သူ့ကိုနားနားပြီးဖတ်
---------------------------
သူ့နှလုံးသားအမြန်လမ်းမပေါ်မှာ ယာဉ်တိုက်မှုတွေခဏခဏဖြစ်တယ် လို့
အဖွင့်စာမျက်နှာမှာ ထင်ထင်ရှားရှား ရေးထားတယ် AB သွေးနဲ့
ခြံထွက်သီးနှံလေးတွေကိုချစ်တဲ့စိတ်နဲ့ ကိုယ့်ကိုယ်ကိုယ် ရိတ်သိမ်းနေတုန်း
ဝုန်းဆို အခါလွန်ဒုက္ခတရားတွေ ရွာလာ
မပျော်ရွှင်မှုပန်းပင်လေးပေါ် ရန်ကုန်နဲ့မန္တလေး တပြိုင်နက် ပွင့်အာနေတယ်
ပွဲပျက်သွားပြီ ကို တံစို့ထိုး ကင်စားနေတဲ့ ပွဲတော်
ပြည်တွင်းစစ်ထဲ လေးပုံသုံးပုံ မြုပ်ဝင်နေတဲ့
တောင်ပေါ်လမ်းကလေးနဲ့ စာသင်ကျောင်းကလေး
နှင်းရဲ့ ပူနွေးခြင်းနဲ့ နေရဲ့အေးမြမှုကြား
မိုးဟာ ချွေးသီးချွေးပေါက်များ ကျောက်ခက်ပန်းဆွဲလျှက်
စိတ်စိတ်ချင်း စီးချင်းထိုးရာမှ မီးပွားမီးစများ တဖွားဖွားလွှင့်စင်ပန်းထွက်နေပုံ
အနှေးပြကွက်၊ အမြန်ပြကွက်၊ နောက်ကြောင်းပြန်ပြကွက် အဖြူအမည်း ဆေးရောင်စုံ
မျက်လှည့်ဆရာဟာ ခေါင်းတလားထဲ မြို့ကြီးကိုထည့်လိုက် ထုတ်လိုက်နဲ့
မြို့ကြီးဟာ ခေါင်းတလားထဲ သေလိုက် ရှင်လိုက် မသေမရှင်ဖြစ်လိုက်နဲ့
မြင်းရိုင်းတွေ အုပ်ဖွဲ့နင်းဖြတ်သွားတဲ့ မြက်ရိုင်းလေးတွေရဲ့နာကျင်မှုတေးသံ
ကောင်းကင်ထဲမှာမြစ် ပင်လယ်ထဲမှာတိမ်တွေ
တိုက်လေယာဉ်တွေ သူ့ ရင်ဘတ်ပေါ် ပျက်ပျက်ကျနေတယ်ဆိုတဲ့
မထင်မရှားရေးထားတဲ့စာသားကို ဘဝအလယ်တည့်တည့်လောက်မှာ ထပ်တွေ့တယ်
အခန်း၁၀ ။ လူအုပ်ကြီးဟာ ဒီမိုကရေစီကို ရိုက်ခွဲနေ
အခန်း၁၁ ။ လူထုကြီးဟာ ဒီမိုကရေစီကို ထုဆစ်နေ
အခန်း၁၀နဲ့အခန်း၁၁ ကြားမှာ နှစ်ကာလဘယ်လောက်ကြာကြာ
နေရောင်ခြည်နဲ့နေကြာပန်းလေးရဲ့ကွန်ဆက်မှုဟာ ကဗျာပဲ
လသာဆောင်ပေါ် လရဲ့အိုမင်းရင့်ရော်မှုအလင်းရည်တွေ တစက်စက်စီးကျ
ညအပုပ်ထဲ ညမွှေးပန်းကလေးရဲ့ ရနံ့လည်း မထင်းရှားနိုင်တော့
ကိလေသာအမှောင်ဟာ လူကြိုက်များတဲ့အရောင်
နိဂုံး ။ သူ ကောက်မိတဲ့သစ်ကိုင်းခြောက်က
အိစက်ညက်ညော နေခဲ့ပါသတဲ့
ပြောင်လက်ပျော့ပြောင်းနေခဲ့ပါသတဲ့
ထွန့်ထွန့်လူးလွန့် နေခဲ့ပါသတဲ့
အဆုံးမှာ သူ ဝှက်ထားခဲ့တဲ့ခေတ်ဟာ မြွေတစ်ကောင်အဖြစ်နဲ့ လာခဲနေ
လင်းလက်တာရာ
2.5.2017
No comments:
Post a Comment