Friday, December 29, 2017

ဥယျာဉ်



ဒိုင်ယာရီစာအုပ်လေးထဲမှာ
ကဗျာတွေ စိုက်ထားတယ်
ညီမလေး ပန်ဖို့ 

လင်းလက်တာရာ

Saturday, December 23, 2017

မုန်လာဥ နီနီ






ငါ့ကို မြန်မြန်လာတူးပါ
ငါ့ကို မြန်မြန်လာတူး ယူလိုက်ပါ

အချိန်တွေ ပုပ်မသွားခင်
ဘဝရဲ့အနှစ်သာရတွေ ပုပ်မသွားခင်

လတ်လတ်ဆတ်ဆတ် ငါ့မေတ္တာတရား ကို
မြန်မြန်လာတူး ယူပါ ယုန်မလေး


လင်းလက်တာရာ
23.12.2017

Tuesday, December 19, 2017

နှင်းဆီ


နှင်းဆီတော့ နှင်းဆီ
အပင်မှာ မပွင့်သော နှင်းဆီ
အရောင်ဖြင့် ဖော်ပြရန် မလုံလောက်သော နှင်းဆီ
လက်ဖြင့် ခူးဆွတ်၍ မရသော နှင်းဆီ
မျက်လုံးဖြင့် မမြင်နိုင်သော နှင်းဆီ

နှင်းဆီတော့ နှင်းဆီ
မိုင်ထောင်ချီဝေးနေတာတောင်
သူ့မွှေးရနံ့ ကို ဝင်သက်ထွက်သက်လေးမှာ အမြဲ ရနေ

လင်းလက်တာရာ

ဘဝသရုပ်ဖော်


ဘဝသရုပ်ဖော်
.................

လုပ်ကြံသတ်ဖျက်ခံခဲ့ရတဲ့ ဘဝရဲ့မြေပုံမို့မို့ကို
ပြန်လည်တူးဖော်လိုက်ကြတယ်

နှစ်များစွာမြှုပ်နှံထားခံခဲ့ရတာတောင်
မပုပ်မပွ မွှေးမြနေဆဲ


လင်းလက်တာရာ
20.12.2017

Wednesday, December 6, 2017

ပြာကိုမှ ပန်းပု ထုဆစ် နေမိခြင်းတွေ

ပြာကိုမှ ပန်းပု ထုဆစ်နေမိခြင်းတွေ
......................................

မှိုတက်နေတဲ့ ကောက်ရိုးဆီက
စပါးသင်းရနံ့ လေးများ ရဦးမလားလို့ 
လွမ်းလွမ်းဆွေးဆွေး
မွှေးကြည့်နေမိ

လင်းလက်တာရာ
7.12.2017

အသက်ရှူမဝတဲ့ကဗျာ

အသက်ရှူမဝတဲ့ကဗျာ
......................................

တောတောင်တွေဆီသွားမယ်
တောတောင်တွေအဖြစ် ကျင့်ကြံနေထိုင်မယ်

စိတ်တွေကို ပိတ်လှောင်ထားတဲ့ မြို့ကြီးပြကြီးဆီကိုတော့
တောတောင်တွေ လွှတ်လိုက်မယ်

လင်းလက်တာရာ
6.12.2017

Friday, December 1, 2017

မျက်ရည်မြစ်ထဲက ဆောင်း


မျက်ရည်မြစ်ထဲကဆောင်း



ဆောင်းဟာ နှလုံးသားထဲ
၄၅ဒီဂရီ စောင်းကျနေ

ပိတ်မရတဲ့ထီးကလေးတစ်ချောင်းကို
ကြေကြေကွဲဆောင်းထားတဲ့ ဆောင်း

အဝေးကြည့်မှန်ပြောင်းလေးနဲ့ ငယ်ချစ်ဦးရဲ့
သက်တံ့လေးကို ချောင်းကြည့်နေတဲ့ ဆောင်း

မောင်းတင်ထားတဲ့ မျက်စောင်းလေးရှေ့ 
ရင်ကော့ ခေါင်းမော့ ရပ်ချင်နေသေးတဲ့ဆောင်း

အဖြူဆွတ်ဆွတ်တိမ်တိုက်လေးဆီ ရောက်မလားလို့ 
ရေတံခွန်ကို ဆန်တက်နေတဲ့ မိုက်မိုက်မဲမဲ ဆောင်း

အဲဒီဆောင်းပေါ့
ငါ့စိတ္တဇတွေကို ယက်ကန်းယက်နေတာ
ငါ့အထီးကျန်ရွာကလေးထဲ နှင်းမုန်တိုင်းအဖြစ်
လာရောက်အခြေချ နေထိုင်နေတာ

ဟော့ဒီမှာ
ကံမကောင်းအကြောင်းမလှလို့ 
အက်ကြောင်းထခဲ့ရတဲ့ နှင်းမှန်ချပ်လေး အစိပ်စိပ်အမွှာမွှာ

အဲဒီအစိပ်စိပ်အမွှာမွှာနှင်းမှန်ချပ်လေးပေါ်
ကြည်လင်ပြတ်သားစွာ လာပေါ်နေတဲ့ အတိတ်

ဆောင်းဟာ စောင်းသံနဲ့ ချော့သိပ်တာတောင်
မအိပ်တော့

ငါကိုယ်တိုင် ထင်းခြောက် ဖြစ်ပြီး
ငါကိုယ်တိုင် မီးတောက်ဖြစ်နေတဲ့ ဆောင်း

ခိုက်ခိုက်တုန်နေတဲ့ ဒိုင်ယာရီလေးဟာ ငါ
နှုတ်ခမ်းပြာနေတဲ့ ပုံပြင်လေးဟာလည်း ငါပါပဲ အချစ်ရေ

အလွမ်းရင့်ရင့်နှင်းရိုင်းတွေ ရင်တစ်ခင်းလုံးပွင့်နေတဲ့အကြောင်း
မင့်ဆံနွယ်ထဲက ဆောင်းဆီ အီးမေးလ် မဆက်သရက်တော့ပါ

အမှတ်တရနှင်းရည်စက်လေးတွေစုပြီး
သတိရခြင်း ခေါင်းလောင်းလေးတွေထုထားတာ
အခု နာနာကျင်ကျင်မြည်နေရဲ့


လင်းလက်တာရာ


Tuesday, October 31, 2017

SOS

SOS
...............

ငါ့မှာ မရှာဖွေရသေးတဲ့ ရတနာသိုက်တွေရှိတယ်
ငါ့မှာ မရောက်ဖူးသေးတဲ့ နယ်မြေသစ်တွေရှိတယ်
ငါ့မှာ ငါ့ကို အချိန်မရွေးသစ္စာထဖောက်မယ့်
သွေးသောက်ပင်လယ်ဓားပြတစ်ယောက်ရှိတယ်
ငါ့မှာ ငါ့အပေါ် အမြဲကျီစယ်တတ်တဲ့
မုန်တိုင်းမလေးတစ်ယောက်ရှိတယ်
ငါ့မှာ ငါ့အိပ်မက်တွေကို ပုံဖော်ပေးနေကျ
အဖေ့ရဲ့ ကြွက်သားအမြှောင်းမြှောင်း ရွက်လှလှကြီးရှိတယ်
ငါ့မှာ အောင်မြင်မှုတွေဆီ လမ်းညွှန်ပေးနေကျ
အမေရဲ့သံလိုက်အိမ်မြှောင်ရှိတယ်
ငါ့မှာ ငါ့သွေးကြောထဲ ဝင်ရောက်ကူးခတ်ချင်နေတဲ့
အနုပညာဆိုတဲ့ ငါးမန်းတွေရှိတယ်
ငါ့မှာ ငါ့အရှိုက်တည့်တည့်ကို လက်သီးပြင်းပြင်းနဲ့ထိုးချင်နေတဲ့
ရန်သူတော်သန္တာကျောက်တန်းတွေရှိတယ်
ငါ့မှာ ငါ့ကို ချစ်လို့ အာခံတွင်းထဲ ငုံထားချင်တဲ့
လူ့အဖွဲ့အစည်းရဲ့ ပါးစပ်ပြဲပြဲစုပ်ဝဲကြီးတွေရှိတယ်
တစ်နေ့ မှာ ငါ့သွေးသောက်ပင်လယ်ဓားပြတစ်ယောက်က
သစ္စာထဖောက်တဲ့အခါ
ငါ့ ကို အမြဲကျီစယ်တတ်တဲ့ မုန်တိုင်းမလေးက
ငါ့ကို အမုန်းမီးထတောက်တယ်
ငါ့အိပ်မက်တွေကို ပုံဖော်ပေးနေကျ
အဖေ့ရဲ့ကြွက်သားအမြှောင်းမြှောင်း ရွက်လှလှကြီး ပျက်ဆီးသွား
ငါ့အောင်မြင်မှုတွေကို လမ်းညွန်ပေးနေကျ
အမေ့ရဲ့သံလိုက်အိမ်မြှောင် ပျောက်ရှသွား
ရန်သူတော်သန္တာကျောက်တန်းတွေက
ငါ့အရိုက်တည့်တည့်ကို လက်သီးပြင်းပြင်းတွေနဲ့ ထိုးနှက်ကြ
လူ့ အဖွဲ့အစည်းရဲ့ ပါးစပ်ပြဲပြဲစုပ်ဝဲကြီးတွေက
ငါ့ကို အငမ်းမရ ဝါးမြိုကြ
အနုပညာဆိုတဲ့ငါးမန်းတွေက
ငါ့သွေးကြောထဲဝင်ရောက်ကူးခတ်ကြ
ဒီလိုနဲ့ ငါဟာ ရတနာသိုက်တွေကို မရှာဖွေနိုင်တော့
နယ်မြေသစ်တွေဆီ ရွက်မလွှင့်နိုင်တော့
ငါ လား ၊ ငါက ပင်လယ်ကြမ်းပြင်ကို ခေါင်းဦး အိပ်နေရတဲ့ သင်္ဘော
ငါနိုးနေတာကြာပြီ
ငါ့ကို မြန်မြန်တူးဖော်ကြပါတော့

လင်းလက်တာရာ
31.10.2017

ဘဝသစ်ပင်အောက်မှာ ခဏဝင်ရောက်အပန်းဖြေခြင်း

ဘဝသစ်ပင်အောက်မှာ ခဏဝင်ရောက်အပန်းဖြေခြင်း
...............................................................

ပင်စည်မှာ ချစ်ခြင်းတရားနဲ့ ထွင်းထုထားတဲ့
အသည်းပုံသဏ္ဍာန်တက်တူး
နာမည်အတိုကောက် စာလုံးနှစ်လုံး
ပင်စည်အောက်မှာ ကြွေကျနေတဲ့ အိမ်ဝေးသစ်ရွက်ကလေး နှစ်ရွက်
အဲဒီ အိမ်ဝေးသစ်ရွက်ကလေး နှစ်ရွက်ရဲ့ရင်ဘတ်မှာ
ဘောပင်န်နဲ့ ရေးသားထားတဲ့
" ငါတို့ ဘယ်တော့မှ မခွဲဘူး " ဆိုတဲ့ စာသား
အနီးအနားမှာ ထပ်ပိုင်းကျိုးနေတဲ့ ဘောပင်န်
ဘောသီးပြုတ်ပြီး မျက်ရည်မင်တွေပါ ယိုစီးထွက်ကျနေ
ပင်စည်ကနေတဆင့် ထွက်ခွာသွားပုံရတဲ့ ခြေရာနှစ်ရံ
နောက်ယောင်ခံလိုက်ကြည့်မိ
ချောက်ကမ်းပါးတစ်ခုမှာ အဆုံးသတ်နေ

#လင်းလက်တာရာ
31.10.2017

Monday, October 9, 2017

ခြေစစ်ပွဲများ

ခြေစစ်​ပွဲများ
................

မျိုးချစ်​စိတ်​နဲ့ ကန်​ထည့်​လိုက်​တာ
လပြည့်​ညကြီး ဂိုးထဲ ဝင်​သွား

နိုင်​ငံချစ်​စိတ်​နဲ့ ​ခေါင်းတိုက်​ထည့်​လိုက်​တာ
လပြည့်​ညကြီး ဂိုးထဲ ဝင်​သွား

အလင်းဆာ​နှလုံးသားဂိုးပိုက်​​တွေထဲ
လမင်းဝင်းပပကြီး​တွေ တစ်​လုံးပြီးတစ်​လုံး

#လင်းလက်​တာရာ
၁ဝ၊ ၂၀၁၇

အိမ်ဖော်



ခြံစည်းရိုးက သံဆူးကြိုးကြားထဲ ငြိဝင်​ ငုံ့ လျှိုး​နေတဲ့ နွယ်​ညွှန့်​လေးကို
တလူလူ လွင့်​ခွင့်​​ပေးလိုက်​တယ်

နေ​ရောင်​ခြည်​ဆာ​နေတဲ့ ဧည့်​ခန်းထဲက ပန်းအိုး​လေးကို
ဝရန်​တာဆီ​ ​နေရာ​ရွှေ့ ​ပေးလိုက်​တယ်

သူမဟာ အညွှန့်ချိုးခံ​နေရတဲ့ မိန်းမငယ်လေး​​တစ်​​ယောက်
သူမဟာ ​မေတ္တာတရား ငတ်​မွတ်​​​နေတဲ့ နှလုံးသား​တစ်​ခု

လင်းလက်​တာရာ
2-10-2017

Tuesday, September 26, 2017

အချစ်​သီချင်း




🎼 Do 🎼
ထုခွဲ​ချေမွလို့ မရတဲ့ ပုံပြင်​​ဟာ
အိပ်​မက်​​မြေအိုး​လေးထဲက စံပယ်​ရုံ​လေးမှာ ငုံ​နေရှာ

🎼 Re 🎼
စိတ်​ပြတင်း​ပေါက်​​ရှေ့
ဝေ့ဝဲ​ကြွေကျလာတဲ့ အတိတ်​သစ်​ရွက်​​ခြောက်
တဖန်​ ပြန်​လည်​ စိမ်းလန်းလာပုံ

🎼 Mi 🎼
" ငါ့ကို မင့်​ ကြယ်​​မှုန်​ကြယ်​မွှားလေးတစ်​လုံးသာ ​ပေးပါ
မင်းကို ငါ့ ​ကောင်းကင်​ကြီးတစ်​ခုလုံး ပြန်​​ပေးမယ်​ "

🎼 Fa 🎼
ငါးမျှားချိတ်​ သဏ္ဍာန်​ သက်​တံ့မှာ
တဖျတ်​ဖျတ်​ခါနေ​တဲ့ နှလုံးသား

🎼 So 🎼
မျက်​ရည်​တံခွန်​​လေးထဲမှာ မျက်​လုံးနဲ့ မမြင်​ရတဲ့ မြစ်​တစ်​စင်း
သော့ခတ်​ထားတဲ့ ​သေတ္တာထဲမှာ ကဗျာနဲ့ထုဆစ်​ထားတဲ့ လပြည့်​ည

🎼 La 🎼
စကားမ​ပြောတတ်​တဲ့ နားရွက်​​လေးတစ်​ဖက်​ဟာ
ဟိုး အ​ဝေးက စန္ဒရားသံ​တွေဆီ ထွက်သွားတယ်

🎼 Ti 🎼
" ငါ့​သွေး​ကြောထဲ
လှည့်​ပတ်​စီးဆင်း​ရွေ့ လျားနေတဲ့ ဥက္ကာပျံ ဟာ
မင်း အာကာသထဲက​နေ ပဲ့ထွက်​ လွင့်​စင်​လာခဲ့တာ "

🎼 Do 🎼
အသည်းကွဲ စုဗူး​လေးကို ခွဲကြည့်​တဲ့အခါ
မိုး​ရေထဲ ​မျောပါခဲ့ရတဲ့ ​မြေသင်းနံ့ ​လေးရဲ့​ကြေကွဲမှုရယ်
ပင်​စည်​က​နေ ကွာကျခဲ့ရတဲ့ သစ်​​ခေါက်​​လေးရဲ့ လွမ်း​ဆွေးမှုရယ်​ကို
အတူတကွ ​တွေ့ ကြရပါလိမ့်​မယ်


#လင်းလက်​တာရာ
27.9.2017

Thursday, September 21, 2017

ရှိတ်​စပီးယား မကြည့်​လိုက်​ရတဲ့ ပြဇာတ်​ ရှယ်​လီ မဖတ်​လိုက်​ရတဲ့ အချစ်​ကဗျာ

ရှိတ်​စပီးယား မကြည့်​လိုက်​ရတဲ့ ပြဇာတ်
ရှယ်​လီ မဖတ်​လိုက်​ရတဲ့ အချစ်​ကဗျာ
-----------------------------------------------


မင်းနှလုံးသားမှာ
အမုန်းတရားနဲ့ ချည်​ထားတဲ့ ခိုဖြူ​လေးကို
အ​တောင်​ မကျိုးခင်​ ခိုး လွှတ်​​ပေးလိုက်​မိ

အဲဒီအစား
ငါ့မျက်​ဝန်းမှာ ပျိုးထားတဲ့
နှင်းဆီပင်​​လေး​တွေကို နှုတ်​ပြီး
မင်း အဆုတ်​ထဲ ခိုး စိုက်​ထားလိုက်​ပါရဲ့

အချစ်​​ရေ...
သံလွင်​ခက်​ကို ကိုက်​ချီပျံသန်းလာတဲ့
ခိုဖြူ​လေးကို ​တွေ့ရဲ့မဟုတ်​လား
မင်း ဝင်​သက်​ထွက်​သက်​တိုင်းမှာလည်း
နှင်းဆီရနံ့​လေး​တွေ ​မွှေးပျံ့ လာရဲ့မဟုတ်​လား


#လင်းလက်​တာရာ
19.9.2017

ရွက်​စုတ်​ပြက္ခဒိန်​အိမ်​က​လေးထဲ ​နေထိုင်​ခြင်း

ရွက်​စုတ်​ပြက္ခဒိန်​အိမ်​က​လေးထဲ ​နေထိုင်​ခြင်း
-----------------------------------------------------


အရှိတရားက တနင်္ဂ​နွေ မှာ ​ပျောက်​ဆုံး
တနင်္လာ မှာ ဘွားခနဲ​ပေါ်လာ ပြီး​တော့
ဆပ်​ပြာပူ​ဖောင်း​လေး​တွေလို လွယ်​လင့်​တကူ ​ပျောက်​ကွဲသွား အင်္ဂါ
ငွေအ​ကြောင်း ​ခေါင်းမစား​တော့ဘူး ဆိုပြီး
အမြီးလာစား​နေတဲ့ ​ကြောင်​​တောင်​​တောင်​ ဗုဒ္ဓဟူးတစ်​​ကောင်
နေ့ ခင်း​ကြောင်​​တောင်​ကြီး ​မှောင်​လို့ 
အလွမ်းဟာ ခုနှစ်​စဉ်​ကြယ်​​ပေါ် တက်​ချိတ်​​နေ
ပူလွန်းလို့ မျက်​နှာကြက်​မှာ
ချွေးနှင်း​တွေ အထပ်​လိုက်​ တပ်​ဆင်​လိုက်​သူ ဘဝသမား
အ​သွေးအမွှား​လေး​တွေကအစ စကြဝဠာကြီးလို
ခေါင်းထဲ လာပိ​နေတဲ့ ကြာသပ​တေး
ပျင်းရိငြီး​ငွေ့ ဖွယ်​တိုက်​တန်းလျား​ပေါ်က
တွဲ​လျောင်းကျ​နေတဲ့ ကြိုးတစ်​​ချောင်းရဲ့ရယ်​​မောသံ
အမှတ်​တရ​တွေက ဘရိတ်​ဓါးတစ်​​ချောင်းအဖြစ်​နဲ့ 
လက်​​ကောက်​ဝတ်​ကို လာလာ​ချောင်း​နေတဲ့
သောကြာ​နေ့ ညရဲ့ ပရိုဖက်​ရှင်​နယ်​ဖျား​ယောင်းမှု
ခဏတဖြုတ်​ နားခိုသွားတဲ့ ခရီး​လေး​ရေ
အ​ဝေး​ပြေးလမ်းမ​ဘေးက ယာဉ်​ရပ်​နားစခန်း​လေးဟာ ငါပါကွာ
နှလုံးသားမှာ အက်​စီးဒန့်​စ်​​တွေ ခဏခဏဖြစ်​​နေတဲ့ စ​နေ


#လင်းလက်​တာရာ
20.9.2017

Monday, September 11, 2017

ဖန်ပုလင်းထဲက ကြယ်လေးတွေ

#ဖန်ပုလင်းထဲကကြယ်လေးတွေ

ခေါင်းစဉ်မှာ
ကောင်းကင်မရှိဘူး

အိပ်မပျော်သူများရဲ့ အိပ်မက်
ဆူညံပေါက်ကွဲနေသော တိတ်ဆိတ်ခြင်းများ
သေးငယ်မှုန်မွှားလာတဲ့ ဘဝစကြဝဠာ

မြို့ပြဥခွံထဲက
အထူးစီမံပြုလုပ်ထားသော
ငါ ဗဟိုပြုမုန်တိုင်းများ

ပန်းတိုင်မှာ
ပန်းတိုင်းမပွင့်နိုင်

မျက်ရည်အိုင်ထဲ အကြိမ်ကြိမ်ချော်လဲခဲ့သူ
နှလုံးသားတောင်ထိပ်မှာ စိုက်လိုက်တဲ့ အလံဖြူ

စာအိတ်ကို ဖွင့်လိုက်တော့
ပုပ်သိုးနေတဲ့ လေစိမ်းလေး

ယောင်ကိုင်းနေတဲ့ အထီးကျန်ကျွန်းလေးကိုမှ
ဖျားယောင်းသူ ပင်လယ်
ဝင်ခါနီးနေလုံးနီနီရဲ့ ကွန်ဆက်ကျူရယ်အပြုံးပွင့်

ကဗျာဆရာကို  ကဗျာဖတ်သူက
ကဗျာထဲကနေ ကလော်ထုတ်လိုက်တယ်
ကဗျာအခွံချည်းသက်သက် ရွေ့ လျား

မြေမြှုပ်ခံထားရတဲ့ အမှန်တရားဟာ
ခြေတွေ လက်တွေ ထွက်လာ
ကုန်းထလာ လမ်းလျှောက်လာ
ထပ်မံ အသတ်ခံလိုက်ရ

မပျော်ရွှင်ခြင်းဝါးလုံးခေါင်းထဲ လသာနေတဲ့ လ
ပြန်ထုတ်မရတော့ဘူး
အသေ

#လင်းလက်တာရာ
11.9.2017

Tuesday, August 29, 2017

ဝမ်းနည်းမှုအထိမ်းအမှတ်ပျော်ရွှင်ခြင်း

#ဝမ်းနည်းမှုအထိမ်းအမှတ်ပျော်ရွှင်ခြင်း
-

ရှေးရေစက်တွေလို့ အမည်ပေးထားတဲ့
ပန်းချီကား ဘယ်နားရောက်သွားပါလိမ့်
လီလီပန်းတွေ အငွေ့ ပျံ ပန်းထွက်နေပုံ

တွေ့ မိလား
လီလီပန်းတွေ အငွေ့ ပျံ ပန်းထွက်နေပုံ ကောက်ကြောင်းများ

ပျောက်ဆုံးခြင်းကိုယ်တိုင်က
အငွေ့ ပျံ ပန်းထွက်နေတဲ့ လီလီပန်းတွေ ဖြစ်နေတာ

ရှေးရေစက်တွေဟာ မာခဲတောင့်တင်းသွား
အနည်ကျကျောက်တွေအဖြစ်နဲ့ 
ငါ့ကိုလာပြီး ကျောက်ဖြစ်ရုပ်ကြွင်းတယ်

ချစ်ခြင်းမေတ္တာ
အချိန်မရွေးထပေါက်နိုင်တဲ့ မီးတောင်ဝမှာ
အိပ်မောကျ နေရသလိုပါပဲလား

ခါမချလိုက်ပါနဲ့ 
မင်းမျက်တောင်မွှေးလေးတွေပေါ် တွဲလွဲခိုနေတဲ့
ရှေးရေစက်လေးဟာ ငါ

မျက်ရည်မြစ်ထဲ
စုန်ချည်ဆန်ချည် ကူးခတ်နေတဲ့
အလွမ်းရောင် ငါးလေးတစ်ကောင်ဟာ ငါ

နောက်ကျောကို ကဗျာနဲ့ ထိုးသွင်းခံခဲ့ရပြီးကတည်းက
နှလုံးသားက တွန့် ခေါက်တောင်တန်း ဖြစ်သွားတာ
လီလီပန်းတွေ မြုံနေတဲ့ တွန့် ခေါက်တောင်တန်းပေါ့
ရှေးရည်စက်တွေ ငွေ့ ရည်မဖွဲ့ နိုင်တဲ့ တွန့် ခေါက်တောင်တန်းပေါ့

သွေးလက်စဓါးကို မှ
လီလီပန်းအမှတ်နဲ့ နမ်းနေမိခြင်း
စီးနေတဲ့ လျှပ်စစ်ကိုမှ
ရှေးရေစက်တွေလို့ မှောက်မှားမိခြင်း

မင်းရှိနေမလားလို့ 
နောက်ဆုံး တံခါးပေါက်ကို ၄နှစ်လုံးလုံးခေါက်ခဲ့
သစ်ကိုင်းခြောက်လေးတစ်ခုသာ ငါ့နာမည်နဲ့ 
တောက်လောင်နေတာ တွေ့ ရ

ရှေးရေစက်တွေဟာ
လီလီပန်းတွေနဲ့ အတူ အငွေ့ ပျံ ပျောက်ဆုံးသွား
လေထဲမှာ ငှက်တစ်ကောင်အဖြစ်နဲ့ ပျံဝဲနေတဲ့ ပန်းချီကား

မင်းမွှေးထားတဲ့ မီးပုံကိုမှ
ငါ့စိတ်တွေက နှစ်နှစ်ကာကာ ခုန်ချ
အေးမြရပါတယ်

#လင်းလက်တာရာ
25.8.2017

Tuesday, August 8, 2017

စိတ်ပြတိုက်

#စိတ်ပြတိုက်

၁။

စိတ်ဟာ အမြဲတမ်း လွတ်မြောက်နေသူ လို့ 
ဘယ်သူတွေပြောခဲ့ကြပါလိမ့်

၂။

၂၁ရာစုရဲ့ စိတ်ရာဇဝင်လေးတစ်ခုထဲမှာတော့
ကျွန်တော်က စိတ်မင်းသားလေးဖြစ်ပြီး
သူမက စိတ်မင်းသမီးလေးဖြစ်တယ်

၃။

စိတ်မင်းသမီးလေးက စိတ်မင်းသားလေးကို ဖမ်းပြီး
စိတ်ဂူထဲ ထည့်ထားလိုက်တယ်
စိတ်မင်းသားလေးက
အသေပိတ်ထားတဲ့ ဂူနံရံကို ဘာလက်နက်မှမပါဘဲ ဖောက်တယ်
ပေါက်တယ်
မလွတ်ဘူး
နောက်ထပ်ဂူနံရံတစ်ခုဆီ ရောက်တယ်
စိတ်မင်းသမီးလေးက ရယ်တယ်
စိတ်မင်းသားလေးက ဂူနံရံကို ထပ်ဖောက်တယ်
ပေါက်ပြန်တယ်
နောက်ထပ် ဂူနံရံကိုထပ်ရောက်တယ်
မလွတ်မြောက်ပြန်ဘူး
စိတ်မင်းသမီးလေးက တစ်ခစ်ခစ်ရယ်နေပြန်တယ်
စိတ်မင်းသားလေးက အားမလျှော့ဘူး
အထပ်ထပ်ဖောက်တယ်
ဂူနံရံတွေပဲ အထပ်ထပ်တွေ့ တယ်
ဘယ်တော့မှ မလွတ်မြောက်ဘူး
စိတ်မင်းသမီးလေးကတော့ ရယ်နေတော့တာပဲ

၎။

ဒီလိုနဲ့ 
စိတ်နှစ်ကာလတွေကြာပြီးနောက်
စိတ်ညတွေရောက်တိုင်း
စိတ်လရောင်တွေ ရွာတိုင်း
စိတ်ရွာလေးနားက စိတ်ဂူဆီကနေ
စိတ်မင်းသားလေးရဲ့ ဂူနံရံဖောက်သံနဲ့ 
စိတ်မင်းသမီးလေးရဲ့ ရယ်သံလွင်လွင်ကို
စိတ်ခေတ်အဆက်ဆက် ကြားနေရပါသတဲ့

#လင်းလက်တာရာ
3.8.2017

Wednesday, August 2, 2017

ငါးရုပ်

ငါးရုပ်
----------

တိတ်ဆိတ်ငြိမ်သက်နေခြင်းက
အန္တရာယ်ကို အမိအရ ခုန်အုပ် ဟပ်ပစ်လိုက်ဖို့ ။

နိုင်ငံအလံကို ခြုံပြီး
ဆယ်ဖီလာဆွဲနေတဲ့ကောင်ဆီက အညှီနံ့ တွေရတယ်။

ရယ်လိုက်ရင်ထွက်ထွက်လာတဲ့ ငါးမျှားချိတ်တွေ
ငါးရုပ်ကိုမှ စိမ်ပြေနပြေ လာထိုင် မျှားနေခြင်း။

တစ်နေ့ က စုံတွဲခုတ်လာတဲ့ နိုင်ငံရေးဟာ
ဒီနေ့ နောက်တစ်ယောက်နဲ့ ။

ကောင်းကင်ဘုံက ဘုရားသခင်နဲ့ ဆုံဖို့ 
ရေထဲ ခုန်ချသွားတဲ့ ရေပွက်ပမာများ။

သံသရာရဲ့ အလှမွေးဖန်လုံအိမ်ထဲက လူငါးရောင်စုံ
အရိုးချည်းသက်သက်ကူးခတ်နေပုံ။

ရုပ်အစစ်တွေကို ကြည့်ပြီး
ရုပ်တုဟာ ရယ်ရယ်မောမော။


လင်းလက်တာရာ
2.8.2017

Thursday, July 27, 2017

ယောင်ကိုင်းနေတဲ့အရောင်

ယောင်ကိုင်းနေတဲ့အရောင်
-------------------------------

မိုးဥတုရဲ့ ဖက်ရှင်ဟာ အစိမ်း
အစိမ်းဟာ မိုးဥတုရဲ့ လူကြိုက်အများဆုံး အိမ်ကွင်းဝတ်စုံ
မိုးဥတုဟာ အစိမ်းကို ငုံထားတယ်
အစိမ်းဟာ မိုးဥတုကို ခြုံထားတယ်။

မြင်မြင်သမျှဟာ အစိမ်း
တောကြီးမျက်မည်းဟာ အစိမ်း
ကမ္ဘာကြီးရဲ့ ကော့ညွတ်နေတဲ့ မျက်တောင်မွှေးလေးတွေဟာလည်း အစိမ်း
သဘာဝတရားရဲ့ ခေါင်းလျှော်ပြီးစ ဆံနွယ်ရှည်တွေကလည်း အစိမ်း။

စိမ်းလန်းရက်လေခြင်းထဲ
လူတစ်ယောက်ရဲ့ တောင်ရင်ဘတ်မှာ
ကွက်ပြီးလောင်နေတဲ့ ရှို့ မီး
စိမ်းကားရက်လေခြင်းထဲ
ပန်းထွက်နေတဲ့ သွေးစိမ်းရှင်ရှင်။

မင်းအချစ်ရဲ့ ပင်လုံးညွတ်အစိမ်းထဲ
တစ်ရွက်တည်းရွေးခြောက်နေတဲ့ သစ်ရွက်ကလေးဟာ ငါ။

#လင်းလက်တာရာ
27.7.2017

Thursday, July 20, 2017

ရွှေဖြင့်အတိပြီးသော အဝေးက ရယ်သံလေးရေ

ရွှေဖြင့်အတိပြီးသော အဝေးက ရယ်သံလေးရေ
------------------------------------------------------

"သို့ " လို့ လိပ်မူပြီး
ကိုယ့်ကိုယ်ကိုယ် ဆွဲစုတ်လုံးချေပစ်မိ

ရင်ခြစ်ရာများ
အိပ်မက်ကြက်ခြေခတ်များ
အလွမ်းမျက်ဝန်းသောင်ပြင်မှ မျက်ရည်ဆားပွင့်များ

ဘာသာစကားဖြင့် ဖွင့်ဆိုဖို့ မလုံလောက်သော
အနက်အဓိပ္ပါယ်များ

ရုန်းပေမယ့် မလွတ်မြောက်နိုင်သော
သံမဏိလို ပိုးကြိုးမျှင်လေးများ

ပို့ သသော မေတ္တာမှာ
ပျော်ရွှင်ခြင်းတွေ မင့်ဆံနွယ်အပြည့် ဖွေးဖွေးလှုပ် ပွင့်ပါစေသား

သတိရခြင်းထီးတစ်ချောင်းတည်းနဲ့ 
မိုးကြီးမျက်မည်းကို ကျောင်းမယ်

ခေါင်းထဲမှာ ၁၂ရာသီ စိမ်းလန်းနေတဲ့
သံယောဇဉ်တောအုပ်

နေဝင်မိုးချုပ်များနဲ့ ချုပ်လုပ်ထားတဲ့
တစ်ကိုယ်ရည်အထီးကျန် ဆည်းဆာသေ ငါ့ညဝတ်အင်္ကျီ်များ

မယုံနိုင်စရာ
ဒီ ပက်ကြားအက်တွေဟာ
တချိန်က ရေစီးသန်ခဲ့တဲ့မြစ် ဆိုတာ

မယုံနိုင်စရာ
ဒီ ရေစီးသန်နေတဲ့မြစ်ဟာ
တချိန်က ပက်ကြားအက်တွေ ဆိုတာ

နှလုံးသားမှာ
မမြင်ရတဲ့နားလေးနှစ်ဖက် ရှိတယ်ဆိုတာ ယုံလား

တွင်းနက်ကြီးထဲက လွင့်လာတဲ့ ရယ်သံလေးဆီ
မက်မက်မောမော ခုန်ချမိ

ဟော့ဒီ ခပ်တုံးတုံး ဖော့တုံးလေးက
မင့်ရေအောက်မှာမှ တစ်ဘဝစာ နစ်မြုပ်ချင်ပါသတဲ့
ငိုစရာကောင်းလောက်အောင် ရယ်ရတယ်

လင်းလက်တာရာ

Friday, July 7, 2017

မှို

မှို
------------

တစ်နေ့ နေ့ တစ်ချိန်ချိန်တွေကို
ခေါင်းအုံးထဲ အိပ်မက်တွေနဲ့ အတူ ထည့်ထားတာ
မှိုတွေတောင်တက်နေတယ်။

"မှိုတွေ တောင်, တက်နေတယ်"လို့ 
တစ်ယောက်ယောက်က အော်တယ်
အော်သံက အရင်ဘဝက အော်ခဲ့တဲ့ ပဲ့တင်သံလိုလို
ဒီဘဝရဲ့အက်ကြောင်းထဲက ပန်းထွက်လာသလိုလို။

တောင်ပေါ်ကို ဘာ့ကြောင့် တက်နေကြပါလိမ့်
တောင်ပေါ်မှာ ဘာတွေရှိလို့ တက်နေကြပါလိမ့်
မှိုတွေ တောင်တက်နေတဲ့အရပ်ဆီ ငါဘယ်လိုရောက်သွားပါလိမ့်။

တရွေ့ ရွေ့ မှိုအုပ်ကြီးထဲ
မှိုဖြစ်နေတဲ့ ငါ့မိတ်ဆွေတွေကို ငါတွေ့ တယ်
မှိုဖြစ်သွားတဲ့ ငါ့ကိုလည်း ငါ့မိတ်ဆွေတွေက တွေ့ လိုက်ကြတယ်
မှိုအချင်းချင်း သတင်းလွေ့ လွေ့ ပေါင်းဖက်တွေ့ ။

တောင်ပေါ်မရောက်ခင် ပြုတ်ကျသွားတဲ့ မှိုတွေအတွက်
ဝမ်းနည်းကြောင်းငြိမ်သက်ဖို့ အချိန်မရှိ
အလုအယက်ဆက်တက်။

တောင်ပေါ်မှာ ဘာရှိမလဲ
တောင်ပေါ်မှာ ဘာရှိမလဲ။

တောင်ပေါ်ရောက်တော့
အလုအယက် တက်စရာ
ပေါင်မုန့် တစ်ချပ်တစ်လေတောင် မရှိဘူး။

နှလုံးသားတစ်ခုစီရဲ့ အမြင့်ဆုံးတောင်ထိပ်ဆီမှာတော့
မှိုလုံးဝမတက်နိုင်တဲ့ ထူးဆန်းအံ့သြဖွယ်ရာတွေ
သေချာပေါက်တည်ရှိနေပါလိမ့်မယ်။      ။

#လင်းလက်တာရာ
4.7.2017

နာကျင်မှုတွေကို Only Me ထားလိုက်ခြင်းမှာ  ဒဏ်ရာတွေ အနာဖေးတက်လာ

နာကျင်မှုတွေကို Only Me ထားလိုက်ခြင်းမှာ
ဒဏ်ရာတွေ အနာဖေးတက်လာ
________________________________

'တိတ်တဆိတ် ပဲ့ထွက်လွင့်စင်နေရတယ်'
ဆိုတဲ့ စာသားထက် ထက်ရှတဲ့ဓားရှိရင် ပေးပါ
ငါ့နှလုံးသားပေါ်တင်သွေးချင်လို့

ကျကွဲသွားတဲ့ ကြေကွဲမှုတွေကို တစ်စစီပြန်လည်လိုက်ကောက်
ထပ်မံတည်ဆောက်လိုက်တဲ့ ကြွေပန်းအိုးလေးထဲ
မင်းအပြုံးတွေထိုးစိုက်ထားလိုက်တယ်

ဘာရနံ့မှ ထပ်မံပွင့်မလာတော့ဘူး
ဘာရနံ့မှ ထပ်မံပွင့်မလာတော့ဘူး
"ဘာရနံ့မှ ထပ်မံပွင့်မလာတော့ဘူး"တွေပဲ
ထပ်မံပွင့်လာ

သွေးစွန်းသွားတဲ့ အဖြူဆွတ်ဆွတ်ဇာတ်လမ်းလေးကို
အကြိမ်ကြိမ်လျှော်ဖွတ်ပေမယ့်
အနီဟာ အနီအတိုင်း

ငါ့အကိုင်းကနေ မင်းပျံထွက်သွားတဲ့နေ့ကစပြီး
ငါဟာ အလင်းပိတ်သွားတဲ့ ဂူ

စစ်ဘေးဒဏ်သင့်ကျေးရွာလေးအဖြစ်
နေရစ်ခဲ့ရ

ကျောက်သားကို ကျော်ဖြတ်လာခဲ့တဲ့
ရေသောက်မြစ်လေးကိုမှ ဆွဲနှုတ်ပစ်ရက်တယ်

ရက်​ရက်​စက်​စက်​မိုးသားလို စကားလုံးတွေ
ရက်ရက်စက်စက်လျှက်စီးလို မဲ့ပြုံးတွေ
အမုန်းမိုးကြိုးကိုမှ
ချစ်မေတ္တာနဲ့ ကာမိသူပါ

ပြက္ခဒိန်​လေးထဲ
စိတ်ကူးနဲ့ဆောက်ထားတဲ့ အိမ်ကလေး
ရေတိမ်နစ်သွားပုံ

အခန်းထောင့်မှာ
မီးစာကုန်ခါနီး ဖယောင်းတိုင်လေးလို
တိတ်​တိတ်​​လေး အရည်ပျော်ကျနေမိ
ငါ့ကို တတိတိ ကိုက်ဖြတ်စားသောက်နေတဲ့ အလွမ်း

မျက်ရည်နဲ့ငါ
ငါနဲ့မျက်ရည်
နာနာကျင်​ကျင်​ စီးချင်းထိုးနေမိတဲ့ ညခြောက်တွေ

#လင်းလက်တာရာ
ဇွန်လနောက်ဆုံးရက်၊၂၀၁၇

(ခေါင်းစဉ်-လက်ဝဲ)

ဆောင်းပုံပြင်

ဆောင်းပုံပြင်
_________

(က)

ငါက ပုံပြင်
မင်းက ပုံပြောသူ
နားဆင်သူ ဆောင်း

(ခ)

နှင်း
နှင်းတွေ
နှင်းတွေ တဖွဲဖွဲကျ

(ဂ)

ပုံပြောသူမင်းဟာ ခိုက်ခိုက်တုန်
ပုံပြင်ထဲ ထင်းခြောက်တွေထည့်ပြီး မီးလှုံ
ပုံပြင်ငါဟာ ပြာဖြစ်သွား
မင်းအချမ်းပြေရဲ့လား

(ဃ)

တကယ်တော့
ဆောင်းကလည်း အတု
နှင်းတွေကလည်း အတု
ပြာဖြစ်သွားတဲ့ပုံပြင်လေးကသာ အစစ်

(င)

ပုံပြောသူလေးအချစ်ကတော့
ကဗျာတွေတောင် ပြောင်းရွတ်နေရဲ့

#လင်းလက်တာရာ
6.2017

Thursday, May 25, 2017

ကျွန်တော့်ကို တစ်စုံတစ်ယောက် စွန့်ပစ်သွားတာက အစ

ကျွန်တော့်ကို တစ်စုံတစ်ယောက် စွန့်ပစ်သွားတာက အစ
______________________________________



ဘယ်သူများကောက်မလဲလို့ ပလက်ဖောင်းပေါ်မှာ
လူအနင်းခံပြီးစောင့်နေတာပါ၊ အကြာကြီး
လေက ကျွန်တော့်ကို ကားလမ်းမပေါ် တွန်းချလိုက်တယ်
လွင့်သွား။ ကျွန်တော့်ကိုယ်ပေါ် ကားတွေတစ်စီးပြီးတစ်စီး
တက်ကြိတ်သွား။ စွန့်ပစ်ခံလိုက်ရတာလောက်တော့ မနာဘူး
လောကထဲ ပေါ့ပေါ့ပါးပါးရယ်တတ်ဖို့
လေနဲ့ အတူ ကျွန်တော် ပေါ့ပေါ့ပါးပါး ရွေ့ လျား
ဘယ်သူများ ကျွန်တော့်ကို သတိထားပြီး ကောက်မလဲ
ခွေးတစ်ကောင် ကျွန်တော့်ဆီ ပြေးလာ
တို့ထိ၊ အနံ့ခံ၊ ချာခနဲ လှည့်ထွက်သွား
နောက်ထပ်ခွေးတစ်ကောင် အရောင်မွဲမွဲမျှော်လင့်ချက်တွေနဲ့ 
ရောက်လာ။ တို့ထိ။ အနံ့ခံ။ စိတ်ပျက်လက်ပျက် လှည့်ထွက်သွား
ခြေသံတွေကို ကျွန်တော် ကြားနေရတယ်
ကျွန်တော့်ကို ကောက်ပါလို့ ကျွန်တော် အော်တယ်
ခြေသံတွေက ကျွန်တော့် အော်သံကို မကြား
စည်ပင်ကားကြီး ကျွန်တော့် အနားကနေ ဖြတ်မောင်းသွားတယ်
ကျွန်တော့် အော်သံကို မကြား။ မြို့တော်ကြီးရဲ့
လမ်းမထက်မှာ ကျွန်တော် လေနဲ့ အတူ လွင့်နေတယ်
တစ်လွင့်ပြီးတစ်လွင့်၊ လွင့်ကောင်းကောင်းနဲ့ လွင့်နေလိုက်တာ
ရေမြောင်းပုပ်ကြီးထဲပြုတ်ကျဖို့ သီသီကလေး
သည်းထိတ်ရင်ဖို သီသီကလေး၊ သီသီကလေး လွတ်မြောက်လာ
လွတ်မြောက်ခြင်းရဲ့အရသာကို အရသာတွေ့ လာ
လေနဲ့ လွင့်နေရတာကို ခိုက်လာ
မြို့တော်ကြီးထဲ လွင့်နေရတာကို ပျော်လာ
ဘယ်သူမှ ကျွန်တော့်ကို မကောက်တော့ဘူးလား လို့ ဝမ်းနည်းလာ
တစ်ယောက်ယောက်များ ကျွန်တော့်ကို ကောက်ဦးမလားလို့
ပြတ်လုပြတ်ခင် မျှော်လင့်ကြိုးကလေးကို ထပ်ဆက်နေ
ရုတ်တရက် ၊ လေကြမ်းကြမ်းကြီး စောင့်ဝင်လာ
မြို့တော်ကြီးပါ တုန်ခါသွား၊ ကျွန်တော်လည်း
ဇောက်ထိုးမိုးမျှော် ဒလိမ့်ခေါက်ကွေး လွင့်စင်သွား
တစ်လွင့် ပြီး တစ်လွင့်၊ စွန့် ပစ်ခံလိုက်ရတာလောက်တော့
မနာဘူး၊ တစ်လွင့်ပြီးတစ်လွင့်၊ သတိဝင်လာတော့
သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ကျွန်တော်ငြိနေတယ်
အဲဒီကတည်းက သစ်ရွက်တွေ မရှိတော့တဲ့ သစ်ကိုင်းမှာ
သစ်ရွက်ယောင်ဆောင်ပြီး နေလာခဲ့တာ
သစ်ရွက်တွေ ပြန်လည်စိမ်းလန်းလာတဲ့ ခုချိန်အထိ။


လင်းလက်တာရာ
14.9.2014
(အော်သံမဂ္ဂဇင်း၊ အမှတ်၁၊ ဧပြီ၊ ၂၀၁၅)

လူဦးရေ သန်း ''         ''  ကျော်ဆံ့တဲ့ FORM ထဲ ''         '' တွေ ရိုက်သွင်း

လူဦးရေ သန်း ''         ''  ကျော်ဆံ့တဲ့ FORM ထဲ ''         '' တွေ ရိုက်သွင်း
____________________________________________



မျက်တောင်အဖွင့်အပိတ်ထဲမှာ ' မိမိအမြင်' ဖြည့်ပါ
' မိမိအမြင် ' ဟု ဆိုရာမှာလည်း သူတပါးအမြင်လည်း ဖြစ်နိုင်ပါတယ် ထည့်ပါ
ကျော်မကောင်းကြားမကောင်းကြီးကို နားတောင်းပန်
ခေါင်းပေါ်ရွက် ပခုံးနဲ့ ထမ်း လက်ဆင့်ကမ်း သယ်ဆောင်
ကျောသားရင်သားခွဲခြားတာမဟုတ် ၊ အရွေခွံ ခွာစုတ်တာပါ ဟက်ဟက်
အစပ်အဟပ်ဆိုတာ ဘဏ်ကဒ်ထဲကနေ အသစ်ကျပ်ချွတ်ကြီး
မီးဖွားလာတာတော့ ဘယ်ဟုတ်မလဲ၊ ဟုတ်လည်း ဟုတ်နိုင်ပါတယ်
တုံးအောက်ကဖား ပြားတဲ့ဖားလည်း ပြား ဖောင်းတဲ့ဖားလည်း ပြား အာဟ အာဟ
အာ !  ဟ နေပြန်ပြီ အတ္တဘောကြီးကို ပြန်စေ့
' ငါ ' ဟာ ဖဲ့ထုတ်လှီးဖြတ်ဖို့ ခက်တဲ့ အသားပို / လား
' ငါ '  ဟာ ဗိသုကာတစ်ခုလို မဟာမိတ်နည်းပညာနဲ့ 
ပေါင်းစပ်တည်ဆောက်ထားတဲ့ ကဝိပစ္စည်း / လား
' ငါ ' ဟာ ဗိုင်းရပ်စ်ကူးစက်ခံ စိတ်ဆဲလ် အဖွဲ့ အစည်း / လား
ဒီဆက်တင်ကြီးကိုပဲ မရိုးနိုင် မအီနိုင် တင်ဆက် ပြသ ဖတ်ရှု ခံစား သုံးသပ်
ကဗျာဟာ ထိုးသွင်းဒဏ်ရာ ''         '' ချက်နဲ့ သွေးအိုင်ထဲ လဲနေတယ်
ဒီမျက်တောင် အဖွင့်အပိတ်ထဲမှာလည်း အရေအတွက် ကွဲပြားခြားနားနိုင်ပါတယ်
ကွဲပြားခြားနားခြင်းမှ ဗူးပေါ်သလို ပေါ်လာသူ သက်တံ့ကလေး
မျက်တောင် အဖွင့်အပိတ်ဆိုသည်မှာ '' မျက်တောင် တဆုံး ' ဖွင့်' ကြည့်ပါ
မျက်တောင်တစ်ခတ် ' ပိတ်' မကြည့်ပါနဲ့ ''
ဘာသာစကားရဲ့ အရပ်ဒေသအသီးသီးမှ ယဉ်ကျေးမှု အမျိုးမျိုး
အဖူးအငုံအပွင့် အသီးအစေ့အညှောင့် သစ်မြစ်သစ်ဥသစ်ဖု
အကိုင်းအခက်အလက်အရွက်အညွှန့် စသဖြင့်
မြစ်ပွားနာဟာ မြေသားနက်နက်ထဲကို အဝီစိတွင်းတူးသလို တဂီးဂီး
သတ္တုရောင်ပြောင်လက်လက် အာဏာမိလ္လာကြောကြီး ပန်းထွက်လာ
ရယ်စရာ ကင်မရာ ၃၆၀ ဝတ်ဆင်ထားတဲ့ မျက်နှာတွေ   ခွိခွိ
ရန်ကုန်စပယ်ယာလို  ဗြစ်ခနဲထွေးလိုက်တဲ့ ကွမ်းတံတွေးဟာ အချစ်လား
လှိုင်းသံကြားလို့ ဝင်ခါနီး နေလုံးနီနီကြီးကိုပါ ကြက်ဥလို ကြော်ပစ်လိုက်တယ်
ဒီနေရာမှာ အတွေးကို ကစားမယ်
နေလုံးနီနီကြီးကို ကြက်ဥကြော်ထဲက ပြန်ထုတ်မယ်
အနောက်မိုးကုတ်ကနေ အရှေ့ စက်ဝိုးဆီ အိပ်စ်ပို့ စ် ပြန်လုပ်မယ်
ပြန်ယူမယ် ပြန်ပို့ မယ် ဝင်ချည်ထွက်ချည် လုပ်ခိုင်းမယ် တန့် ခိုင်းမယ်
မောရင် နေလုံးနီနီကြီးကို ခွ စီးပြီး မြက်ခင်းစိမ်းစိမ်းမှာ ကျောင်းမယ်
နောက်၊ အော်ချင်တာတွေကို အော်ပြီး ပုလင်းထဲစုထည့်
အဖုံးလုံအောင်ပိတ်၊ လှိုင်းသံတွေ ရှိရာ ပစ်ထည့်လိုက်ရုံပါပဲ
ရေသူမတောင် အိပ်မက်ထဲ ခွေခေါက်ပါလာနိုင်ပါတယ်
ငါးမျှားတွေဟာ လျှာတွေဆီ မလာတော့ဘူး၊
လျှာတွေကပဲ ငါးမျှားတွေဆီ သွားရည်တမြားမြား သွားတွား
အခန်းတံခါးကို ရုတ်တရက်က လာခေါက်မှ  စားပွဲပေါ်
မျှော်မှန်းလစာတွေ ကျန်ခဲ့တာ သတိရတယ်၊ သူ့ နည်းဗျူဟာထဲမှာ
ကိုယ့်ရိုးရိုးသားသား VIEW တွေ တိမ်းစောင်းမှောက်ကုန်တယ်
လက်ဖဝါးထဲ မီးပွားတွေ ထည့်ချေမိတဲ့အထိ ကူးမိတဲ့စိတ်
စကားလုံးတွေကိုထမ်းပြီး ဟိုဘက်ကမ်းမှ သည်ဘက်ကမ်းသို့ ကူးမိတဲ့စိတ်
ဆံပင်တွေ ဒုစရိုက်ရှည်လာတယ် လက်သည်းခြေသည်းတွေ
ကတ္တရာလမ်းမကြီးလို ဆန့် ထွက်လာတယ်
တိုတိုဝင်နေတဲ့ ပူပူနွေးနွေး ဖင်စီခံ လူ့ ဘဝလေး
တဖြည်းဖြည်း အဖြူထည်လေး လုံးပါးပါး ပျောက်ကွယ်သွားပုံလေးကို
ကွန်ပျူတာထဲထည့် စခရင်ပေါ် ဖြဲယဲရှာ
ခေတ်စနစ်အဆင့်မြင့် အဆောက်အအုံကြီးအတွက် လူသားတွေဟာ
အုတ်ကြားညပ်နေတဲ့ သဲတွေ ၊ သစ်ခွဲရုံပါးစပ်ပြဲကြီးထဲက လွှစာမှုန့် တွေ
' ရှဥ့်လည်းလျှောက်သာ ပျားလည်းစွဲသာ' ကို ပင်စည်ကနေ ကိုင်လှုပ်ကြည့်တယ်
' ရှဥ့်လည်းကိုက်တယ် ပျားလည်းတုတ်တယ်' တွေ ကြွေကျလာတယ်
မစင်လူးထားတဲ့လက်ကြီးနဲ့ ငါတို့ မြစ်ကို လာမခူးနဲ့ 
နာဆာက မြင်နိုင်ပါတယ် နာဆာက မမြင်နိုင်ပါဘူး
အိမ်တွင်းရေးအရှုပ်ထုပ်ကြီးကို မိတ်ကပ်ထူထူလိမ်းပေးပြီး
ဘာရတု ညာရတု စင်ပေါ် ခပ်တည်တည် တင်ပေးလိုက်ကြတယ်
လက်ခုပ်သံတွေဟာ လက်ခုပ်ထဲက ရေတွေပေါ့
တည်ခင်းဧည့်ခံထားတဲ့ ညစာထဲမှာ
ကြက်အသည်း ဝက်အသည်းတွေ /မဟုတ်ဘူး
ခြေသည်းလက်သည်းတွေ

လင်းလက်တာရာ
1.8.2013
(Faces မဂ္ဂဇင်း ၊နိုဝင်ဘာ၊ ၂၀၁၃)

စေချင်ပါတယ် စေချင်ပါရဲ့လား

စေချင်ပါတယ် စေချင်ပါရဲ့လား
_______________________

´အိပ်မက်ကကြိုး' ကို အိပ်မက်က ' ကြိုး' လို့ 
အဓိပ္ပါယ်လုပ်ယူ မွေးမြူလိုက်ပါတယ်
အိပ်မက်က ' ကြိုး' ဟာ ဘလိုင်းကြီး ဝင်တိုးတယ် လာငြိတယ်
လာပတ်တယ် တစ်ရစ်ပြီးတစ်ရစ်
ဘာကြိုးလဲဆိုတော့ အီလက်ထရစ်ရှော့ခ်
စပေါ့တွေ ပြွတ်ခဲပိတ်ကျပ်ထူပိန်းနေတဲ့ မြို့ပြဖန်သားပြင်ကြီး
စိတ်ရှည်ရှည် လှန်း/ လှမ်းထားတဲ့ ရင်လင်းတန်းမှာ
ထူးမခြားနားတွေ လာနားနေတယ် နားပါစေ
ဒဲ့ရှူးဝါးကြီး လွမ်းနေတဲ့ ကိစ္စဝိစ္စ
အသံ အသံချင်း ချစ်/ ခြစ်မိရာကနေ မီးပွားတွေ မွေးဖွား
ညာဘက်နားက သူ့ ဘာသာစကားကို နားထောင်
ဘယ်ဘက်နားက သူ့ ဝေါဟာရတွေ ဆာလောင်မွတ်ငတ်
နှလုံးသားမှာ နားလေး နှစ်ဖက်ရှိတယ်
မတည်မြဲခြင်းပဲ တည်မြဲပါတယ်လို့ 
မတည်မြဲခြင်းက တည်မြဲခြင်းကို ပြောပါတယ်
သိသိကြီးနဲ့ မိုးလင်း သိသိကြီးနဲ့ မိုးချုပ်
သွေးစိမ်းရှင်ရှင်တောအုပ်နဲ့ ကမ္ဘာ
ခင်ဗျားကရော သစ်တစ်ပင်လား သစ်ခွဲစက်လား
စိတ်ထဲ ငှက်တစ်သောင်းထည့်ကြည့်တယ် ချောင်နေတယ်
ချောင်လည်ချင်ပါတယ် ပြေလည်ချင်ပါတယ်
ချောင်လည်စေချင်ပါတယ် ပြေလည်စေချင်ပါတယ်
လူသားအားလုံးကို အုံးမလွဲစေချင်ပါ အုံးမစားစေချင်ပါ
'ချင်' ထက် 'စေချင်' ကို ကျွန်တော် ပိုချစ်ပါတယ်
မိတ်ဆွေတို့ ကိုလည်း ပိုချစ် စေချင်ပါတယ်
အဆီတစ်ထပ် အသားတစ်ထပ် လောက
အဆီတဝင်းဝင်း သဲတရှပ်ရှပ် လူ့ ဘုံ
ရေကြည်ရေနောက် ရောတယ် ရေကြည်ရေနောက် မရောဘူး
ဒီလိုအတူတကွ ယှဉ်တွဲစီးဆင်း
ဆင်းရဲခြင်းဟာ ဆတ်ဆတ်လူးပြီး ချမ်းသာခြင်းဟာ ဆတ်ဆတ်ခါ နေတာပါပဲ
ကွာလား ဘာကွာလဲ ဘယ်လောက်ကွာလဲ
အဆင့်အတန်းခွဲယူနိုက်တက်အက်ဖ်စီမှ အမျိုးသားကောင်းဘောကောက်
ဘာစီ လည်း အနိစ္စ ဒုက္ခ အနတ္တ
မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတများ
အမြန်လစ်  အမြစ်လှန်ခံရခြင်း
အခွံချည်းသက်သက် မြေပုံ
နိုင်ငံတော်ကြီးကို သာယာဝပြောစေချင်ပါတယ်
ပြည်သူတွေကို စိတ်ချမ်းသာစေချင်ပါတယ်
တိရစ္ဆာန်ရုံထဲက ပြန်လာတော့ အပျော်ဘယ်လောက်သား ပါလာသလဲ
တိရစ္ဆာန်ရုံထဲက ပြန်လာတော့ အပျော်ဘယ်နှပိဿာ ကျကျန်ခဲ့သလဲ
လွတ်လပ်မှုအရသာကို သက်ရှိအားလုံး အရသာစေချင်ပါတယ်
ူလူမျိုးတုံးသတ်ဖျက်မှုတွေ စစ်ပွဲတွေ သွေးမြစ်သက္ကရာဇ်တွေ
သန္ဓေပျက်ကျ စေချင်ပါတယ်
' စေချင်' တွေ မများသေးပါဘူး နည်းပါသေးတယ် နည်းပါးသေးတယ်
ခင်ဗျားဆီမှာရော စေချင်တွေ ဘယ်လောက်များများရှိလဲ
'စေချင်' တွေကို Share ပေးပါ
'စေချင်' တွေကို Like လုပ်ပါ  လိုက်လုပ်ပါ
ကဗျာရေးသူဟာ စာသားမွေးမြူရေးလုပ်ငန်းရှင်ပဲ
ကြက်ဝက်တွေလိုတော့ မရောင်းဘူး မသတ်ဘူး
စိတ်ခင်းစိမ်းစိမ်းမှာ ကျောင်းတယ်
ပြတင်းပေါက်တွေ ဖွင့်ပြီး ကျောင်းတယ်
ခင်ဗျားလည်း ' စေချင် ' တွေ မွေးမြူပါ
ကျွန်တော်လည်း ' စေချင်' တွေ မွေးမြူမယ်
မွေးမွေးခြင်းတော့ ' စေချင်' တွေ ဘယ်ပါလာပါ့မလဲ
ဒီလိုပဲ မွေးမြူရတာပေါ့  လုပ်ယူရတာပေါ့
ဒီအရေးအသားကိုလည်း လုပ်ယူမွေးမြူလိုက်ပါတယ်
ကဗျာသူကဗျာသားအပေါငိးတို့ ခင်ဗျား

လင်းလက်တာရာ
5.8.2013

( ခေါင်းစဉ်ပေးသူ သစ္စာမင်းအိမ် ရဲ့ ' အိပ်မက်ကကြိုး' ကို စီးမျောရေးသားခြင်း)

Tuesday, May 23, 2017

ပန်းဆိုးတန်း၊ ကျိုက်​ထီးရိုးတောင်ပေါ်နဲ့ မြစေတီကျောက်စာ

ပန်းဆိုးတန်း၊ ကျိုက်​ထီးရိုးတောင်ပေါ်နဲ့ မြစေတီကျောက်စာ
___________________________________________

ကွန်ဆက်ကျူရယ်ဆန်ဆန် ချိတ်ဆက်မိ ၊
ကျောရိုးဆစ်တွေလို ပြုတ်ထွက်မသွားမီ
ရှေးရေစက်ကို မျက်ကြည်လွှာထဲထည့်မိတော့
မြင်မြင်သမျှဟာ ရှေးရေစက်တွေချည်းပဲ
အရသာမဲ့မဲ့မော့ကြည့်ခဲ့ရတဲ့ တိမ်တွေကို အရသာရှိရှိ ငုံ့ကြည့်
ကြေကြေကွဲကွဲ မော့ကြည့်ခဲ့ရတဲ့ တောင်တွေကို ပျော်ပျော်ရွှင်ရွှင် ငုံ့ကြည့်
ရိုလာကိုစတာဘဝသံသရာ၊ သမိုင်းထဲက ရာဇကုမာရမှတဆင့် လှည်းတန်း
လှည်းတန်းမှတဆင့် ကွန်တမ်ပိုရာရီပန်းဆိုးတန်းဆီ
ကျီးပါးစပ်လိုဏ်ဂူထဲ မျှော်လင့်ခြင်းအကြွေစေ့တွေပစ်ထည့်
ပြန်ကျလာ၊ လိုက်ကောက်၊ မဝင်မချင်းပြန်ပစ်ထည့်
နောက်ဆုံးမျှော်လင့်ခြင်းအကြွေစေ့ဟာ ငါဖြစ်နေ
မင်္ဂလာပါ နေရောင်အောက်မှာ ရွှေတောင်ကြီးပေါက်နေပါသောပုဂံ
Google map ကိုဖွင့် E-bike တစ်စီးနဲ့ ရွက်လွှင့်
ရွှေစည်းခုံ၊ ထီးလိုမင်းလို၊ မင်းအိုချမ်းသာ၊ ဗူးဘုရားနဲ့ တန့်ကြည်တောင်
အငေးထဲ သောင်ထွန်းနေတဲ့ ရာဇဝင်များရဲ့အိမ်ရှေ့စံမင်းသား ဧရာဝတီ
သမိုင်းနဲ့ယဉ်ကျေးမှုရနံ့တွေ သင်းနေအောင်ရိုက်ထားတဲ့ ဆယ်ဖီ
သစ်ရိပ်ဝါးရိပ်နဲ့ တရားဓမ္မဆီ၊ လူငယ်နဲ့ လွတ်လပ်ပျော်ရွှင်မှုဆီ
ရန်ကုန်ဆီမှ ကုန်းထရုန်းကြွနေတဲ့ ဒီမိုကရေစီ၊
လောကဓံဒဏ်ရာအနာတရတွေထဲ စိမ့်ဝင်အောင်လိမ်းဖို့
ကျိုက်​ထီးရိုးတောင်ပေါ်က တောင်ဆိတ်ဆီ
စစ်ရောစစ်ရဲ့လား စစ်ရောစစ်ရဲ့လား၊ စစ်တွေကတော့အစစ်တွေပါပဲ၊
ကျန်စစ်သားလိုဏ်ဂူတော်ထဲက နံရံဆေးရေးဟာ ချစ်ခြင်းတရားထဲထိ လာရေး
ဘဝအသိအမြင်တွေထဲထိ လာရေး၊ တကယ်ပါ
မင်းနှလုံးသားထဲက Sunset ကိုမြင်ရဖို့ သုံးနှစ်သုံးမိုးစောင့်ခဲ့ရတာ
မင်းနှလုံးသားထဲက Sunset ကို
သုံးမိနစ်စာလောက်မြင်ရဖို့ သုံးနှစ်သုံးမိုးစောင့်ခဲ့ရတာ
မျက်ဝန်းချောက်ကမ်းပါးကနေ ရှေးရေစက်တွေ
တစ်စက်ပြီးတစ်စက် ခုန်ချသွား

လင်းလက်တာရာ
28.4.2017

Tuesday, May 16, 2017

Live လွှင့်ခြင်း

Live လွှင့်ခြင်း
____________

လူ့ အဖွဲ့အစည်းထဲ
လူမျိုးမရွေး၊ ဘာသာမရွေး
မြင်မြင်သမျှလိုက်add နေပုံပဲ

ထူးဆန်းတာက ငါလည်း မ add  ငါလည်း accept မလုပ်မိဘဲ
ငါ့ friends list ထဲ ဘယ်လိုဘယ်ပုံ ရောက်နေမှန်းမသိ
ဒီထက်ပိုထူးဆန်းတာက
ငါ့ friends အားလုံးဟာလည်း သူ့  friends ဖြစ်နေ

နေ့စဉ်ရက်ဆက် ကြောက်မက်ဖွယ်ရာ Posts တွေ
အဆက်မပြတ်တင်တယ်
တချက်တချက် သည်းထိတ်ရင်ဖိုတွေ
လှမ်းလှမ်း tag တယ်

အခုလည်း နိုတီတက်လာ
ခင်ဗျားတို့ဆီမှာလည်း နိုတီတက်လာမှာပဲ
ဖွင့်ကြည့်မိသေးလား

လူလုပ်ငရဲက သွေးအေးအေးနဲ့ Live လွှင့်နေတာ
လူ့အဖွဲ့အစည်း ထဲ
လူလုပ်ငရဲက သွေးသံရဲရဲ Live လွှင့်နေတာ
ခင်ဗျား Like မိသေးလား

သူ့ကို လူ့အဖွဲ့အစည်းထဲကနေ Block ဖို့ ကြိုးစားကြတယ်
ခက်တာက သူ့ကို Block လို့မရ


လင်းလက်တာရာ
16-5-2017
(မင်းဘုန်းနိုင် ပေးတဲ့ခေါင်းစဉ်ကိုရေးပါတယ်)

Tuesday, May 9, 2017

သိစိတ်တစ်ခုလုံးနဲ့ အာရုံစိုက်ပြီးစကားပြောနေတာ  အချိန်တော်တော်ကွာလာတော့

သိစိတ်တစ်ခုလုံးနဲ့ အာရုံစိုက်ပြီးစကားပြောနေတာ
အချိန်တော်တော်ကွာလာတော့
_________________________ လင်းလက်တာရာ

ရေ+မြေ+ခြား= ရွက်ခြောက်သစ်ပင်
ရွက်ခြောက်သစ်ပင်မှာတစ်ရွက်တည်းစိမ်းလဲ့နေသော အသံတိတ်ဆည်းလည်း
ရီဆိုင်ကယ်အလွမ်းမိုးသားတွေ ငါ့တစ်နေရာတည်းကွက်ပြီး
ထစ်ချုန်းနေလို့ မင်းရင်ခွင်ထဲ ဝင်နေလို့ရမလား
ရေဆိုးမြောင်းထဲပေါလောမျောနေတဲ့
စိတ်ကောင်းစိတ်သန့်လေးကို ဆယ်ယူလိုက်တယ်
ငါ့နှလုံးသား မှာတပ်ဆင်ထားတဲ့ CCTV ထဲက မျက်နက်ဝန်းလေး
သက်တံ့ကို ထပ်ပိုင်းချိုးပြီး သူ့ အိပ်မက်ထဲ ထိုးစိုက်ပစ်လိုက်တယ်
သူ့သွေးပြန်ကြောထဲ တောက်ပနေတဲ့ ဥက္ကာပျံဟာ ငါလို့
ထင်ယောင်ထင်မှား လင်းမိ
ငရဲဟာ လူ့အဖွဲ့အစည်းထဲမှာ လာရောက်နေထိုင်
လူတွေကိုသူ့ခြေထောက်ကြီးနဲ့ လိုက်လံနှုတ်ဆက်
ယဉ်ကျေးပြီး ပေါင်းသင်းဆက်ဆံရေးပြေပြစ်တဲ့ ထောင်ချောက်
ခါးထောက်မောက်မာနေတဲ့ ပိုက်ဆံ ကို ဦးညွတ်ဝပ်ကျိုးနေရသူများ
အခါးချည်းသက်သက်တစ်လိုင်း
အဆိပ်ချည်းသက်သက်တစ်ပုဒ် အနာချည်းသက်သက်တစ်ရုပ်ရှင်
တရုတ်တွေရှင်နေပုံမှာ ဘယ်သူတွေဟာ အသေ
ဘယ်သူတွေဟာ မသေမရှင်
အခက်အခဲတွေတစ်လိပ်ပြီးတစ်လိပ်ထိုင်ဖွာနေတာ
ဒွါရခြောက်ပေါက်ထဲကနေ အခိုးတလူလူထွက်လို့
အဲဒီအခိုးတလူလူတွေဟာ အထီးကျန်တိမ်တိုက်ကလေးအဖြစ်နဲ့
အဝေးကရွာကလေးဆီ သွားရွာလို့
သိစိတ်နဲ့မသိစိတ်ကြားက ဟ နေတဲ့ နေရာလွတ်ကလေးထဲမှာတောင်
နေရာယူထားနိုင်သူလေး
အာရုံထဲ အရုဏ်တွေ စိုက်ထားလိုက်တယ်
အရုဏ်ထဲ အာရုံတွေ မီးထထတောက်တယ်
ဆေးကြောသန့်စင်ထားတဲ့ စိတ်ဟာ လူညှီအိုင်ထဲ ချော်လဲ
ပြီးတော့ ရောထိုင် ပုထုဇဉ်​ချော်ရည်ပူတွေ
အိမ်တွင်းရေးထဲ ပေါက်ကွဲနေတဲ့ မီးတောင်
မိသားစု၊ ချစ်မေတ္တာ၊ အဝေးကျွန်း၊ အော်သံအကျိုးအပဲ့
သဘောင်္ကိုခါးခါးသီးသီး ခုတ်မောင်းနေတဲ့မြစ်၊
ပင်လယ်ထဲဝင်သွားပြီး ပြန်ထွက်မလာသေးသော ကြယ်တံခွန်
ဓါးစက်ထဲပါသွားတဲ့ လက်ချောင်းလေးတွေလို မဆုံစည်းရခြင်းများ
နာမည်မှား ဆိုက်ကပ်လာတဲ့ စာတွေ
ဆာတယ် ဆာတယ်
'စိတ်အဟာရတွေဆာတယ်' ဟာ ဒီခန္ဓာရဲ့အိမ်ပါပဲ
သစ်ကိုင်းခြောက်ထပ်ပိုပြီး ပိန်လှီခြောက်ကပ်နေရသော
တစ်ကိုယ်တော် ဆင်ဖိုနီညများ
တစ်ရွက်တည်းစိမ်းလဲ့နေတဲ့ အသံတိတ်ဆည်းလည်းလေး
ကြွေကျသွားပုံ စလိုးမိုးရှင်း

လင်းလက်တာရာ
9-5-2017

(ခေါင်းစဉ်- ညီမိုးဆွေ)

Sunday, May 7, 2017

ရွေ့လျားစရာဆိုလို့ ငရဲ ရပ်ငေးစရာဆိုလို့ ကောင်းကင်

ရွေ့လျားစရာဆိုလို့ ငရဲ ရပ်ငေးစရာဆိုလို့ ကောင်းကင်
_____________________________________

ဟု
တခြားသူတူးဖော်ထားသော
ဂတ်စ်ငွေ့နှင့်တူသည့် ခေါင်းစဉ်အား
မိမိနှလုံးသား၏ ခေါင်းပေါ်၌
ကဗျာမဆန်စွာ တင်ထားလိုက်၏
သင်
ကဗျာဆန်ဆန် မီးရှို့လိုက
ရှို့နိုင်သည်

လင်းလက်တာရာ
8.5.2017

(ခေါင်းစဉ်-ရဲရင့်လမင်း)

Wednesday, May 3, 2017

အိုးထရက်​ဖို့ဟာ ငါ့လူငယ်ဘဝရဲ့ကျောပိုးအိတ်ထဲမှာ

အိုးထရက်​ဖို့ဟာ ငါ့လူငယ်ဘဝရဲ့ကျောပိုးအိတ်ထဲမှာ
_____________________________________

မြက်ခင်းစိမ်းမြကို ငါ့ဂြိုဟ်ရံလပေါ် စိုက်ပျိုးကြည့်တယ်
WOW စိမ်းစိုစိမ့်လဲ့။ ဧရာဝတီဟာ ငါ့ပါးပြင်ပေါ်က မျက်ရည်စီးကြောင်း။
အာရှတိုက်ကို အိပ်မက်ထဲရွှေ့ကြည့်တယ်
မဆံ့လောက်ဘူးထင်ထားတာ ချောင်တောင်နေသေး။
ကြိုးတန်းမှာ ချိတ်နဲ့တွယ်ပြီးလှန်းထားတဲ့ ရေခဲတောင်ကို ယူပြီးဝတ်လိုက်တယ်
နွေးနေတာပဲ။ ကြယ်တွေဟာ ငါ့တောအုပ်။
ငါ့တောအုပ်ထဲက ရေတံခွန်ဟာ ခင်ဗျားဆီကတူးယူလာတဲ့
ကန္တာရလွင်ပြင်။ အာရပ်နွေဦးဟာ ဟော့ဒီမိုးရေစက်တွေပေါ့။
လွတ်လပ်ရေးကျောက်တိုင်ဟာ ဒုံးကျည်ဖြစ်သွားပြီး
ဗုံးခိုကျင်းဟာ သမိုင်းပြတိုက်ဖြစ်သွားတယ်
တရုတ်ပြည်က လျှာနက်ကြီးဟာ ငါတို့ကို လှမ်းလှမ်းလျှက်တယ်လို့ ငါတွေးတယ်
ငါ့အတွေးဟာ သီလဝါဆိပ်ကမ်းမှာကုန်ထမ်းနေတဲ့ ရိုဒင်ရဲ့ရုပ်ထုဆီမှာ ရပ်သွား
ရပ်တယ်ဆိုတာ သွားတာ ။ အသားစိုင်တွေဟာ မာရီလင်မွန်ရိုးရဲ့ ဂါဝန် လို လွင့်လို့
ပင်လယ်ဟာ နှစ်ချို့ဝိုင်၊ အမြည်းက နေလုံးနီနီ
မီယာမီကမ်းခြေက သဲပွင့်လေးတစ်ပွင့်ဟာ ငါ့ဆံခြည်မျှင်
ကျားသားရည်ပေါ်မှာ အမေဇုန်တောအုပ်တက်တူး။ တိရစ္ဆာန်​ရုံဟာ လူလုပ်ထောင်
တောင်အမေရိက ဘော်လုံးစကေးတွေ အငွေ့တလူလူထွက်နေတဲ့ သောက်လက်စကော်ဖီ
ငါတည်ဆောက်နေတာ ပဲရစ်မျှော်စင်မဟုတ်
ပဲရစ်မျှော်စင်ရဲ့ထိပ်ဖျားမှာ ခြေဖျားထောက်ရပ်နေတဲ့ကဗျာ

လင်းလက်တာရာ
3.5.2017

Tuesday, May 2, 2017

သူ့ကိုနားနားပြီးဖတ်

သူ့ကိုနားနားပြီးဖတ်
---------------------------

သူ့နှလုံးသားအမြန်လမ်းမပေါ်မှာ ယာဉ်​တိုက်​မှုတွေခဏခဏဖြစ်တယ် လို့
အဖွင့်စာမျက်နှာမှာ ထင်​ထင်​ရှားရှား ရေးထားတယ် AB သွေးနဲ့
ခြံထွက်သီးနှံလေးတွေကိုချစ်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ရိတ်သိမ်းနေတုန်း
ဝုန်းဆို အခါလွန်ဒုက္ခတရားတွေ ရွာလာ
မပျော်ရွှင်မှုပန်းပင်လေးပေါ် ရန်ကုန်နဲ့မန္တလေး တပြိုင်နက် ပွင့်အာနေတယ်
ပွဲပျက်​သွားပြီ ကို တံစို့ထိုး ကင်စားနေတဲ့ ပွဲတော်
ပြည်တွင်းစစ်ထဲ လေးပုံသုံးပုံ မြုပ်ဝင်နေတဲ့
တောင်ပေါ်လမ်းကလေးနဲ့ စာသင်ကျောင်းကလေး
နှင်းရဲ့ ပူနွေးခြင်းနဲ့ နေရဲ့အေးမြမှုကြား
မိုးဟာ ချွေးသီးချွေးပေါက်များ ကျောက်ခက်ပန်းဆွဲလျှက်
စိတ်စိတ်ချင်း စီးချင်းထိုးရာမှ မီးပွားမီးစများ တဖွားဖွားလွှင့်စင်ပန်းထွက်နေပုံ
အနှေးပြကွက်၊ အမြန်ပြကွက်၊ နောက်ကြောင်းပြန်ပြကွက် အဖြူအမည်း ဆေးရောင်စုံ
မျက်လှည့်ဆရာဟာ ခေါင်းတလားထဲ မြို့ကြီးကိုထည့်လိုက် ထုတ်လိုက်နဲ့
မြို့ကြီးဟာ ခေါင်းတလားထဲ သေလိုက် ရှင်လိုက် မသေမရှင်ဖြစ်လိုက်နဲ့
မြင်းရိုင်းတွေ အုပ်ဖွဲ့နင်းဖြတ်သွားတဲ့ မြက်ရိုင်းလေးတွေရဲ့နာကျင်မှုတေးသံ
ကောင်းကင်ထဲမှာမြစ် ပင်လယ်ထဲမှာတိမ်တွေ
တိုက်လေယာဉ်တွေ သူ့ ရင်ဘတ်ပေါ် ပျက်ပျက်ကျနေတယ်ဆိုတဲ့
မထင်မရှားရေးထားတဲ့စာသားကို ဘဝအလယ်တည့်တည့်လောက်မှာ ထပ်တွေ့တယ်
အခန်း၁၀ ။ လူအုပ်ကြီးဟာ ဒီမိုကရေစီကို ရိုက်ခွဲနေ
အခန်း၁၁ ။ လူထုကြီးဟာ ဒီမိုကရေစီကို ထုဆစ်နေ
အခန်း၁၀နဲ့အခန်း၁၁ ကြားမှာ နှစ်ကာလဘယ်လောက်ကြာကြာ
နေရောင်ခြည်နဲ့နေကြာပန်းလေးရဲ့ကွန်ဆက်မှုဟာ ကဗျာပဲ
လသာဆောင်ပေါ် လရဲ့အိုမင်းရင့်ရော်မှုအလင်းရည်တွေ တစက်စက်စီးကျ
ညအပုပ်ထဲ ညမွှေးပန်းကလေးရဲ့ ရနံ့လည်း မထင်းရှားနိုင်တော့
ကိလေသာအမှောင်ဟာ လူကြိုက်များတဲ့အရောင်
နိဂုံး ။ သူ ​ကောက်မိတဲ့သစ်ကိုင်းခြောက်က
အိစက်​ညက်​​ညော နေခဲ့ပါသတဲ့
ပြောင်လက်ပျော့ပြောင်းနေခဲ့ပါသတဲ့
ထွန့်ထွန့်လူးလွန့် နေခဲ့ပါသတဲ့
အဆုံးမှာ သူ ဝှက်ထားခဲ့တဲ့ခေတ်ဟာ မြွေတစ်ကောင်အဖြစ်နဲ့ လာခဲနေ

လင်းလက်တာရာ
2.5.2017

Tuesday, April 25, 2017

အခိုးတလူလူထွက်နေသော သစ်ပင်ပန်းမန်များ

 အခိုးတလူလူထွက်နေသော သစ်ပင်ပန်းမန်များ
---------------------------------------------------------------------

ခင်ဗျားဆီကနေ အိမ်လွမ်းနာတွေ အခိုးတလူလူထွက်နေတာ ကျွန်တော်တွေ့တယ်
အဲဒီအခိုးတလူလူထွက်နေတဲ့အိမ်လွမ်းနာတွေထဲ ကျွန်တော်မျောသွားတာ
သတိရလာတော့ ကျွန်တော်ဟာ မလေးကျွန်းဆွယ်ပေါ်က
ဆီအုန်းပင်တစ်ပင်ဖြစ်နေတယ်ဆိုတာသိလိုက်ရ အံ့ဩစရာပဲ
ကျွန်တော့်လိုပဲ ဆီအုန်းပင်ဖြစ်နေတဲ့လူတွေအများကြီး
ဂျပန်မှာ ချယ်ရီပင်ဖြစ်နေတဲ့ မိတ်ဆွေက messenger ကနေစာပို့တယ်
အိမ်ပြန်ချင်စိတ်က ဖူဂျီတောင်လောက်ရှိနေပြီး
ပြန်လို့မဖြစ်သေးတဲ့အခြေအနေကလည်း တိုကျိုတစ်မြို့စာလောက်ရှိတယ်တဲ့
ထိုင်းမှာ ရာဘာပင်ဖြစ်နေတဲ့သူငယ်ချင်းကလည်း
သူ့အသွေးအသားတွေခြစ်ယူခံနေရလို့ မခံမရပ်နိုင်ထထအော်တယ်
စလုံးက orchid လမ်းမှာ သစ်ခွပင်ဖြစ်နေတဲ့
အိမ်အကူကောင်မလေးက Status တင်တယ်
'အိမ်ထမင်းအိမ်ဟင်းဆာတယ်'တဲ့
အဲဒါကို အရင်ဆုံး Like လုပ်သွားတဲ့သူက
ကိုရီးယား စိုက်​ပျိုး​ရေးခြံထဲမှာ မုန်ညှင်းပင်ဖြစ်နေတဲ့ တနယ်တည်းသား
ဒူဘိုင်းက ဟော်တယ်မှာ ဧည့်ကြိုဂမုန်းဖြစ်နေတဲ့ အညာသားလေးကလည်း
ပုဂံရှုခင်းပုံကို ကာဗာဖိုတိုတင်ထားတယ်
အဲဒီအခိုးတလူလူထွက်နေတဲ့ အိမ်လွမ်းနာတွေအကြောင်း
ဒရာမာလုပ်ရေးထားတဲ့ကဗျာကိုလည်း
ဟိုလူက Share လိုက် ဒီလူက မန့်လိုက်နဲ့
နှလုံးသားကို နောက်နေတာပဲ
လိုင်းခဏအောက်လိုက်ဦးမယ်

#လင်းလက်တာရာ
25.4.2017

Tuesday, April 4, 2017

ကိုယ့်ရှေ့ကဗျာတစ်ပုဒ်စာ အကွာမှာ  သေလုမျောပါးပြေးလွှားနေတဲ့ စကားလုံးအရှင်တွေ

ကိုယ့်ရှေ့ကဗျာတစ်ပုဒ်စာ အကွာမှာ
သေလုမျောပါးပြေးလွှားနေတဲ့ စကားလုံးအရှင်တွေ
_____________________________(လင်းလက်တာရာ)

မြို့ပြမှာကျရှုံးခဲ့ရတဲ့ လေကောင်းလေသန့်လေးဟာ
တချိန်တုန်းက လယ်ကွင်းပြင်တကျောမှာ အောင်မြင်ခဲ့သူ
ကလေးလုပ်သားအထူးပြုလုပ်ချက်တွေနဲ့
လမ်းဘေးလက်ဖက်ရည်ဆိုင်လေးရဲ့နိုင်ငံတော်သီချင်းဖွင့်သံ
ရှော့ခ်၊ ပျက်ကျနေတဲ့ဓာတ်ကြိုးမှာ ဘာသာရေးအစွန်းရောက်လျှပ်စီးတွေစီးဆင်း
ဆံပင်တွေကိုစုစည်းထားသလို စာသားတွေစုစည်းကြည့်မိတာ
အစုအစည်းထဲက ပြေလိမ့် လျှောကျ ချွန်ထွက် နေပုံလေးလည်း လှရဲ့
အိုင်ဒီယာတွေ ကျဲပက်စိုက်ပျိုးထားတဲ့ဘဝနေနည်းတွေ
ခေတ်မီအဆောက်အဦတွေလို ​လေဟာနယ်​ထဲ အလုအယက်တိုးထွက်
တစ်ယောက်ဦးခေါင်းမှာတစ်ယောက်ဖိနပ်ရာတွေနဲ့
ဧရာမ မပျော်ရွှင်ဖွယ်ချောက်နက်ကို ကူးဖြတ်ပြီးပြီ
နောက်ထပ် မပျော်ရွှင်ဖွယ်ဧရာမချောက်နက်ကိုရောက်ပါပြီ
လောကဓံတရားဆီက  HaHa react တွေပဲရနေတယ်
သတင်းစာကို ဆေးလိပ်မီးနဲ့ဖောက်ထားတဲ့ အပေါက်ထဲကနေတောင် နိုင်ငံရေးကိုမြင်ရ
လူသွားလမ်းမှာ အနင်းခံနေရတဲ့ စိတ်ကျမြက်ပင်လေးတွေ
ချွေးနဲ့လဲလှယ်ထားတဲ့ ညစာကို ကိုယ်​ချင်းစာတရားနဲ့ ထပ်မံလဲလှယ်လိုက်တဲ့ ရသ
ပလက်စတစ်ပန်းတွေဆီက ဘယ်လိုရနံ့စစ်စစ်တွေကို မျှော်လင့်နေသေးလဲ
ပုံသွင်းခံထားရတဲ့ မြို့ကြီးသူသစ်ပင်လေးရဲ့ခေတ်ပေါ်ပုံစံခွက်အလှ
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ဆေးလိပ်ပြာလို
လွယ်လင့်တကူ တောက်ချလိုက်ပုံကအစ ကမ္ဘာဟာအနုစိပ်လွန်း
မျက်​လုံး ဟာ မီးအိမ်၊ နှလုံးသားက ပြတင်းပေါက်
စိတ်ထဲခွေခေါက်ထည့်ထားတဲ့ခြေထောက်ကို ခရီးအဖြစ်ဖြန့်ခင်းမိ
လူသားအရင်းအမြစ်ထဲ လှိုက်စားနေတဲ့ လောက်ဟာ စစ်
အရိုးထဲမှာ  သာယာနာပျော်ဖွယ်လို့အထင်မှားရလောက်တဲ့အထိ
တမြေ့မြေ့မြည်နေတဲ့ နာကျင်မှုတေးသံ
ဆိုရှယ်ပင်လယ်နက်ကြီးထဲမှာ လှိုင်းမူးအော့အန်နေတဲ့ သူလိုကိုယ်လို ဂျက်စပဲရိုးတွေ
ဝဋ်ဒုက္ခလွန်ပူဟာ အတ္တနံရံအလွှာတွေထဲ တဒီးဒီးတဂီးဂီး
ပြာကို မေတ္တာစိတ်နဲ့လောင်ခဲ့ပြီး မီးကို ချစ်တဲ့စိတ်နဲ့ ကူးခဲ့ပါတယ်
တစာစာတွန်ကျူးနေတဲ့ ငြိမ်းချမ်းရေး ချိုးကူသံအတုကို
ခေတ်မီနည်းပရိယာယ်တွေနဲ့ ဖန်တီးထားတဲ့ နွေဦး
ပူတယ်၊ ငါ့မှာ တစ်ချိန်တည်း မွန်းတည့်၁၂နာရီတိတိ ၃ခါ

- လင်းလက်တာရာ
4.4.2017

Tuesday, January 10, 2017

တစ်စုံတစ်ယောက်က/ကို လှုပ်နှိုးတယ် ဟေ့လူ ထတော့ ခင်ဗျားအိပ်မက်နွယ်ရှင်တွေက  ခင်ဗျားတစ်ကိုယ်လုံးကိုရုန်းမရအောင်ပတ်နေပြီ

တစ်စုံတစ်ယောက်က/ကို လှုပ်နှိုးတယ်
ဟေ့လူ ထတော့ ခင်ဗျားအိပ်မက်နွယ်ရှင်တွေက
ခင်ဗျားတစ်ကိုယ်လုံးကိုရုန်းမရအောင်ပတ်နေပြီ


မွေးရပ်မြေဟာ ဦးခေါင်းထဲမှာ အပင်ပေါက်ပြီး နှလုံးသားထဲ အမြစ်စွဲနေတယ်
ဇာတ်လမ်းဟာ နှလုံးသားဗလာကြီးနဲ့ ဦးနှောက်မပါဘဲရောက်လာ
ဘယ်သူစိုက်ထားတဲ့ ဒီမိုကရေစီလဲ သီးလည်းသီး ပွင့်လည်းပွင့် မွှေးလည်းမွှေး
ဘယ်သူမွှေးထားတဲ့စစ်မီးလဲ လောင်လည်းလောင် ညှော်လည်းညှော် ပြာလည်းကျ
ကျွန်တော် ခင်ဗျားကို အချိုးကျကျဖျော်နေတာ အခုရပ်လိုက်ပြီ
ခင်ဗျားကျွန်တော့်ကို စိမ်ပြေနပြေ သောက်နေတာ ရပ်လိုက်တော့
အရောင်တဖြည်းဖြည်းပြောင်းလာတဲ့ သိမှုသစ်ရွက်
ကိုယ်ကျိုးကြည့်ကာဗွန်ဒိုင်အောက်ဆိုက်တွေ မြို့ကြီးထဲအပြည့်
အရှင်လတ်လတ်ငရဲတွေ လူ့အဖွဲ့အစည်းထဲ တမြေ့မြေ့
လောကအလှတရားဟာ မျက်စေ့ရှေ့ မှာတင် အရွက်တဖားဖား
မျက်တောင်တစ်ခတ်မှာတင် အရွက်တဖြောဖြော
တစ်ယောက်ရဲ့ဥဩငှက်လေးအတွက် တစ်ယောက်က နွေဖြစ်ပေးခဲ့ရတဲ့ရက်တွေ
ထင်ရှားသည့်အမှတ်အသားနေရာမှာ လောကဓံအမာရွတ်များလို့ဖြည့်လိုက်ပြီး မျက်နှာဖုံးစွပ်လိုက်သူ
အိမ်​ပြန်​ချိန်​ဟာ ဂျက်လေယာဉ်နောက်မှာထင်ကျန်နေတဲ့ အခိုးအငွေ့ တန်းလို တဖြည်းဖြည်း ပြယ်​လွင့်
ချောက်နက်ထဲတွန်းချခံလိုက်ရတဲ့ဘာသာစကားဟာ ချောက်နက်ထဲကနေ
အေးအေးလူလူပြန်တက်လာပြီး ချောက်ကမ်းပါးထိပ်မှာ အပူအပင်ကင်းကင်းကဗျာထိုင်ရွတ်နေ
အို အမေးဇင်းဘာသာစကား အမေးတွေစီးဆင်းနေတဲ့ပုစ္ဆာများ
လူ့ဘဝဟာ ဘာဘီကျု့လေးစားလိုက် ကိုယ်တိုင်ဘာဘီကျု့ဖြစ်လိုက်နဲ့
အို အမိုက်စားလူ့ဘဝ အမိုက်တွေ အမှိုက်တွေလိုစုပုံနေကြ
ကြယ်ငါးပွင့်ဟိုတယ်ပေါ်ကနေ ခုန်ချသေဆုံးသွားတဲ့ ရမ္မက်တစ်ခွက်ကို
လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ လူငယ်ဆန်ဆန် မှာသောက်နေတာ
အဝေးရောက်ချန်နယ်မှာ စကော်ပီယံကစ်နဲ့ လှလှပပဂိုးသွင်းပြီး
အောင်ပွဲခံနေတဲ့ အိမ်ပြေးလေးရဲ့ ချစ်ခြင်းမေတ္တာ
လောကဓံတရားဆီက ရခဲ့တဲ့လက်ခုပ်သံ ပျံသန်းလာပုံ လန်းရဲ့မဟုတ်လား
အနမ်းလေးတစ်ပွင့်အတွက် လမ်းတွေကို တစ်လမ်းပြီးတစ်လမ်းထမ်းလို့
အထီးကျန်နံနက်ခင်းဟာလည်း တစ်ကိုယ်ရည်ညနေခင်းလိုပါပဲ
ရေခဲသေတ္တာထဲခဲနေတဲ့မပျော်ရွှင်မှုကို စိတ်နဲ့နွှေးပြီးစားနေရတဲ့ အရသာ
အလွမ်းဟာ သဲထဲသွန်မိတဲ့မျက်ရည်
ပင်လယ်ကူးသင်္ဘောပေါ် ကန္တာရကြီးပါလာတယ်လို့ တွေးတယ်
အဲဒီကန္တာရကြီးပေါ်မှာ အမြဲစိမ်းတောကြီးပါလာတယ်လို့ တွေးတယ်
ကျောပိုးအိတ်ထဲသူမရဲ့တိမ်တွေပါလာတယ်လို့ တွေးတယ်
အဲဒီတိမ်တွေဟာ မိုးအဖြစ်နဲ့ ငါ့နှလုံးသားတစ်နေရာတည်းကွက်ပြီးရွာတယ်လို့ တွေးတယ်
အတွေးဟာ ကျားနာတစ်ကောင်ဖြစ်သွားပြီး ငါ့ကိုလာခဲနေတယ်
တကယ့်ကို အစိုင်အခဲပဲ ကျောက်ဖြစ်ရုပ်ကြွင်းပဲ မသေမရှင်ပဲ
လူမှုကွန်ရက်ထဲ ပလုံစီနေတဲ့ မီးစိမ်းလေးတွေမှာ အီဂိုနာကျင်မှုတွေ ကိုယ်စီ
ကျေးလက်ကလေးရဲ့အိပ်တန်းပျံချိန်နဲ့ တောင်ပံကျိုးနေတဲ့ငှက်ကလေးဟာ ငါ့ရဲ့မက်တဖာခါးခါး လို့
မိသားစုရဲ့ အင်ဂျင်တစ်ခုကနေ ပြုတ်ထွက်လွင့်စင်ခဲ့တဲ့ ဝက်အူတစ်ခုကပြောတယ်
ကျောက်ဆောင်ကိုချစ်လို့ ကျောက်ဆောင်ဆီရောက်ရောက်လာတတ်တဲ့ရေလှိုင်းလေးဆီမှာ
ကျောက်ဆောင်ကိုပြိုကျစေချင်တဲ့စိတ်တွေပါမလာတာတော့အသေအချာ
ကောင်းကင်ပြာကြီးကို ခြုံပြီး နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်ချင်ရဲ့
ပန်ကာဟာ အိုက်နေတဲ့စိတ်ကို မအေးနိုင် အဲကွန်းဟာ ပူပင်သောကတွေကို မငြှိမ်းနိုင်
အတ္တကြိုးကွင်းကို ကိုယ့်လည်ပင်းကိုယ် ပျော်ပျော်ရွှင်ရွှင် စွပ်နေကြသူတွေရဲ့ ပွဲတော်
အခုဆွတ်ထားတဲ့ရေမွှေးကို ပုပ်ပွနံဆော်နေတဲ့ယုံကြည်ချက်အသေတွေနဲ့ ထုတ်လုပ်ထားတာ


လင်းလက်တာရာ
5.1.2017