စေချင်ပါတယ် စေချင်ပါရဲ့လား
_______________________
´အိပ်မက်ကကြိုး' ကို အိပ်မက်က ' ကြိုး' လို့ 
အဓိပ္ပါယ်လုပ်ယူ မွေးမြူလိုက်ပါတယ်
အိပ်မက်က ' ကြိုး' ဟာ ဘလိုင်းကြီး ဝင်တိုးတယ် လာငြိတယ်
လာပတ်တယ် တစ်ရစ်ပြီးတစ်ရစ်
ဘာကြိုးလဲဆိုတော့ အီလက်ထရစ်ရှော့ခ်
စပေါ့တွေ ပြွတ်ခဲပိတ်ကျပ်ထူပိန်းနေတဲ့ မြို့ပြဖန်သားပြင်ကြီး
စိတ်ရှည်ရှည် လှန်း/ လှမ်းထားတဲ့ ရင်လင်းတန်းမှာ
ထူးမခြားနားတွေ လာနားနေတယ် နားပါစေ
ဒဲ့ရှူးဝါးကြီး လွမ်းနေတဲ့ ကိစ္စဝိစ္စ
အသံ အသံချင်း ချစ်/ ခြစ်မိရာကနေ မီးပွားတွေ မွေးဖွား
ညာဘက်နားက သူ့ ဘာသာစကားကို နားထောင်
ဘယ်ဘက်နားက သူ့ ဝေါဟာရတွေ ဆာလောင်မွတ်ငတ်
နှလုံးသားမှာ နားလေး နှစ်ဖက်ရှိတယ်
မတည်မြဲခြင်းပဲ တည်မြဲပါတယ်လို့ 
မတည်မြဲခြင်းက တည်မြဲခြင်းကို ပြောပါတယ်
သိသိကြီးနဲ့ မိုးလင်း သိသိကြီးနဲ့ မိုးချုပ်
သွေးစိမ်းရှင်ရှင်တောအုပ်နဲ့ ကမ္ဘာ
ခင်ဗျားကရော သစ်တစ်ပင်လား သစ်ခွဲစက်လား
စိတ်ထဲ ငှက်တစ်သောင်းထည့်ကြည့်တယ် ချောင်နေတယ်
ချောင်လည်ချင်ပါတယ် ပြေလည်ချင်ပါတယ်
ချောင်လည်စေချင်ပါတယ် ပြေလည်စေချင်ပါတယ်
လူသားအားလုံးကို အုံးမလွဲစေချင်ပါ အုံးမစားစေချင်ပါ
'ချင်' ထက် 'စေချင်' ကို ကျွန်တော် ပိုချစ်ပါတယ်
မိတ်ဆွေတို့ ကိုလည်း ပိုချစ် စေချင်ပါတယ်
အဆီတစ်ထပ် အသားတစ်ထပ် လောက
အဆီတဝင်းဝင်း သဲတရှပ်ရှပ် လူ့ ဘုံ
ရေကြည်ရေနောက် ရောတယ် ရေကြည်ရေနောက် မရောဘူး
ဒီလိုအတူတကွ ယှဉ်တွဲစီးဆင်း
ဆင်းရဲခြင်းဟာ ဆတ်ဆတ်လူးပြီး ချမ်းသာခြင်းဟာ ဆတ်ဆတ်ခါ နေတာပါပဲ
ကွာလား ဘာကွာလဲ ဘယ်လောက်ကွာလဲ
အဆင့်အတန်းခွဲယူနိုက်တက်အက်ဖ်စီမှ အမျိုးသားကောင်းဘောကောက်
ဘာစီ လည်း အနိစ္စ ဒုက္ခ အနတ္တ
မြေပေါ်မြေအောက် ရေပေါ်ရေအောက် သယံဇာတများ
အမြန်လစ်  အမြစ်လှန်ခံရခြင်း
အခွံချည်းသက်သက် မြေပုံ
နိုင်ငံတော်ကြီးကို သာယာဝပြောစေချင်ပါတယ်
ပြည်သူတွေကို စိတ်ချမ်းသာစေချင်ပါတယ်
တိရစ္ဆာန်ရုံထဲက ပြန်လာတော့ အပျော်ဘယ်လောက်သား ပါလာသလဲ
တိရစ္ဆာန်ရုံထဲက ပြန်လာတော့ အပျော်ဘယ်နှပိဿာ ကျကျန်ခဲ့သလဲ
လွတ်လပ်မှုအရသာကို သက်ရှိအားလုံး အရသာစေချင်ပါတယ်
ူလူမျိုးတုံးသတ်ဖျက်မှုတွေ စစ်ပွဲတွေ သွေးမြစ်သက္ကရာဇ်တွေ
သန္ဓေပျက်ကျ စေချင်ပါတယ်
' စေချင်' တွေ မများသေးပါဘူး နည်းပါသေးတယ် နည်းပါးသေးတယ်
ခင်ဗျားဆီမှာရော စေချင်တွေ ဘယ်လောက်များများရှိလဲ
'စေချင်' တွေကို Share ပေးပါ
'စေချင်' တွေကို Like လုပ်ပါ  လိုက်လုပ်ပါ
ကဗျာရေးသူဟာ စာသားမွေးမြူရေးလုပ်ငန်းရှင်ပဲ
ကြက်ဝက်တွေလိုတော့ မရောင်းဘူး မသတ်ဘူး
စိတ်ခင်းစိမ်းစိမ်းမှာ ကျောင်းတယ်
ပြတင်းပေါက်တွေ ဖွင့်ပြီး ကျောင်းတယ်
ခင်ဗျားလည်း ' စေချင် ' တွေ မွေးမြူပါ
ကျွန်တော်လည်း ' စေချင်' တွေ မွေးမြူမယ်
မွေးမွေးခြင်းတော့ ' စေချင်' တွေ ဘယ်ပါလာပါ့မလဲ
ဒီလိုပဲ မွေးမြူရတာပေါ့  လုပ်ယူရတာပေါ့
ဒီအရေးအသားကိုလည်း လုပ်ယူမွေးမြူလိုက်ပါတယ်
ကဗျာသူကဗျာသားအပေါငိးတို့ ခင်ဗျား
လင်းလက်တာရာ
5.8.2013
( ခေါင်းစဉ်ပေးသူ သစ္စာမင်းအိမ် ရဲ့ ' အိပ်မက်ကကြိုး' ကို စီးမျောရေးသားခြင်း)
No comments:
Post a Comment