဲ့ တစ်ယောက်
သံလမ်းနဲ့ ရထားလို
နှလုံးသားချင်း
ပန်းပွင့်နဲ့ ရနံ့လို
အချစ်ရေ
နားလည်ခြင်းကို
လက်ထပ်လက်စွပ်လို
မချွတ်စတမ်း ဝတ်ထားကြစို့
မဆုံးသော ခရီးကို
တွဲလက်မြဲမြဲ
ပျော်ပျော်ရွှင်ရွှင် ရွက်လွှင့်ကြစို့
ရိုးမြေကျ တဲ့
တီးတိုးဖော်လေးရယ်
ဘဝကို စိတ်တူကိုယ်တူ သရုပ်ဖော်ကြမယ်
ဘယ် အိမ်က အခိုင်အခန့်ဆုံးလဲ ဆိုတော့
ချစ်ခြင်းမေတ္တာ နဲ့ ဆောက် တဲ့
အိမ်ပေါ့
ဘယ် ထမင်းဝိုင်းက
အရသာ အရှိဆုံးလဲ ဆိုတော့
ချစ်ခြင်းမေတ္တာ နဲ့ လက်ဆုံံစား တဲ့
ထမင်းဝိုင်းပေါ့
ဘယ်ညတွေက အလှ ဆုံးလဲ ဆိုတော့
ခေါင်းအုံး လေးက လက်မောင်းကို
မနာလိုတဲ့ ညတွေပေါ့
သိပ်လှတယ်
၁၀၉။
မင်္ဂလာဦး ကဗျာ
နားလည်မှု ပီကေလေးကို
တစ်ယောက်တစ်လှည့်စီ ဝါးတယ်
ပါးပြင်မို့မို့လေးကို အနမ်းနဲ့ နန်းတင်တယ်
ဘယ်လို နည်းပညာနဲ့မှ
ဖျက်လို့ မရတဲ့ တက်တူးကို
ကိုယ်စိတ်နှလုံး ၃ ပါးစလုံး နဲ့ ထိုးခဲ့ခြင်းပါ
အလင်းကို သစ္စာတရားနဲ့
ရိုးသားစွာ သယ်ဆောင်လာခဲ့ခြင်းပါ
ဘဝ နှစ်ခု ကို ဘဝ တစ်ခုတည်း ဖြစ်အောင်
ရသမြောက် ပေါင်းစပ်လိုက်ခြင်းပါ
"ချစ်ခြင်းမေတ္တာလောက် ဘယ်ပန်းမှ မမွှေးဘူး
ချစ်ခြင်းမေတ္တာလောက် ဘယ်ပန်းမှ မမွှေးဘူး"
ကိုယ့်ကိုယ်ကိုယ် ညီမလေးအတွက်
ရက်ရက်ရောရော ခူးဆွတ်လိုက်ပါတယ်
၁၁၀။
Feb, 14
..............
စစ်ပွဲ၁၀၀ မနွှဲဘူး
အချစ်တစ်ပွဲပဲ နွှဲမယ်
စစ်မှု မထမ်းဘူး
အချစ်မှု ပဲ ထမ်းမယ်
ကမ္ဘာဟာ စစ်နဲ့ မလိုက်
အချစ်နဲ့ပဲ လိုက်တယ်
၁၁၁။
ချစ်ခြင်းမေတ္တာရဲ့ လိပ်စာဟာ မြေကမ္ဘာဖြစ်ပြီး
မြေကမ္ဘာရဲ့လိပ်စာဟာ ချစ်ခြင်းမေတ္တာဖြစ်တယ်
.............
ဥယျာဉ်တော်မှာမှ မဟုတ်ပါဘူး
လမ်းဘေး မြေရိုင်းကလေးမှာလည်း
အပင်ပေါက်တယ်
ရှင်သန်တယ်
စိမ်းလန်းတယ်
ဝေဆာတယ်
သီးပွင့်တယ်
မွှေးပျံ့တယ်
ချစ်ခြင်းမေတ္တာစစ်စစ်ဟာ
အဲဒီလို ဖြစ်တည်ပါတယ်
၁၁၂။
နှစ်ဦးသဘောတူ
............................
တစ်ယောက်နဲ့ တစ်ယောက်
စည်း နဲ့ ဝါး လို
ရေ နဲ့ ငါး လို
ကဗျာနဲ့ အာရုံခံစားမှုလို
ပန်းချီနဲ့ ကင်းဗက်စ လို
လယ်ကွင်းစိမ်းစိမ်း နဲ့ စပါးသင်းရနံ့လို
အိမ်နဲ့ လက်စုံစားပွဲလို
တစ်ယောက် နဲ့ တစ်ယောက်
တစ်ယောက်လို လို့ မဖြစ်တဲ့ ဘဝ
ရိုး
မြေ
ကျ
၁၁၃။
စီးနေတဲ့ရေ
ချစ်ခြင်းမေတ္တာ ကို
ရင်နံရံမှာ ချိတ်တယ်
အတိတ် ပစ္စုပ္ပန် အနာဂတ်
ကာလ ၃ ပါးစလုံး ဒီ အိပ်မက်ပဲ မက်တယ်
ကျောက်သားအထပ်ထပ်ကို ဖြတ်သော
ယုံကြည်ချက်များ
နှလုံးသားတွင်းနက်နက်ထဲမှာ ပွင့်သော
နားလည်မှု သံယံဇာတများ
ကိုယ့်ရဲ့စိတ်ဟာ ညီမလေးရဲ့အရိပ် ဖြစ်ပြီး
ညီမလေးရဲ့စိတ်ဟာ ကိုယ့်ရဲ့ အရိပ်ဖြစ်တယ်
ပန်းအိုးလေးထဲ သစ္စာတရား ကို ထိုးတယ်
မြတ်နိုးခြင်းဟာ သစ်ခွပန်းလေးလို ပွင့်တယ်
နှစ်ယောက်တစ်ဘဝဟာ
မိသားစု သစ်ပင်လေး ရဲ့အရွက် နှစ်ခွပေါ့
ရှင်သန်ခြင်း အယ်လ်ဘမ်ထဲ
လတ်ဆတ်မွှေးမြဆဲ ရင်ခုန်သံများ
"ချစ်တယ်" ဆိုတဲ့ စကားလုံးဟာ
ဘယ်တော့မှ ရိုးမသွားတဲ့
နေ့စဥ်သုံးဘာသာစကား
သံယောဇဉ်ချောင်းရိုးလေးဟာ
မြစ်ကြီး ဖြစ်လာ
သံယောဇဉ်ချောင်းရိုးလေးဟာ
မြစ်ကြီး ဖြစ်လာ
သံသရာထဲ
တွဲလက်မြဲမြဲ စီးမယ်
လင်းလက်တာရာ
30.6.24
၁၁၄။
ရှေးရေစက် ၂
သူ့အကြောင်းကို ကိုယ့်ဘဝနဲ့ ဆက်တယ်
သူ့ဘဝကို ကိုယ့်အကြောင်းနဲ့ ဆက်တယ်
ဓာတ်ကြီး ၄ ပါးနဲ့ ဖျက်ရင်တောင်
ချစ်ခြင်းမေတ္တာဟာ မပြတ်ဘူး
နှလုံးသားချင်း ဆက်သွယ်တာလောက်
ဘယ် ဆက်သွယ်ရေးမှ မလှ
၁၁၅
အချစ်ဝတ္ထု
ဇာတ်သိမ်းခန်းမှာ
မင်းသားနဲ့ မင်းသမီး ညားတယ်
ဇာတ်လမ်းက ခုမှ စမှာ
၁၁၆။
အိမ်
နှလုံးသားချင်း ပေါင်းတော့
ချစ်ခြင်းမေတ္တာ ရတယ်
ချစ်ခြင်းမေတ္တာချင်း ပေါင်းတော့
ဘဝ ရတယ်
ဘဝချင်း ပေါင်းတော့
မိသားစု ရတယ်
မိသားစု ဆိုတာ
ကမ္ဘာကြီးရဲ့အရိပ်အရဆုံး သစ်ပင်
၁၁၇။
ဒီဇင်ဘာကဗျာ
ချစ်ခြင်းမေတ္တာဟာ
အနွေးထွေးဆုံး ဖြစ်ကြောင်း
နှင်းတွေက ဖွဲ့ဆိုကြလိမ့်မယ်
တောင်ပတ်လမ်းကလေးရယ်
နေကြာပန်းရိုင်းလေးတွေရယ်
ထင်းရူးရနံ့ရယ်
ကော်ဖီ မွှေးမွှေးရယ်
မင့် ရယ်သံလွင်လွင်လေးရယ်
ကြည့်စမ်း
မျက်တောင်ဖျားမှာ တွဲလွဲခိုနေတဲ့
နှင်းရည်စက်လေးဟာ
ရှေးရေစက်ကလေး ဖြစ်လာသတဲ့
အချစ်ရယ်
ဆောင်းဟာ နှင်းရှိမှ ပြည့်စုံသလို
ကိုယ်ဟာ မင်းရှိမှ ပြည့်စုံတယ်
လင်းလက်တာရာ
လင္းလက္တာရာ