Wednesday, February 11, 2015
ကျွန်တော်တို့တွေဟာ သူခိုးဂျပိုးတွေပါ သမ္မတကြီး
ငါတို့တွေက ငါးတွေဆိုရင် သူတို့တွေက ပိုက်ကွန်တွေ
ငါတို့တွေက ကြွက်တွေဆိုရင် သူတို့တွေက ကြွက်ထောင်ချောက်တွေ
ငါတို့တွေက သစ်ပင်တွေဆိုရင် သူတို့တွေက တောမီးတွေ
အော်ပရာစီတွေက ငါတို့ကို ကိုက်ဖြတ်စားသောက်နေပြီ
ငါတို့ကို ခွေးတစ်ကောင်လို ချောင်ပိတ်ရိုက်နေပြီ
ငါတို့ရဲ့ ဝပ်ကျင်းတွေကို သံခြေကျင်းခတ်နေပြီ
သူတို့သောက်ဖို့ ရေကို ငါတို့ခပ်ပေးခဲ့တာတွေ
သူတို့စားဖို့သစ်သီးကို ငါတို့ခူးပေးခဲ့တာတွေ
ခုတော့ သောက်ရေထဲက အမှိုက်ကို ရေစစ်နဲ့ စစ်ထုတ်သလိုမျိုး
ငါတို့ကို သူတို့ စစ်ထုတ်နေပြီ
သစ်သီးထဲက သစ်စေ့ကို ဓားနဲ့ ကော်ထုတ်သလိုမျိုး
ငါတို့ကို သူတို့ ဓားနဲ့ ကော်ထုတ်နေပြီ
ရထားဂိတ်တွေမှာ ၊ ကားဂိတ်တွေမှာ
မြို့ထဲမှာ ၊ မြို့ပြင်မှာ
အလုပ်သမား တန်းလျားတွေမှာ
နေရာပေါင်းစုံမှာ ပိုက်စိပ်တိုက်
အစုလိုက်အပြုံလိုက် ကွိ ကုန်ပြီ
ကြက်ခြင်းထဲက ကြက်တွေကို တစ်အုပ်ပြီးတစ်အုပ် မိကုန်ပြီ
ကူရာမဲ့ မျက်ဝန်းတွေ
မီးကျွမ်းသွားတဲ့ ရှုမျှော်ခင်းတွေ
ထပ်ပိုင်းကျိုးကျသွားတဲ့ မျှော်လင့်ချက်တွေ
မျက်ရည်စက်လက် မိသားစု အပိုင်းအစတွေ
ပိုးစာပေါက်တွေနဲ့ အနာဂတ်ရွက်ခြောက်တွေ
ညတွေဟာ စစ်မြေပြင်နဲ့ တူပြီး
နေ့တွေဟာ အကြမ်းဖက်မှုတွေနဲ့ တူတယ်
ငါတို့ကို ဝိုင်းထားတဲ့ စည်းတွေဟာ တဖြည်းဖြည်းကျဉ်းလာပြီ
ငါတို့ကို ဝိုင်းထားတဲ့ မီးတွေဟာ တဖြည်းဖြည်းနီးလာပြီ
ထောင်ဒဏ်လား ၊ ကျိန်ဒဏ်လား
ထောင်ဒဏ်ရော ကျိန်ဒဏ်ရောလား
စိတ်ပိုင်းဆိုင်ရာမှာ ရမယ့် ဒဏ်ရာနဲ့ 
ရုပ်ပိုင်းဆိုင်ရာမှာ ရမယ့် ဒဏ်ရာ
လုပ်လက်စအလုပ်တွေကို ပစ်ချလိုက်တယ်
ကိုယ့်ပစ္စုပ္ပန်ကိုယ် ကျစ်ကျစ်ပါအောင် ဆုပ်လိုက်ကြတယ်
'ရောက်တဲ့အရပ်ကနေ အိမ်ရောက်အောင်ပြန်မယ်'
မထူးဇာတ်တွေကို စက်နိုးလိုက်ကြတယ်
လိုင်းကား မစီးရဲဘူး ၊ သူတို့တွေက ကားဂိတ်မှာ
တက္ကဆီ မစီးရဲဘူး ၊ သူတို့တွေက တက္ကဆီ တွေကို တားကုန်ပြီ
နောက်ဆုံး ကိုယ်ပိုင်ကားတစ်စီးကိုပဲ
ဈေးကြီးပေးပြီး ငှါးလိုက်ကြတယ်
ဘဝရဲ့ စွန့် စားခန်းတွေကို
ရီဟာဆယ် မပါဘဲ ၊ လူစားထိုးတင်ဆက်မှု မရှိဘဲ
Live ထုတ်လွှင့်လိုက်ကြတယ်
ဂျိုဟိုးကနေ ကွာလာလမ်ပူမြို့တော်ကြီးဆီ ရောက်ဖို့
ငါတို့ အနာဂတ်တွေကို ဖက်နဲ့ ထုပ်ထားရတယ်
ငါတို့ ရှု့ မျှော်ခင်းတွေကို ဖက်နဲ့ ထုပ်ထားရတယ်
ငါတို့ အိပ်မက်တွေကို ဖက်နဲ့ ထုပ်ထားရတယ်
ငါတို့ ဘဝတွေကို ဖက်နဲ့ ထုပ်ထားရတယ်
တစ်ယောက်လက်ကို တစ်ယောက် ကျစ်ကျစ်ပါအောင် ဆုပ်ထားရတယ်
ကံကောင်းထောက်မစွာ ငါတို့ကို ထုပ်ထားတဲ့ ဖက်ဟာ ပေါက်ကျမသွားသေး
ကွာလာလမ်ပူမြို့တော်ကြီးက သားရဲတွင်းကြီးလို ငါတို့ကို ဆီးကြိုတယ်
အောက်လမ်းပို့ဆောင်ရေးအေးဂျင့်လက်ထဲ
ရင်းဂစ်အထပ်လိုက်နဲ့အတူ ငါတို့ဘဝတွေကို ဝကွက် အပ်လိုက်ကြတယ်
ညနက်နက်ကြီးထဲ ထိန်ထိန်ငြီးနေတဲ့ မာကျူရီမီးတွေ
ကွာလာလမ်ပူ - ပီနန်း အဝေးပြေးလမ်းမကြီး
အေးစက်ချမ်းစိမ့်နေတဲ့ အဲကွန်းအောက်မှာ ပူခြစ်တောက်လောင်နေတဲ့ စိတ်တွေ
အဝေးပြေး ၂ ထပ်ကားကြီးပေါ်မှာ ငါတို့ဘဝတူတွေများစွာ
သတင်းပေါက်ကြားတာနဲ့ ဖက်နဲ့ထုပ်ထားတဲ့ ငါတို့ဘဝတွေဟာပေါက်ကျတော့မှာ
ကံကောင်းထောက်မစွာ ပီနန်းမြေပေါ်ထိ ငါတို့ဘဝတွေ ပေါက်မကျသေး
သားရဲတွင်းကြီးနဲ့တူတဲ့ မလေးကျွန်းဆွယ်ကြီး ထဲက လွတ်မြောက်ဖို့
ငါတို့တွေ ကားနောက်ဖုံးလေးထဲမှာ
ငါတို့ဟာ သူခိုးဂျပိုးတွေပဲ
ငါတို့ ပုန်းလျှိုးကွယ်လျှိုး နဲ့ နယ်စပ်ဖြတ်ကျော်နေတာ
ငါတို့ သမ္မတကြီး မသိဘူး
မလေးရှား ဝန်ကြီးချုပ်လည်း မသိဘူး
ထိုင်း ဝန်ကြီးချုပ်လည်း မသိဘူး
အသက်ရှုရတာ မဝတော့ဘူး
အောက်ဆီဂျင်ပေးပါ
ငါ့အောက်မှာ ငါ့ဘဝတူ တစ်ယောက်
ငါ့အထက်မှာ ငါ့ဘဝတူ တစ်ယောက်
ငါ့ညာဘက်ဘေးမှာ ငါ့ဘဝတူ တစ်ယောက်
ငါ့ဘယ်ဘက်ဘေးမှာ ငါ့ဘဝတူတစ်ယောက်
စုစုပေါင်း ဘဝတူ ၅ ယောက်
အသက်ရှုရတာ မဝတော့ဘူး
အောက်ဆီဂျင်ပေးပါ
ငါတွေးတယ် နောက် ၁၀ မိနစ်ဆို ငါသေပြီ
ငါ့လိုပဲ ငါ့ဘဝတူတွေလည်း တွေးမှာပဲ
ငါတွေးတယ် နောက် ၅ မိနစ်ဆို ငါသေပြီ
ငါ့လိုပဲ ငါ့ဘဝတူတွေလည်း တွေးမှာပဲ
ငါတို့ မသေမရှင် ဖြစ်နေတာ ငါတို့ သမ္မတကြီး မသိဘူး
ငါတို့ မသေမရှင် ဖြစ်နေတာ မလေးရှား ဝန်ကြီးချုပ်လည်း မသိဘူး
ငါတို့ မသေမရှင် ဖြစ်နေတာ ထိုင်း ဝန်ကြီးချုပ်လည်း မသိဘူး
နိုင်ငံရေးအကျဉ်းသားလို တိုက်ပိတ်ခံထားရတဲ့ ငါတို့ကို
ကားနောက်ဖုံး မြန်မြန်ဖွင့်ပေးကြပါ
နောက် မိနစ်အနည်းငယ်ဆို ဖက်နဲ့ ထုပ်ထားတဲ့ ငါတို့ဘဝတွေပေါက်ကျတော့မှာ
ကံကောင်းထောက်မစွာ ငါတို့ဘဝတွေ ပေါက်မကျသေး
ကားနောက်ဖုံးဖွင့်ဖွင့်ချင်း ထိုင်းနိုင်ငံထုတ် လေ ဟာ
ငါတို့ အသက်ကို ဆက်စေတယ်
ငါတို့ကပဲ အသက်ပြင်းတာလား
ငါတို့ သက်ပြင်းတွေ ကိုယ်စီချလိုက်ကြတယ်
စစ်ကြီးပြီးတော့ စစ်ကြီးထဲ ပြန်ဝင်ရတဲ့ စစ်သားတွေလို
သံတိုင်တွေ ကာထားတဲ့ ကားပြာကြီးဟာ
သံဆူးကြိုးအထပ်ထပ်နဲ့ အင်မီကရေးရှင်းထဲ ငါတို့ကို မောင်းသွင်းသွား
ဘဝတူတွေ ၊ ဘဝတူတွေ ၊ ဘဝတူတွေ
ငါတို့ ရှေ့မှာ ဘဝတူတွေ ၂၀၀ နီးပါး အထွက်
ငါတို့ ဘဝတူတွေ ၂၀၀ နီးပါး အဝင်
လူငယ် ၊ လူလတ် ၊ လူကြီး ၊ အမျိုးသမီး
ကိုယ်ဝန်ဆောင်၊ ကလေး နဲ့ နို့ဆို့ အရွယ်တွေ အပါအဝင်
ဘဝတူတွေ ပွဲတော်ကြီးတစ်ခုလို စည်ကား
ငါတို့နာမည် ၊ ငါတို့ လက်ဗွေ နဲ့ ငါတို့ မျက်နှာတွေကို
သူတို့ မှတ်တမ်းတင်လိုက်ကြပြီး
သေးရေလွှမ်းနေတဲ့ အချုပ်ခန်းထဲကို ထည့်လိုက်ကြတယ်
ပျို့ သူပျို့ ၊ အန်သာအန်၊ မှိုင်သူမှိုင် ၊ ငိုသူငို ၊ ညည်းသူညည်း
အိပ်မရ ၊ လှဲမရ ၊ ညလုံးပေါက် ငုတ်တုတ်ထိုင်
မျက်နှာချင်းဆိုင်အခန်းတွေမှာလည်း
အိမ်ပြန်မရောက်ဖြစ်ကြတဲ့ ဆယ်လ်မွန်ငါးတွေလို လူမျိုးပေါင်းစုံ ဘာသာပေါင်းစုံ
'တစ်သက်နဲ့တစ်ကိုယ် ဒီလောက်ဆိုးရွားတဲ့ ထမင်းမတွေ့ ဖူးဘူး' ဆိုတဲ့အသံတွေ
ဗိုက်ဆာနေတာတောင် ဘယ်လိုမှ စားမရ
သောက်ရမယ့် ရေကလည်း အိမ်သာထဲကရေ
အမေရေ ၊ အိမ်ထမင်းစစ်စစ် စားချင်တယ်
အဖေရေ ၊ အိပ်ရာစစ်စစ် မှာ အိပ်ချင်တယ်
ငါတို့ကို ငါတို့နိုင်ငံဆီ ပြန်ပို့ပေးပါ့မလား ဆိုတဲ့ အငုံ့အနွမ်းစိတ်နဲ့ 
ဖက်နဲ့ ထုပ်ထားတဲ့ ငါတို့ဘဝတွေကို ရင်ဝယ် ပိုက်ထားရ
ငါတို့ကို ပိတ်ထားတဲ့ သော့ဂလောက်ကြီး ပွင့်သွားတယ်
'ဟေး' ဆိုတဲ့ သံပြိုင်အပျော်တွေဟာ
ငါတို့နိုင်ငံဆီ လမ်းညွှန်ပြပေးနေတဲ့ ဓူဝံကြယ်
အင်မီဂရေးရှင်း အဝမှာ
ငါတို့ ဘဝတူ ၂၀၀ နီးပါးအထွက် နောက်ထပ် ဘဝတူ ၂၀၀ နီးပါး အဝင်
မဲဆောက် - မြဝတီ ၊ ကားငါးစီး ၊ နာရီ ၃၀ ၊
မြင့်မားမတ်ဆောက်တဲ့ မဲဆောက် တောင်တန်းကြီးတွေပေါ်မှာ
ဖက်နဲ့ ထုပ်ထားတဲ့ ငါတို့ ဘဝတွေဟာ
ထိုင်းလူမျိုး ဒရိုင်ဘာရဲ့ လက်ထဲမှာ
သတိတစ်ချက်လစ်တာနဲ့ ငါတို့ဘဝတွေအားလုံး
ချောက်နက်ကြီးထဲ ပြုတ်ကျသွားမှာ
စလစ်တစ်ချက်ဖြစ်တာနဲ့ ငါတို့ ဘဝတွေအားလုံး
ချောက်နက်ကြီးထဲ မှောက်ကျသွားမှာ
ကံကောင်းထောက်မစွာ ငါတို့ဘဝတွေ ပေါက်ကျမသွားသေး
ငါတို့တွေဟာ တကယ့် သူခိုးဂျပိုးတွေပါ
ကိုယ့်မြေကိုယ့်ရေ ကို တိတ်တိတ်လေး ခိုးဝင်လာတာ
ငါတို့ သမ္မတကြီး မသိဘူး
ကိုယ့်မြေကိုယ့်ရေ ကို တိတ်တိတ်လေး နယ်စပ်ဖြတ်ကျော်ဝင်လာတာ
ငါတို့ သမ္မတကြီး မသိဘူး
မြဝတီနယ်စပ်မြို့လေးဟာ ငါတို့ကို မပိုက်ထွေးခဲ့ပါဘူး
ငါတို့ကပဲ မြဝတီနယ်စပ်မြို့လေးကို ပိုက်ထွေးခဲ့တာပါ
မြဝတီနယ်စပ်မြို့လေးဟာ ငါတို့ကိုဖက်မနမ်းခဲ့ပါဘူး
ငါတို့ကပဲ မြဝတီနယ်စပ်မြို့လေးကို ဖက်နမ်းခဲ့တာပါ
ငါတို့ဘဝတွေကို ဖက်နဲ့ ထုပ်ထားစရာမလိုတော့ဘူး
အဲဒီဖက်တွေကို ငါတို့ ဖြဲလိုက်ကြပြီ
ရှေ့ မှာ အိနြေ္ဒရရ အန္တရာယ်အခန့် သားနဲ့
မြင့်မားမတ်ဆောက်ပြီး ကြောက်စရာကောင်းတဲ့ ဒေါနတောင်တန်း
သင့်ကို ဖက်နမ်းဖို့ ငါတို့လာပြီ
ဘာဖက်နဲ့မှ ထုပ်မထားတော့တဲ့ ငါ့တို့ ဘဝတွေကို
သင့်အား ချစ်မြတ်နိုးစွာပေးပါရဲ့
သင့်လက်ပေါ်မှာ သေမယ်ဆိုရင်တောင် ငါတို့သေလို့ရပြီ
ငါတို့ သေပျော်ပြီ
လင်းလက်တာရာ
15.9.2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment