Monday, August 24, 2015

လနှစ်ချောင်းငင်( ပြတ်) င ယပက်လက်သတ်( ရွေ့)

လနှစ်ချောင်းငင်( ပြတ်) င ယပက်လက်သတ်( ရွေ့)




လေးကိုင်းသဏ္ဌာန် သက်တံလေးဟာ
မြင်လွှာထဲကို မြားတစ်စင်းပစ်လွှတ်ပြီး ပျောက်ကွယ်သွားတယ်
လမ်းပေါ်ကို ထိုးကျနေတဲ့ မီးရောင်က ခြောက်သွေ့ကွဲအက်မြေလွှာပေါ်
သစ်ခြောက်ပင်တစ်ပင်လို စိုက်ဝင်လို့။

ငါ့အရသာဟာ မြို့အတုရဲ့ လျှာဖျားမှာ
ငါ ဟာ တစ်ပါးသူအတွက်ချိုပြီး ငါ့ကိုယ်ငါကျ ခါးနေတယ်
နှုတ်ခမ်းပဲ့နေတဲ့ ခွက်တွေထဲမှာ ဘောင်ဘင်ခတ်နေတဲ့ ကော်ဖီတွေ
မြို့ရည်စစ်တဲ့ ဇာတိမြို့ကလေးရေ ငါ့ကိုသာ မြိုထားလိုက်ပါတော့။

ဇာတ်ရည်တွေဟာ အထူးပြုလုပ်ချက်ထဲမှာ လည်နေတယ်
ပြီးတော့ အေးခဲသွား ၊ ဒုက္ခအစိုင်အခဲတွေပါပဲ
ငွေက လူကိုသတ်ပြီး ငွေက လူကို ထောင်ချပစ်လိုက်တယ်။

ဖန်လုံအိမ်အာနိသင် ထဲမှာ သင်ကိုယ်တိုင် ပျော်ဝင်နိုင်ပါပြီ
ဆိုက်ကိုးစစ်အက်တမ်တွေအက်ကွဲပြီး လေထုထဲရော လူထုထဲပါ စိမ့်ဝင်ပျံ့ နှံ့ 
ပင်လယ်ကဗွီးပင်လေးမှာ အမျှော် တွေ ငြိတင်နေတာ သွားမဖြုတ်လိုက်ပါနဲ့ 
လွမ်းနေတဲ့ကမ်းခြေလေးက ရေနစ်နေတဲ့ နေလုံးနီနီကြီးကို ရင်ဘတ်ပေါ် ဆွဲတင်နေသူပါ။

ညနေရောက်တိုင်း မောင်းချဓားတစ်ချောင်းလို ထောင်းခနဲ ထထပွင့်တဲ့ အိမ်လွမ်းစိတ်တွေ
လွှတ်ထုတ်လိုက်တဲ့အမောတွေက မြို့လေးကိုရင်ဘတ်နဲ့သယ်ပြီး ပြန်ရောက်လာတယ်
မှောင်နေတဲ့ လမ်းကျဉ်းလေးထဲမှာ စပယ်တွေ မျက်ဝန်းနဲ့မဆံ့အောင် ပွင့်ဝေလို့။

ဟိုက်ဝေးလမ်းမကြီးဟာ လူငယ်တစ်ယောက်ရဲ့ရင်ခုန်သံတွေကို
ပါးကွက်သားတစ်ယောက်လို စီ ရင် ပစ် ခဲ့ ပြီ။

ဖတ်နေတဲ့ဘ၀ထဲမှာ အမေပျော်တယ်သားရေ တွေ ပါမလာတော့ဘူး
ခေတ်ဆိုတဲ့ကောင်ဖြတ်ဖြတ်လျှောက်တိုင်း လက်ဖျံက ထထဟောင်တယ်
ဘာသားစားထားလို့လဲ အဲဒီခေတ်က။

ပလက်စတစ်အိတ်လေးလို အိုင်တီ ခေတ်ကြီး ထဲ မျက်နှာငယ်ရပါတယ်
ကာဘွန်ဒိုင်အောက်ဆိုက်လို သွေးစွန်းဘရိတ်ဓားလို ကျန်းမာရေး နဲ့လည်း မညီညွှတ်ခဲ့ရပါဘူး
ညစ်ထေးနေတဲ့ ပိတ်ဖြူစလေးနဲ့ပဲ မလုံ့တလုံ ဖုံးလွှမ်းထားရတယ်။

ထောင်းလမောင်းကြေနေတဲ့ အကျီင်္အနွမ်းလေးမှာ ချွေးနံ့ အသစ်တွေ အစွမ်းကုန် စိမ်းလန်း
ရွက်ဆုတ်ပြက္ခဒိန်လေးလို လုံးပါးပါးလာရတဲ့နေ့စွဲများ
မတော်တော့တဲ့ ကတ္တီပါဖိနပ်ကလေးကို လမ်းခုလတ်မှာ ချွတ်ထားခဲ့လိုက်ရ။

တိမ်တွေ ဘယ်လိုအဓိပ္ပါယ်တွေနဲ့ ရွေ့ နေတာလဲ
ကမ်းပါးထိပ်မှာ အငူတစ်ခုလို ကျောက်ချထိုင်ရင်း
ငေးကြည့်နေမိတဲ့ မြစ်ရေတွေ ငေးကြည့်နေမိတဲ့ မျက်ရည်တွေ
ကမ်းနားသစ်ပင်တွေဟာ ငါ့နာမည်နဲ့ ပေါက်ရောက်ရှင်သန်နေ
မြစ်ထဲ ခရီးထွက်သွားပြီးကတည်းက ပြန်ရောက်မလာတော့တဲ့ မြို့တစ်မြို့အကြောင်း ငါတွေးနေ
တွေးရင်းတွေးရင်း ကပ်ပါးတစ်ကောင်လို တွယ်ကပ်ထားရတဲ့ ကမ်းပါးဟာပြိုကျသွား။

ကမ္ဘာဟာ အိမ်သေးသေးလေးတစ်လုံးကို ဗဟိုပြုလှည့်ပတ်နေ
အိမ်သေးသေးလေးက အိုကြီးအိုမလုပ်ခစဉ်းငယ်ကို ခံတွင်းအပိတ်ကြီးနဲ့ဖွင့်ဖွင့်ဝါးနေရ
ဒုက္ခ syndrome တွေ ဖွေးဖွေးလှုပ်ပွင့်တယ်
အော်ခေါ်လည်းပြန်မလာတဲ့အသံတွေ ကမ္ဘာကြီးကို နှုတ်သီးနဲ့ထိုးဖွ တူးဆွနေတာမြင်လား
မျက်ရည်တွေ လက်ယာရစ် ပတ်စီးနေတဲ့ပင်လယ်။

ခြေလှမ်းတွေအများကြီး အသုံးပြုပစ်ခတ်ခဲ့
ခြေလှမ်းတိုင်းမှာ အသက်ဓာတ်ကို ထည့်ပြီး ပစ်ခတ်ခဲ့
အောင်ပွဲ ဆာလောင်သူ ငါ့ကို အောင်ပွဲက စားသွား အောင်ပွဲက ငါ့ကိုလောင်သွား
တစ်စပြင်ငါ သုံ့ပန်းငါ မီးလောင်ငုပ်တိုငါ ပိုင်ရှင်မဲ့ ခမောက်ငါ
ရိုးသားဖြူစင်တဲ့ ငါ့သပြေပန်းကလေးကို အားနာတယ်။

အဓမ္မကို ဓားအိမ်ထဲက ဆွဲထုတ်လိုက်တာနဲ့ 
တစ်စုံ တစ်ရာ တစ်ထောင် တစ်သောင်း တစ်သိန်း တစ်သန်း ကို ထိရှတော့တာပဲ
မျက်ရည်တွေ သွေးထွက်အောင် အသွေးခံရ ။

ရိုးရာ လှည်းယဉ်လေး ဟာ ရွာကို လွမ်းလို့တဲ့ ပြတိုက်ထဲမှာ ငေးလို့
ကျေးတောသူလေးဟာ မြို့ကြီးပြကြီးရဲ့ ရင်ဘတ်ကြမ်းကြမ်းကြီးထဲမှာ ရှိုက်လို့။

ကွက်လပ်တွေ စိုက်လို့မဆုံး
ကွက်လပ်တွေ သီးလို့မဆုံး
ကွက်လပ်တွေ ရိတ်သိမ်းလို့မဆုံး။

ဝဲတွေထဲ လည်နေပုံ၊ လက်မလည်အောင် ဇာတ်နာပေးနေရပုံ
ဇက်စင်းပေးနေရပုံ၊ လည်စင်းပေးနေရပုံ၊ ဂိမ်းအိုဗာတွေ ပုံလာပုံ။

သစ်ပင်ကလည်းအတု သစ်ပင်အတုပေါ် နားနေတဲ့ငှက်ကလည်း အတု
ရင်သားအတု တင်သားအတု ဘုန်းကြီးအတု
မြက်ခင်းအတု ငြိမ်းချမ်းရေးအတု ဒီမိုကရေစီအတု
ဘာရတု ညာရတု ရတုအတုတွေ စိတ်ကြိုက်သုံးဆောင်နိုင်ပါပြီ။

အလွမ်းတွေမထွန်းကားတဲ့မြို့ယဉ်ကြီးထဲ ဟဲလိုတွေ atomic bombလို ကျကျကွဲ
ငါ့အပြင် ငါပဲကြေကွဲခဲ့ရ။

လေယာဉ်တစ်စင်းက ဖြတ်ကြိတ်သွားတဲ့ လှိုင်းတိုတွေပါ
အိမ်ပြန်ချိန်ကို ဘယ်ဘီးလှိမ့်သံကမှ ဥသြမဆွဲကြဘူး
အသိုက်ဟာ သိုက်တူးခံနေရတုန်း
'လက်ရည်တစ်ပြင်တည်း' ဟာ ဝါကျအကျိုးအပဲ့တွေလို အဓိပ္ပါယ်တွေပြန့်ကျဲနေတုန်း
အမေ့လက်ပေါ်က ညသေကြီး ဟာ မနက်ခင်းလှလှလေးအဖြစ် ရှင်သန်ထမြောက်လာမယ်။

လူဆိပ်ဟာ သွေးကြောတွေထဲ စိမ့်ဝင် ပျံ့ နှံ့ ပြာနှမ်းသွားပုံ မြန်နှုန်းမြင့်
မိုးဥတုရဲ့ အခေါက်တွေခွါချလိုက်တဲ့အခါ
မျက်ရည်အနှစ်အသားတွေ ကို ဘွားခနဲ တွေ့ လိုက်ရတယ်။

လေပူဖေါင်းလေးတွေလို မပေါက်ခင်အထိပေါ့ပေါ့ပါးပါးပျော်ပျော်ရွှင်ရွှင်ပေါ့
ပေါ့ရွှတ်ရွှတ်အသားတုကြီးကို ငုံထားရသလိုမျိုး လူ့ အဖြစ်ဟာ။

ဘလက်ကော်ဖီသောက် မြင်းရိုင်းတွေကိုလက်ခုပ်တီး
တစ်ကျင်းချင်းဝင်အောင်သွင်းနေတဲ့ သိုက်သမားတစ်ယောက်မဟုတ်ခဲ့တော့
လက်ရွေးစင်ပေါ့ပါးခြင်းမှာ ငါဟာ ခြေလှမ်းတွေနဲ့ သူနိုင်ကိုယ်နိုင်။

လေထဲမှာစိတ်တွေ လဲ့မှိုလေးလို လွင့်နေတယ်
လွှင့်ထူထားတဲ့ အနုပညာအလံတော်ဟာ လောကဓံရောင်ပေါက်နေတယ်
လမ်းပေါက်ကြီးနဲ့ ခရီးတွေကောက်နေရသလို
ကောက်ကောက်ကွေ့ ကွေ့ မြစ်ထဲ ကောက်ကောက်ကွေ့ ကွေ့ ကြီး မျောပါလာသလို
အမောဟာ ကျောမှာသပ်ရိုက်ထားပုံ ဒီဇိုင်းအလန်းနဲ့။

သစ်ရွက်ရယ်သံလေးရေ ငါ့ကို လှုပ်ခတ်ပါ
ဆည်းလည်းသံချိုချိုလေးရေ ငါ့ကို တီးခတ်ပါ
တိမ်ရနံ့ တွေ မွှေးမြအိမ်ကလေးရေ ငါ့ကို သစ်ပင်စိုက်ပါ
အမှိုက်ဆိုရင်တောင် မြေသြဇာဖြစ်ချင်သူပါ။

ကမ္ဘာကြီးတစ်ခုစာ ပျော်စရာများများလိုချင်ပါတယ်
ကမ္ဘာကြီးကို လက်ဆောင်ပေးဖို့။

လင်းလက်တာရာ လင်းဝေအိမ် သစ္စာမင်းအိမ်
ဒီဇင်​ဘာ၊ ၂၀၁၄

No comments:

Post a Comment