Wednesday, February 11, 2015
ကျွန်တော့်ကို တစ်စုံတစ်ယောက် စွန့် ပစ်သွားတာက အစ
ဘယ်သူများကောက်မလဲလို့ ပလက်ဖောင်းပေါ်မှာ
လူ အနင်းခံပြီးစောင့်နေတာပါ၊ အကြာကြီး။
လေက ကျွန်တော့်ကို ကားလမ်းမပေါ် တွန်းချလိုက်တယ်။
လွင့်သွား။ ကျွန်တော့်ကိုယ်ပေါ် ကားတွေ တစ်စီးပြီးတစ်စီး
တက်ကြိတ်သွား။ စွန့် ပစ်ခံလိုက်ရတာလောက်တော့
မနာဘူး။ လောကထဲ ပေါ့ပေါ့ပါးပါးရယ်တတ်ဖို့
လေနဲ့ အတူ ကျွန်တော် ပေါ့ပေါ့ပါးပါး ရွေ့ လျား။
ဘယ်သူများ ကျွန်တော့်ကို သတိထားပြီး ကောက်မလဲ။
ခွေးတစ်ကောင် ကျွန်တော့်ဆီ ပြေးလာ။ တို့ထိ။
အနံ့ခံ။ ချာခနဲ လှည့်ထွက်သွား။ နောက်ထပ် ခွေးတစ်ကောင်
အရောင်မွဲမွဲမျှော်လင့်ချက်တွေနဲ့ ရောက်လာ။ တို့ထိ။
အနံ့ခံ။ စိတ်ပျက်လက်ပျက် လှည့်ထွက်သွား။
ခြေသံတွေကို ကျွန်တော် ကြားနေရတယ်။
ကျွန်တော့်ကို ကောက်ပါလို့ ကျွန်တော် အော်တယ်။
ခြေသံတွေက ကျွန်တော့် အော်သံကို မကြား။
စည်ပင်ကားကြီး ကျွန်တော့် အနားကနေ ဖြတ်မောင်းသွားတယ်။
ကျွန်တော့် အော်သံကို မကြား။ မြို့တော်ကြီးရဲ့ လမ်းမထက်မှာ
ကျွန်တော် လေနဲ့ အတူ လွင့်နေတယ်။ တစ်လွင့်ပြီးတစ်လွင့်။
လွင့်ကောင်းကောင်းနဲ့ လွင့်နေလိုက်တာ ၊ ရေမြောင်းပုပ်ကြီးထဲ
ပြုတ်ကျဖို့ သီသီကလေး။ သည်းထိတ်ရင်ဖို သီသီကလေး။
သီသီကလေး လွတ်မြောက်လာ။ လွတ်မြောက်ခြင်းရဲ့
အရသာကို အရသာတွေ့ လာ။ လေနဲ့ လွင့်နေရတာကို
ခိုက်လာ။ မြို့တော်ကြီးထဲ လွင့်နေရတာကို ပျော်လာ။
ဘယ်သူမှ ကျွန်တော့်ကို မကောက်တော့ဘူးလား လို့ ဝမ်းနည်းလာ။
တစ်ယောက်ယောက်များ ကျွန်တော့်ကို ကောက်ဦးမလားလို့ 
ပြတ်လုပြတ်ခင် မျှော်လင့်ကြိုးကလေးကို ထပ်ဆက်နေ။
ရုတ်တရက် ၊ လေကြမ်းကြမ်းကြီး စောင့်ဝင်လာ။
မြို့တော်ကြီးပါ တုန်ခါသွား။ ကျွန်တော်လည်း ဇောက်ထိုးမိုးမျှော်
ဒလိမ့်ခေါက်ကွေး လွင့်စင်သွား။ တစ်လွင့် ပြီး တစ်လွင့်။
စွန့် ပစ်ခံလိုက်ရတာလောက်တော့ မနာဘူး။ တစ်လွင့်ပြီးတစ်လွင့်။
သတိဝင်လာတော့ သစ်ပင်ကြီးတစ်ပင်ပေါ်မှာ ကျွန်တော်ငြိနေတယ်။
အဲဒီကတည်းက သစ်ရွက်တွေ မရှိတော့တဲ့ သစ်ကိုင်းမှာ
သစ်ရွက်ယောင်ဆောင်ပြီး နေလာခဲ့တာ သစ်ရွက်တွေ ပြန်လည်
စိမ်းလန်းလာတဲ့ ခုချိန်အထိ။
လင်းလက်တာရာ
14.9.2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment