နာကျင်မှုတွေကို Only Me ထားလိုက်ခြင်းမှာ
ဒဏ်ရာတွေ အနာဖေးတက်လာ
________________________________
'တိတ်တဆိတ် ပဲ့ထွက်လွင့်စင်နေရတယ်'
ဆိုတဲ့ စာသားထက် ထက်ရှတဲ့ဓားရှိရင် ပေးပါ
ငါ့နှလုံးသားပေါ်တင်သွေးချင်လို့
ကျကွဲသွားတဲ့ ကြေကွဲမှုတွေကို တစ်စစီပြန်လည်လိုက်ကောက်
ထပ်မံတည်ဆောက်လိုက်တဲ့ ကြွေပန်းအိုးလေးထဲ
မင်းအပြုံးတွေထိုးစိုက်ထားလိုက်တယ်
ဘာရနံ့မှ ထပ်မံပွင့်မလာတော့ဘူး
ဘာရနံ့မှ ထပ်မံပွင့်မလာတော့ဘူး
"ဘာရနံ့မှ ထပ်မံပွင့်မလာတော့ဘူး"တွေပဲ
ထပ်မံပွင့်လာ
သွေးစွန်းသွားတဲ့ အဖြူဆွတ်ဆွတ်ဇာတ်လမ်းလေးကို
အကြိမ်ကြိမ်လျှော်ဖွတ်ပေမယ့်
အနီဟာ အနီအတိုင်း
ငါ့အကိုင်းကနေ မင်းပျံထွက်သွားတဲ့နေ့ကစပြီး
ငါဟာ အလင်းပိတ်သွားတဲ့ ဂူ
စစ်ဘေးဒဏ်သင့်ကျေးရွာလေးအဖြစ်
နေရစ်ခဲ့ရ
ကျောက်သားကို ကျော်ဖြတ်လာခဲ့တဲ့
ရေသောက်မြစ်လေးကိုမှ ဆွဲနှုတ်ပစ်ရက်တယ်
ရက်ရက်စက်စက်မိုးသားလို စကားလုံးတွေ
ရက်ရက်စက်စက်လျှက်စီးလို မဲ့ပြုံးတွေ
အမုန်းမိုးကြိုးကိုမှ
ချစ်မေတ္တာနဲ့ ကာမိသူပါ
ပြက္ခဒိန်လေးထဲ
စိတ်ကူးနဲ့ဆောက်ထားတဲ့ အိမ်ကလေး
ရေတိမ်နစ်သွားပုံ
အခန်းထောင့်မှာ
မီးစာကုန်ခါနီး ဖယောင်းတိုင်လေးလို
တိတ်တိတ်လေး အရည်ပျော်ကျနေမိ
ငါ့ကို တတိတိ ကိုက်ဖြတ်စားသောက်နေတဲ့ အလွမ်း
မျက်ရည်နဲ့ငါ
ငါနဲ့မျက်ရည်
နာနာကျင်ကျင် စီးချင်းထိုးနေမိတဲ့ ညခြောက်တွေ
#လင်းလက်တာရာ
ဇွန်လနောက်ဆုံးရက်၊၂၀၁၇
(ခေါင်းစဉ်-လက်ဝဲ)
No comments:
Post a Comment