အဆောက်အဦးကြီးထဲမှာ ပိတ်မိနေတဲ့ စိတ်တွေ
ဂိတ်တွေကို ဖြတ်ပြီး စိတ်တစ်ခုက စိတ်တစ်ခုကို လာတွေ့ လိမ့်မယ်လို့
စိတ်တစ်ခုက မျှော်လင့်မထားဘူး
ပိန်သွားတဲ့ ခန္ဓာကိုယ် ၊ ချောင်ကျသွားတဲ့ မျက်နှာ ၊ အားငယ် ဖျော့တော့ နေတဲ့ မျက်လုံး
အမြဲတမ်းဖူးပွင့်နေကျ အပြုံးလေးတောင် ကွယ်ပျောက်
တစ်ယောက်နဲ့ တစ်ယောက်မြင်နေရပေမယ့်
တစ်ယောက်ပခုံးကို တစ်ယောက် ပြေးဖက်လို့မရ
တစ်ယောက်ကို တစ်ယောက် မြင်နေရပေမယ့်
တစ်ယောက်အသံကို တစ်ယောက်မကြားရ
တစ်ယောက်နဲ့ တစ်ယောက်ကြားမှာ မှန်နံရံကြီး ခြား
မှန်နံရံကြီးရဲ့ အတွင်းအပြင် တယ်လီဖုန်းခွက် နှစ်ခုကနေ
တစ်ယောက်အသံကို တစ်ယောက် နားစိုက်ထောင်ရ
စက္ကန့် ၃၀၀ ဟာ ပြောစရာတွေနဲ့ မလောက်ဘူး
ကျန်းမာရေး သိပ်မကောင်းဘူး ပြောတယ်
စားတာသောက်တာ အဆင်မပြေဘူး ပြောတယ်
အိမ်ကိုလည်း အသိမပေးချင်ဘူး ပြောတယ်
အမေ့ကို စိုးရိမ်တယ်လည်း ပြောတယ်
ဖုန်းနံပါတ်တွေ အလွတ်မရဘူး ပြောတယ်
ဒီထဲမှာ ဘဝတူတွေ အများကြီးလို့ ပြောတယ်
သူဌေးကရော ဘာမှမလုပ်ပေးဘူးလား ပြောတယ်
ပါမစ်အတုကပ်ပေးတဲ့ အေးဂျင့်ကို သတ်ချင်တယ်လို့ ပြောတယ်
မထူးတော့ပါဘူး ဆိုတာလည်း ပြောတယ်
သိပ် ပူမနေပါနဲ့ လို့လည်း ပြောတယ်
ပြောလို့မကုန်သေးခင်မှာပဲ အချိန်စေ့ပြီလို့ အစောင့်ကလာပြောတယ်
ခတ်ထားတဲ့ လက်ထိပ်ကို မကြည့်ရက်ဘူး
ဝတ်ထားတဲ့ ယူနီဖောင်းကို မကြည့်ရက်ဘူး
နှုတ်ဆက် ထွက်ခွာလာရတဲ့ ကျောပြင်မှာ ကပ်ပါလာတဲ့ မျက်ဝန်းတစ်စုံ
ရင်းဂစ်တွေကို ဖြဲပစ်ချင်တယ်
လင်းလက်တာရာ
No comments:
Post a Comment