Friday, December 1, 2017
မျက်ရည်မြစ်ထဲက ဆောင်း
မျက်ရည်မြစ်ထဲကဆောင်း
ဆောင်းဟာ နှလုံးသားထဲ
၄၅ဒီဂရီ စောင်းကျနေ
ပိတ်မရတဲ့ထီးကလေးတစ်ချောင်းကို
ကြေကြေကွဲဆောင်းထားတဲ့ ဆောင်း
အဝေးကြည့်မှန်ပြောင်းလေးနဲ့ ငယ်ချစ်ဦးရဲ့
သက်တံ့လေးကို ချောင်းကြည့်နေတဲ့ ဆောင်း
မောင်းတင်ထားတဲ့ မျက်စောင်းလေးရှေ့ 
ရင်ကော့ ခေါင်းမော့ ရပ်ချင်နေသေးတဲ့ဆောင်း
အဖြူဆွတ်ဆွတ်တိမ်တိုက်လေးဆီ ရောက်မလားလို့ 
ရေတံခွန်ကို ဆန်တက်နေတဲ့ မိုက်မိုက်မဲမဲ ဆောင်း
အဲဒီဆောင်းပေါ့
ငါ့စိတ္တဇတွေကို ယက်ကန်းယက်နေတာ
ငါ့အထီးကျန်ရွာကလေးထဲ နှင်းမုန်တိုင်းအဖြစ်
လာရောက်အခြေချ နေထိုင်နေတာ
ဟော့ဒီမှာ
ကံမကောင်းအကြောင်းမလှလို့ 
အက်ကြောင်းထခဲ့ရတဲ့ နှင်းမှန်ချပ်လေး အစိပ်စိပ်အမွှာမွှာ
အဲဒီအစိပ်စိပ်အမွှာမွှာနှင်းမှန်ချပ်လေးပေါ်
ကြည်လင်ပြတ်သားစွာ လာပေါ်နေတဲ့ အတိတ်
ဆောင်းဟာ စောင်းသံနဲ့ ချော့သိပ်တာတောင်
မအိပ်တော့
ငါကိုယ်တိုင် ထင်းခြောက် ဖြစ်ပြီး
ငါကိုယ်တိုင် မီးတောက်ဖြစ်နေတဲ့ ဆောင်း
ခိုက်ခိုက်တုန်နေတဲ့ ဒိုင်ယာရီလေးဟာ ငါ
နှုတ်ခမ်းပြာနေတဲ့ ပုံပြင်လေးဟာလည်း ငါပါပဲ အချစ်ရေ
အလွမ်းရင့်ရင့်နှင်းရိုင်းတွေ ရင်တစ်ခင်းလုံးပွင့်နေတဲ့အကြောင်း
မင့်ဆံနွယ်ထဲက ဆောင်းဆီ အီးမေးလ် မဆက်သရက်တော့ပါ
အမှတ်တရနှင်းရည်စက်လေးတွေစုပြီး
သတိရခြင်း ခေါင်းလောင်းလေးတွေထုထားတာ
အခု နာနာကျင်ကျင်မြည်နေရဲ့
လင်းလက်တာရာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment