Wednesday, August 15, 2018

အဲဒီနေ့က ငါဟာ Drone ဖြစ်တယ်

အဲဒီနေ့က ငါဟာ Drone ဖြစ်တယ်
__________________________လင်းလက်တာရာ

ငါမော့ကြည့်ခဲ့ရတဲ့ KLCC ကို
ငါအခု ပြန်ငုံ့ကြည့်နေတာ စိမ်ပြေနပြေ
သူ့ခေါင်းပေါ် သေးနဲ့တောင် ပန်းချလို့ရတဲ့ အခွင့်အရေးမျိုးနဲ့
ပြန်ငုံ့ကြည့်နေတာ အရသာပဲ
လူသားအရင်းအမြစ်​တွေကို ကြံရည်ညှစ်သလို ညှစ်သောက်ပြီး
အရပ်ကြီးမြင့်နေတဲ့ကောင်ကြီး
ကဲ ဘာတတ်နိုင်သေးလဲ ခုတော့ငါ့ခြေဖျားအောက်မှာ
မာယာမျက်နှာဖုံးကြီးနဲ့ ဂျန်းတဲမန်းလုပ်နေပုံကိုက ဟာသ
ငါနာနာကျင်ကျင် ရယ်ပစ်လိုက်တယ်
ငါရယ်တာ ငါ့အတွက်မဟုတ်
ရယ်စရာတွေ အက်ကွဲ ခန်းခြောက်နေတဲ့ နှလုံးသားတွေအတွက်
ဒုက္ခတရားရဲ့ ထိုးနှက်ချက်တွေအောက်မှာ
အညိုအမည်းစွဲနေတဲ့ လူသားအရင်းအမြစ်တွေ အတွက်
ငါရယ်နေတာ မျက်ရည်တွေနဲ့ပါလား
ငါလက်သီးဆုပ်မိသွား အံကြိတ်မိသွား
ငါ စွန်ရဲလို ပျံသန်းရင်း
မတန်တဆ စတေးခဲ့ရတဲ့ဘဝတွေအကြောင်း
မှတ်တမ်းတင်လိုက်တယ်
အဓမ္မအကျင့်ခံရတဲ့ လူ့အခွင့်အရေးတွေ
ဇာတ်နာတွေ လူအောက်ပိခြင်းတွေ
ဝဋ်နာကံနာတွေ ထောင်ချောက်တွေ
မှတ်တမ်းတင်လိုက်တယ်
မိသားစုဆီပြန်မရောက်ဖြစ်တော့တဲ့ အသက်ဇီဝတွေ
သေကွဲတွေရှင်ကွဲတွေ မသေမရှင်တွေ
ရှင်လျှက်သေနေတာတွေ
မှတ်တမ်းတင်လိုက်တယ်
အိမ်ပြန်ချင်တာတွေ အိမ်ပြန်လို့မရတာတွေ
ဆုတောင်းတွေ ၊ အိုဗာစတေးတွေ၊ အော်ပရာစီတွေ
ကြက်ခြင်းထဲကကြက်တွေလို ရှင်သန်မှုတွေ
မှတ်တမ်းတင်လိုက်တယ်
ငါဟာ မှတ်တမ်းတင်လို့မပြီးဆုံးခင် ပစ်ချခံလိုက်ရတဲ့ Drone

လင်းလက်တာရာ

KLCC= Kuala Lumpur City Centre

No comments:

Post a Comment