ကြောင်တစ်ကောင် နံရံကို ကုတ်ခြစ်နေပုံမျိုးနဲ့
အမှောင်ဟာ သန်းခေါင်ကို ကုတ်ခြစ်နေတယ်
ကြောင်ရဲ့ မျက်လုံးအရောင်ဟာ ကြွက်ကို သံသယဖြစ်စေရဲ့လား
အမှတ်သည်းခြေ မရှိတဲ့ ကြွက်ဟာ အနံ့ခံကောင်းသူ
ရှင်လျှက်နဲ့ ပုပ်နေတဲ့အနံ့ ဗီအိုင်ပီခန်းထဲက ထွက်နေတယ်
သမိုင်းရဲ့ ကွယ်လွန်သူ စာရင်းမှာ မွှေးပျံ့နေဆဲ နာမည်တွေ
မွှေးနေတဲ့ ရနံ့နဲ့ ပုပ်နေတဲ့အနံ့
ကြွက်ဟာ ဘယ်အနံ့ ကို ပိုကြိုက်သလဲ
သန်းခေါင်ဟာ အမှောင်ကို ပိတ်ပင်ခွင့်ရှိသလား
ကြွက်တွေရဲ့ရွေးချယ်မှုကို ကြောင်တွေက အသိအမှတ်ပြုရဲ့လား
ကြောင်တွေရဲ့ လွတ်လပ်ခွင့်ကို ကြွက်တွေက တားမြစ်သင့်သလား
ငါတို့ ဖြတ်သန်းခဲ့ရတဲ့ ညများစွာဟာ လှပခဲ့ပါရဲ့လား
ငါတို့ ဖြတ်သန်းရဦးမယ့် ညများစွာဟာ အိပ်မက်ဆိုးတွေနဲ့လား
အမှောင်ဟာ သန်းခေါင်ကို ကိုက်ခဲပစ်လိုက်တယ်
ကြွက်ဟာ ပုပ်နေတဲ့အသားတစ်ကို ကိုက်ခဲပစ်လိုက်တယ်
ကြောင်ဟာ ကြွက်ကို ကိုက်ခဲပစ်လိုက်တယ်
အမှောင်ကိုတော့ လရောင်က ကိုက်ခဲပစ်လိုက်ပြီး
ကြောင်ကိုတော့ ခွေးတစ်ကောင်က ကိုက်ခဲပစ်လိုက်တယ်
မိုးလင်းတော့ ကားတိုက်သေနေတဲ့ ခွေးတစ်ကောင်ကို တွေ့လိုက်ရတယ်
လင်းလက်တာရာ
No comments:
Post a Comment