သိစိတ်တစ်ခုလုံးနဲ့ အာရုံစိုက်ပြီးစကားပြောနေတာ
အချိန်တော်တော်ကွာလာတော့
_________________________ လင်းလက်တာရာ
ရေ+မြေ+ခြား= ရွက်ခြောက်သစ်ပင်
ရွက်ခြောက်သစ်ပင်မှာတစ်ရွက်တည်းစိမ်းလဲ့နေသော အသံတိတ်ဆည်းလည်း
ရီဆိုင်ကယ်အလွမ်းမိုးသားတွေ ငါ့တစ်နေရာတည်းကွက်ပြီး
ထစ်ချုန်းနေလို့ မင်းရင်ခွင်ထဲ ဝင်နေလို့ရမလား
ရေဆိုးမြောင်းထဲပေါလောမျောနေတဲ့
စိတ်ကောင်းစိတ်သန့်လေးကို ဆယ်ယူလိုက်တယ်
ငါ့နှလုံးသား မှာတပ်ဆင်ထားတဲ့ CCTV ထဲက မျက်နက်ဝန်းလေး
သက်တံ့ကို ထပ်ပိုင်းချိုးပြီး သူ့ အိပ်မက်ထဲ ထိုးစိုက်ပစ်လိုက်တယ်
သူ့သွေးပြန်ကြောထဲ တောက်ပနေတဲ့ ဥက္ကာပျံဟာ ငါလို့
ထင်ယောင်ထင်မှား လင်းမိ
ငရဲဟာ လူ့အဖွဲ့အစည်းထဲမှာ လာရောက်နေထိုင်
လူတွေကိုသူ့ခြေထောက်ကြီးနဲ့ လိုက်လံနှုတ်ဆက်
ယဉ်ကျေးပြီး ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့ ထောင်ချောက်
ခါးထောက်မောက်မာနေတဲ့ ပိုက်ဆံ ကို ဦးညွတ်ဝပ်ကျိုးနေရသူများ
အခါးချည်းသက်သက်တစ်လိုင်း
အဆိပ်ချည်းသက်သက်တစ်ပုဒ် အနာချည်းသက်သက်တစ်ရုပ်ရှင်
တရုတ်တွေရှင်နေပုံမှာ ဘယ်သူတွေဟာ အသေ
ဘယ်သူတွေဟာ မသေမရှင်
အခက်အခဲတွေတစ်လိပ်ပြီးတစ်လိပ်ထိုင်ဖွာနေတာ
ဒွါရခြောက်ပေါက်ထဲကနေ အခိုးတလူလူထွက်လို့
အဲဒီအခိုးတလူလူတွေဟာ အထီးကျန်တိမ်တိုက်ကလေးအဖြစ်နဲ့
အဝေးကရွာကလေးဆီ သွားရွာလို့
သိစိတ်နဲ့မသိစိတ်ကြားက ဟ နေတဲ့ နေရာလွတ်ကလေးထဲမှာတောင်
နေရာယူထားနိုင်သူလေး
အာရုံထဲ အရုဏ်တွေ စိုက်ထားလိုက်တယ်
အရုဏ်ထဲ အာရုံတွေ မီးထထတောက်တယ်
ဆေးကြောသန့်စင်ထားတဲ့ စိတ်ဟာ လူညှီအိုင်ထဲ ချော်လဲ
ပြီးတော့ ရောထိုင် ပုထုဇဉ်ချော်ရည်ပူတွေ
အိမ်တွင်းရေးထဲ ပေါက်ကွဲနေတဲ့ မီးတောင်
မိသားစု၊ ချစ်မေတ္တာ၊ အဝေးကျွန်း၊ အော်သံအကျိုးအပဲ့
သဘောင်္ကိုခါးခါးသီးသီး ခုတ်မောင်းနေတဲ့မြစ်၊
ပင်လယ်ထဲဝင်သွားပြီး ပြန်ထွက်မလာသေးသော ကြယ်တံခွန်
ဓါးစက်ထဲပါသွားတဲ့ လက်ချောင်းလေးတွေလို မဆုံစည်းရခြင်းများ
နာမည်မှား ဆိုက်ကပ်လာတဲ့ စာတွေ
ဆာတယ် ဆာတယ်
'စိတ်အဟာရတွေဆာတယ်' ဟာ ဒီခန္ဓာရဲ့အိမ်ပါပဲ
သစ်ကိုင်းခြောက်ထပ်ပိုပြီး ပိန်လှီခြောက်ကပ်နေရသော
တစ်ကိုယ်တော် ဆင်ဖိုနီညများ
တစ်ရွက်တည်းစိမ်းလဲ့နေတဲ့ အသံတိတ်ဆည်းလည်းလေး
ကြွေကျသွားပုံ စလိုးမိုးရှင်း
လင်းလက်တာရာ
9-5-2017
(ခေါင်းစဉ်- ညီမိုးဆွေ)
No comments:
Post a Comment