ရွှေဖြင့်အတိပြီးသော အဝေးက ရယ်သံလေးရေ
------------------------------------------------------
"သို့ " လို့ လိပ်မူပြီး
ကိုယ့်ကိုယ်ကိုယ် ဆွဲစုတ်လုံးချေပစ်မိ
ရင်ခြစ်ရာများ
အိပ်မက်ကြက်ခြေခတ်များ
အလွမ်းမျက်ဝန်းသောင်ပြင်မှ မျက်ရည်ဆားပွင့်များ
ဘာသာစကားဖြင့် ဖွင့်ဆိုဖို့ မလုံလောက်သော
အနက်အဓိပ္ပါယ်များ
ရုန်းပေမယ့် မလွတ်မြောက်နိုင်သော
သံမဏိလို ပိုးကြိုးမျှင်လေးများ
ပို့ သသော မေတ္တာမှာ
ပျော်ရွှင်ခြင်းတွေ မင့်ဆံနွယ်အပြည့် ဖွေးဖွေးလှုပ် ပွင့်ပါစေသား
သတိရခြင်းထီးတစ်ချောင်းတည်းနဲ့ 
မိုးကြီးမျက်မည်းကို ကျောင်းမယ်
ခေါင်းထဲမှာ ၁၂ရာသီ စိမ်းလန်းနေတဲ့
သံယောဇဉ်တောအုပ်
နေဝင်မိုးချုပ်များနဲ့ ချုပ်လုပ်ထားတဲ့
တစ်ကိုယ်ရည်အထီးကျန် ဆည်းဆာသေ ငါ့ညဝတ်အင်္ကျီ်များ
မယုံနိုင်စရာ
ဒီ ပက်ကြားအက်တွေဟာ
တချိန်က ရေစီးသန်ခဲ့တဲ့မြစ် ဆိုတာ
မယုံနိုင်စရာ
ဒီ ရေစီးသန်နေတဲ့မြစ်ဟာ
တချိန်က ပက်ကြားအက်တွေ ဆိုတာ
နှလုံးသားမှာ
မမြင်ရတဲ့နားလေးနှစ်ဖက် ရှိတယ်ဆိုတာ ယုံလား
တွင်းနက်ကြီးထဲက လွင့်လာတဲ့ ရယ်သံလေးဆီ
မက်မက်မောမော ခုန်ချမိ
ဟော့ဒီ ခပ်တုံးတုံး ဖော့တုံးလေးက
မင့်ရေအောက်မှာမှ တစ်ဘဝစာ နစ်မြုပ်ချင်ပါသတဲ့
ငိုစရာကောင်းလောက်အောင် ရယ်ရတယ်
လင်းလက်တာရာ
No comments:
Post a Comment