#စိတ်ပြတိုက်
၁။
စိတ်ဟာ အမြဲတမ်း လွတ်မြောက်နေသူ လို့ 
ဘယ်သူတွေပြောခဲ့ကြပါလိမ့်
၂။
၂၁ရာစုရဲ့ စိတ်ရာဇဝင်လေးတစ်ခုထဲမှာတော့
ကျွန်တော်က စိတ်မင်းသားလေးဖြစ်ပြီး
သူမက စိတ်မင်းသမီးလေးဖြစ်တယ်
၃။
စိတ်မင်းသမီးလေးက စိတ်မင်းသားလေးကို ဖမ်းပြီး
စိတ်ဂူထဲ ထည့်ထားလိုက်တယ်
စိတ်မင်းသားလေးက
အသေပိတ်ထားတဲ့ ဂူနံရံကို ဘာလက်နက်မှမပါဘဲ ဖောက်တယ်
ပေါက်တယ်
မလွတ်ဘူး
နောက်ထပ်ဂူနံရံတစ်ခုဆီ ရောက်တယ်
စိတ်မင်းသမီးလေးက ရယ်တယ်
စိတ်မင်းသားလေးက ဂူနံရံကို ထပ်ဖောက်တယ်
ပေါက်ပြန်တယ်
နောက်ထပ် ဂူနံရံကိုထပ်ရောက်တယ်
မလွတ်မြောက်ပြန်ဘူး
စိတ်မင်းသမီးလေးက တစ်ခစ်ခစ်ရယ်နေပြန်တယ်
စိတ်မင်းသားလေးက အားမလျှော့ဘူး
အထပ်ထပ်ဖောက်တယ်
ဂူနံရံတွေပဲ အထပ်ထပ်တွေ့ တယ်
ဘယ်တော့မှ မလွတ်မြောက်ဘူး
စိတ်မင်းသမီးလေးကတော့ ရယ်နေတော့တာပဲ
၎။
ဒီလိုနဲ့ 
စိတ်နှစ်ကာလတွေကြာပြီးနောက်
စိတ်ညတွေရောက်တိုင်း
စိတ်လရောင်တွေ ရွာတိုင်း
စိတ်ရွာလေးနားက စိတ်ဂူဆီကနေ
စိတ်မင်းသားလေးရဲ့ ဂူနံရံဖောက်သံနဲ့ 
စိတ်မင်းသမီးလေးရဲ့ ရယ်သံလွင်လွင်ကို
စိတ်ခေတ်အဆက်ဆက် ကြားနေရပါသတဲ့
#လင်းလက်တာရာ
3.8.2017
No comments:
Post a Comment