Tuesday, January 10, 2017

တစ်စုံတစ်ယောက်က/ကို လှုပ်နှိုးတယ် ဟေ့လူ ထတော့ ခင်ဗျားအိပ်မက်နွယ်ရှင်တွေက  ခင်ဗျားတစ်ကိုယ်လုံးကိုရုန်းမရအောင်ပတ်နေပြီ

တစ်စုံတစ်ယောက်က/ကို လှုပ်နှိုးတယ်
ဟေ့လူ ထတော့ ခင်ဗျားအိပ်မက်နွယ်ရှင်တွေက
ခင်ဗျားတစ်ကိုယ်လုံးကိုရုန်းမရအောင်ပတ်နေပြီ


မွေးရပ်မြေဟာ ဦးခေါင်းထဲမှာ အပင်ပေါက်ပြီး နှလုံးသားထဲ အမြစ်စွဲနေတယ်
ဇာတ်လမ်းဟာ နှလုံးသားဗလာကြီးနဲ့ ဦးနှောက်မပါဘဲရောက်လာ
ဘယ်သူစိုက်ထားတဲ့ ဒီမိုကရေစီလဲ သီးလည်းသီး ပွင့်လည်းပွင့် မွှေးလည်းမွှေး
ဘယ်သူမွှေးထားတဲ့စစ်မီးလဲ လောင်လည်းလောင် ညှော်လည်းညှော် ပြာလည်းကျ
ကျွန်တော် ခင်ဗျားကို အချိုးကျကျဖျော်နေတာ အခုရပ်လိုက်ပြီ
ခင်ဗျားကျွန်တော့်ကို စိမ်ပြေနပြေ သောက်နေတာ ရပ်လိုက်တော့
အရောင်တဖြည်းဖြည်းပြောင်းလာတဲ့ သိမှုသစ်ရွက်
ကိုယ်ကျိုးကြည့်ကာဗွန်ဒိုင်အောက်ဆိုက်တွေ မြို့ကြီးထဲအပြည့်
အရှင်လတ်လတ်ငရဲတွေ လူ့အဖွဲ့အစည်းထဲ တမြေ့မြေ့
လောကအလှတရားဟာ မျက်စေ့ရှေ့ မှာတင် အရွက်တဖားဖား
မျက်တောင်တစ်ခတ်မှာတင် အရွက်တဖြောဖြော
တစ်ယောက်ရဲ့ဥဩငှက်လေးအတွက် တစ်ယောက်က နွေဖြစ်ပေးခဲ့ရတဲ့ရက်တွေ
ထင်ရှားသည့်အမှတ်အသားနေရာမှာ လောကဓံအမာရွတ်များလို့ဖြည့်လိုက်ပြီး မျက်နှာဖုံးစွပ်လိုက်သူ
အိမ်​ပြန်​ချိန်​ဟာ ဂျက်လေယာဉ်နောက်မှာထင်ကျန်နေတဲ့ အခိုးအငွေ့ တန်းလို တဖြည်းဖြည်း ပြယ်​လွင့်
ချောက်နက်ထဲတွန်းချခံလိုက်ရတဲ့ဘာသာစကားဟာ ချောက်နက်ထဲကနေ
အေးအေးလူလူပြန်တက်လာပြီး ချောက်ကမ်းပါးထိပ်မှာ အပူအပင်ကင်းကင်းကဗျာထိုင်ရွတ်နေ
အို အမေးဇင်းဘာသာစကား အမေးတွေစီးဆင်းနေတဲ့ပုစ္ဆာများ
လူ့ဘဝဟာ ဘာဘီကျု့လေးစားလိုက် ကိုယ်တိုင်ဘာဘီကျု့ဖြစ်လိုက်နဲ့
အို အမိုက်စားလူ့ဘဝ အမိုက်တွေ အမှိုက်တွေလိုစုပုံနေကြ
ကြယ်ငါးပွင့်ဟိုတယ်ပေါ်ကနေ ခုန်ချသေဆုံးသွားတဲ့ ရမ္မက်တစ်ခွက်ကို
လမ်းဘေးလက်ဖက်ရည်ဆိုင်မှာ လူငယ်ဆန်ဆန် မှာသောက်နေတာ
အဝေးရောက်ချန်နယ်မှာ စကော်ပီယံကစ်နဲ့ လှလှပပဂိုးသွင်းပြီး
အောင်ပွဲခံနေတဲ့ အိမ်ပြေးလေးရဲ့ ချစ်ခြင်းမေတ္တာ
လောကဓံတရားဆီက ရခဲ့တဲ့လက်ခုပ်သံ ပျံသန်းလာပုံ လန်းရဲ့မဟုတ်လား
အနမ်းလေးတစ်ပွင့်အတွက် လမ်းတွေကို တစ်လမ်းပြီးတစ်လမ်းထမ်းလို့
အထီးကျန်နံနက်ခင်းဟာလည်း တစ်ကိုယ်ရည်ညနေခင်းလိုပါပဲ
ရေခဲသေတ္တာထဲခဲနေတဲ့မပျော်ရွှင်မှုကို စိတ်နဲ့နွှေးပြီးစားနေရတဲ့ အရသာ
အလွမ်းဟာ သဲထဲသွန်မိတဲ့မျက်ရည်
ပင်လယ်ကူးသင်္ဘောပေါ် ကန္တာရကြီးပါလာတယ်လို့ တွေးတယ်
အဲဒီကန္တာရကြီးပေါ်မှာ အမြဲစိမ်းတောကြီးပါလာတယ်လို့ တွေးတယ်
ကျောပိုးအိတ်ထဲသူမရဲ့တိမ်တွေပါလာတယ်လို့ တွေးတယ်
အဲဒီတိမ်တွေဟာ မိုးအဖြစ်နဲ့ ငါ့နှလုံးသားတစ်နေရာတည်းကွက်ပြီးရွာတယ်လို့ တွေးတယ်
အတွေးဟာ ကျားနာတစ်ကောင်ဖြစ်သွားပြီး ငါ့ကိုလာခဲနေတယ်
တကယ့်ကို အစိုင်အခဲပဲ ကျောက်ဖြစ်ရုပ်ကြွင်းပဲ မသေမရှင်ပဲ
လူမှုကွန်ရက်ထဲ ပလုံစီနေတဲ့ မီးစိမ်းလေးတွေမှာ အီဂိုနာကျင်မှုတွေ ကိုယ်စီ
ကျေးလက်ကလေးရဲ့အိပ်တန်းပျံချိန်နဲ့ တောင်ပံကျိုးနေတဲ့ငှက်ကလေးဟာ ငါ့ရဲ့မက်တဖာခါးခါး လို့
မိသားစုရဲ့ အင်ဂျင်တစ်ခုကနေ ပြုတ်ထွက်လွင့်စင်ခဲ့တဲ့ ဝက်အူတစ်ခုကပြောတယ်
ကျောက်ဆောင်ကိုချစ်လို့ ကျောက်ဆောင်ဆီရောက်ရောက်လာတတ်တဲ့ရေလှိုင်းလေးဆီမှာ
ကျောက်ဆောင်ကိုပြိုကျစေချင်တဲ့စိတ်တွေပါမလာတာတော့အသေအချာ
ကောင်းကင်ပြာကြီးကို ခြုံပြီး နှစ်​နှစ်​ခြိုက်​ခြိုက်​ အိပ်ချင်ရဲ့
ပန်ကာဟာ အိုက်နေတဲ့စိတ်ကို မအေးနိုင် အဲကွန်းဟာ ပူပင်သောကတွေကို မငြှိမ်းနိုင်
အတ္တကြိုးကွင်းကို ကိုယ့်လည်ပင်းကိုယ် ပျော်ပျော်ရွှင်ရွှင် စွပ်နေကြသူတွေရဲ့ ပွဲတော်
အခုဆွတ်ထားတဲ့ရေမွှေးကို ပုပ်ပွနံဆော်နေတဲ့ယုံကြည်ချက်အသေတွေနဲ့ ထုတ်လုပ်ထားတာ


လင်းလက်တာရာ
5.1.2017

No comments:

Post a Comment