ကိုယ့်ရှေ့ကဗျာတစ်ပုဒ်စာ အကွာမှာ
သေလုမျောပါးပြေးလွှားနေတဲ့ စကားလုံးအရှင်တွေ
_____________________________(လင်းလက်တာရာ)
မြို့ပြမှာကျရှုံးခဲ့ရတဲ့ လေကောင်းလေသန့်လေးဟာ
တချိန်တုန်းက လယ်ကွင်းပြင်တကျောမှာ အောင်မြင်ခဲ့သူ
ကလေးလုပ်သားအထူးပြုလုပ်ချက်တွေနဲ့
လမ်းဘေးလက်ဖက်ရည်ဆိုင်လေးရဲ့နိုင်ငံတော်သီချင်းဖွင့်သံ
ရှော့ခ်၊ ပျက်ကျနေတဲ့ဓာတ်ကြိုးမှာ ဘာသာရေးအစွန်းရောက်လျှပ်စီးတွေစီးဆင်း
ဆံပင်တွေကိုစုစည်းထားသလို စာသားတွေစုစည်းကြည့်မိတာ
အစုအစည်းထဲက ပြေလိမ့် လျှောကျ ချွန်ထွက် နေပုံလေးလည်း လှရဲ့
အိုင်ဒီယာတွေ ကျဲပက်စိုက်ပျိုးထားတဲ့ဘဝနေနည်းတွေ
ခေတ်မီအဆောက်အဦတွေလို လေဟာနယ်ထဲ အလုအယက်တိုးထွက်
တစ်ယောက်ဦးခေါင်းမှာတစ်ယောက်ဖိနပ်ရာတွေနဲ့
ဧရာမ မပျော်ရွှင်ဖွယ်ချောက်နက်ကို ကူးဖြတ်ပြီးပြီ
နောက်ထပ် မပျော်ရွှင်ဖွယ်ဧရာမချောက်နက်ကိုရောက်ပါပြီ
လောကဓံတရားဆီက HaHa react တွေပဲရနေတယ်
သတင်းစာကို ဆေးလိပ်မီးနဲ့ဖောက်ထားတဲ့ အပေါက်ထဲကနေတောင် နိုင်ငံရေးကိုမြင်ရ
လူသွားလမ်းမှာ အနင်းခံနေရတဲ့ စိတ်ကျမြက်ပင်လေးတွေ
ချွေးနဲ့လဲလှယ်ထားတဲ့ ညစာကို ကိုယ်ချင်းစာတရားနဲ့ ထပ်မံလဲလှယ်လိုက်တဲ့ ရသ
ပလက်စတစ်ပန်းတွေဆီက ဘယ်လိုရနံ့စစ်စစ်တွေကို မျှော်လင့်နေသေးလဲ
ပုံသွင်းခံထားရတဲ့ မြို့ကြီးသူသစ်ပင်လေးရဲ့ခေတ်ပေါ်ပုံစံခွက်အလှ
တစ်စုံတစ်ယောက်က တစ်စုံတစ်ယောက်ကို ဆေးလိပ်ပြာလို
လွယ်လင့်တကူ တောက်ချလိုက်ပုံကအစ ကမ္ဘာဟာအနုစိပ်လွန်း
မျက်လုံး ဟာ မီးအိမ်၊ နှလုံးသားက ပြတင်းပေါက်
စိတ်ထဲခွေခေါက်ထည့်ထားတဲ့ခြေထောက်ကို ခရီးအဖြစ်ဖြန့်ခင်းမိ
လူသားအရင်းအမြစ်ထဲ လှိုက်စားနေတဲ့ လောက်ဟာ စစ်
အရိုးထဲမှာ သာယာနာပျော်ဖွယ်လို့အထင်မှားရလောက်တဲ့အထိ
တမြေ့မြေ့မြည်နေတဲ့ နာကျင်မှုတေးသံ
ဆိုရှယ်ပင်လယ်နက်ကြီးထဲမှာ လှိုင်းမူးအော့အန်နေတဲ့ သူလိုကိုယ်လို ဂျက်စပဲရိုးတွေ
ဝဋ်ဒုက္ခလွန်ပူဟာ အတ္တနံရံအလွှာတွေထဲ တဒီးဒီးတဂီးဂီး
ပြာကို မေတ္တာစိတ်နဲ့လောင်ခဲ့ပြီး မီးကို ချစ်တဲ့စိတ်နဲ့ ကူးခဲ့ပါတယ်
တစာစာတွန်ကျူးနေတဲ့ ငြိမ်းချမ်းရေး ချိုးကူသံအတုကို
ခေတ်မီနည်းပရိယာယ်တွေနဲ့ ဖန်တီးထားတဲ့ နွေဦး
ပူတယ်၊ ငါ့မှာ တစ်ချိန်တည်း မွန်းတည့်၁၂နာရီတိတိ ၃ခါ
- လင်းလက်တာရာ
4.4.2017
No comments:
Post a Comment