Monday, January 7, 2019

ချစ်ခြင်းဖွဲ့

ချစ်ခြင်းဖွဲ့
.............

လက်ဖဝါးချင်း မြတ်မြတ်နိုးနိုး ဆုပ်ထားတဲ့ အခိုက်
တစ်ယောက်ရဲ့ လက်ဖျံသွေးကြောထဲ
တစ်ယောက်ရဲ့ ချစ်ခြင်းတရားတွေ တလွင်လွင်စီးဆင်းသွား
နှလုံးသားထဲထိ

ပခုံးကမ်းပါးပေါ်
ပါးကလေး တံတားထိုးလိုက်တဲ့ အခိုက်
သံယောဇဉ် မြစ်ရေစီးကြောင်းလေး
တသွင်သွင် စီးဆင်းသွား
ကမ္ဘာဦးအစထိ

မေတ္တာတရားနဲ့ ရက်လုပ်ထားတဲ့ ကောင်းကင်ထီးတစ်ချောင်း
နှစ်ယောက်အတူ ဆောင်းမိတဲ့အခိုက်
ခရီး နှစ်ခု က တစ်ခုတည်း ဖြစ်သွား
လမ်း နှစ်လမ်းဟာ တစ်လမ်းတည်း ဖြစ်သွား
ဘဝ နှစ်ခုဟာ တစ်ခုတည်း ဖြစ်သွား

ကိုယ့်ရှင်သန်ခြင်းတွေအတွက်
အောက်ဆီဂျင် ချက်လုပ်ပေးတဲ့
ဆံနွယ်ရှည်အမြဲစိမ်းတောကလေးရေ
ချစ်တယ်

လင်းလက်တာရာ
၁၅၊ ၈၊ ၂၀၁၈

No comments:

Post a Comment