အသံကြောင့်ဖားသေ။ အသံကြောင့်တော့ ဖားတိုင်းမသေ။
အသံက အရေးကြီးတာလား။ ဘာသာစကားက အရေးကြီးတာလား။
ဖားက မိုးကိုအသေခံပြီးဖွဲ့ဆိုတယ်။ ဖားက မိုးရာသီရဲ့အကောင်းဆုံးကစားသမား။
ကိုယ်သေမတတ်ပြောနေလည်း သူနားမလည်ရင် သဲထဲရေသွန်ပဲ။
သူသေမတတ်ပြောနေလည်း ကိုယ်နားမလည်ရင် အလကားပဲ။
ဖားဟာ မြေအောက်တော်လှန်ရေးခေါင်းဆောင်။ အနေအထိုင်ကျစ်လစ်တယ်။
အသံမရှိသူမှာ ဘာသာစကားလိုမလို။ အမူအရာတွေက အနက်အဓိပ္ပါယ်တွေပဲ။
ဖားမှာအသံရှိတယ်။ လူမှာအသံရှိတယ်။ လူနဲ့တိရစ္ဆာန်ကို ဘာသာစကားတွေက
ခြားထားတယ်။ လူလူချင်းတောင် ဘာသာစကားတွေက ခြားထားတယ်။
ဖားမတစ်ကောင်ဟာ ဥဥတဲ့အခါ ဥပေါင်း နှစ်သောင်းဝန်းကျင်လောက်ဥတယ်။
မျက်လုံးမှပြောသော အသံများ။ နှလုံးသားမှ ပြောသော အသံများ။
အသံမှာ အရောင်အမျိုးမျိုးရှိတယ်။ အသံမှာ ကီးအမျိုးမျိုးရှိတယ်။
ဖားဥကနေ ဖားလောင်း၊ ဖားလောင်းကနေ ဖားတစ်ကောင်ဖြစ်ဖို့
ရက်ပေါင်း (၉၀) နီးပါးကြာတယ်။ ခေတ်ပေါ်လား ခေတ်ပြိုင်လား မကွဲပြားတဲ့
ဖားတစ်ပိုင်းငါးတစ်ပိုင်းဘဝကိုလည်း ရုန်းကန်ရင်ဆိုင်ခဲ့ရတယ်။
တချို့အသံတွေက စပ်ဆက်နေတယ်။ တချို့အသံတွေက သီးခြားကွဲ/ခွဲထွက်နေတယ်။
တချို့အသံတွေက ပြုလုပ်ဖန်တီးထားတာ။ တချို့အသံတွေက သဘာဝစစ်စစ်။
ဖားတစ်ကောင်အဖြစ်ရှင်သန်ဖို့ဆိုတာ လူတစ်ယောက်ရှင်သန်ဖို့ထက် ခက်ခဲနေမလား။
တချို့အသံတွေမှာ ဩဇာအာဏာရှိ။ တချို့အသံတွေမှာ ဩဇာအာဏာမရှိ။
ခေါင်းလောင်းသံက ခေါင်းလောင်းသံပဲ။ သေနတ်သံက သေနတ်သံပဲ။
ရယ်သံက ရယ်သံပဲ။ ငိုသံက ငိုသံပဲ။ အသံချင်းတူပေမယ့် အသံချင်းမတူ။
တချို့အသံတွေက ရွှေ့ယူလို့မရလောက်အောင် အသားကျနေတယ်။
ဖားဟာ ငါးရဲ့အစာလည်းဖြစ်။ မြွေရဲ့အစာလည်းဖြစ်။ ကြောင်ရဲ့အစာလည်းဖြစ်။
လူရဲ့အစာလည်းဖြစ်။ ဖားဟာ အစာသက်သက်လား။ အစားခံသက်သက်လား။
အသံတွေက သိမှုကို တိုက်ရိုက်ဆက်ဆံတယ်။ အသံတွေက ကြိမ်နှုန်းမြင့်တုန်ခါတယ်။
ဆင်တူယိုးမှားအသံတွေက အာရုံကို မှောက်မှားစေတယ်။
ဘေးအမျိုးမျိုး ရန်အသွယ်သွယ်နဲ့ ဖားကိုမှ တုံးပိလေခြင်း။
အသားကျနေတဲ့အသံတွေကို ပြောင်းပြန်လှန်ကြည့်တဲ့အခါ။ ဥပမာ။
သင်ဟာ အမျိုးသမီးဆိုပါစို့။ သင့်အသံဟာ ယောက်ျားသံကြီးအဖြစ်ပြောင်းသွားမယ်။
သင်ဟာ အမျိုးသားဆိုပါစို့။ သင့်အသံဟာ မိန်းမသံကြီးအဖြစ်ပြောင်းသွားမယ်။
ရှော့ခ်ရသွားပြီလား။ အသားကျနေတဲ့ ကဗျာကို ပြောင်းပြန်လှန်တဲ့အခါ။
အသံကြောင့်တော့ ဖားတိုင်းမသေ။ ဖားရဲ့ ဆင့်ကဲဖြစ်စဉ်တိုင်းမှာ ဖားဟာ အချိန်မရွေး
သေနိုင်တယ်။ အောင်မြင်တဲ့ ဖားတစ်ကောင်အဖြစ် သင် ရပ်တည်နိုင်ပါ့မလား။
အသံအချင်းချင်း သတ်ဖြတ်ခြင်း ကင်းရှင်းကြပါစေ။
လင်းလက်တာရာ
14.8.2014
No comments:
Post a Comment