Saturday, July 4, 2015
ပုဒ်မတွေဆီက အပုပ်နံ့တွေ ပန်းထွက် ခြေဥဟာ မုတ်ကျပန်းသေနေ
သိပ်ကြွေကွဲ ရင်နာစရာကောင်းတဲ့ပုံရိပ်တွေကို
ဒီနေရာမှာ စိတ်နဲ့ရေးဆွဲနိုင်ပါတယ်
ဆွဲရင်းဆွဲရင်း စိတ်မင်တွေ ကုန်သွားနိုင်ပါတယ်
စိတ်ကုန်သည် တစ်ယောက်ဟာ ဘဝသင်္ဘော မှောက်သွားတယ်
လှေခွက်ချည်းကျန် အလံမလဲ ကို ဘယ်နတ်သမီးမှ လာမကယ်ဘူး
နို့နှစ်ရောင်ပင်လယ်ကြီးဟာ မိခင်စိတ်အပြည့်နဲ့ ပိုက်ထွေးလိုက်တယ်
ပိုက်ထဲ အထွေးလိုက်
ငါးမန်းတောင်ဟင်းချို သောက်ခဲ့တယ်ဆိုတာ ငါးမန်းဗိုက်ထဲရောက်မှ သတိရ
ပုလဲလက်စွပ်ဝတ်ထားတဲ့လက်ခလည်ကို ကမာကောင်က ပြန်လည်ဝါးမြိုလိုက်ပြီ
ဓာတ်ပုံထဲကနေရောင်က ဆူးလို မျက်လုံးကို လာစူးတယ်
ရောဂါပိုးတွေသေစေနိုင်တယ်ဆိုလို့ ကန္တာရထဲ ထွက်ထိုင်နေတဲ့ လေထုညစ်ညမ်းမှုဟာ
ရေနံတူးဖော်ရေးလုပ်ငန်းခွင်ထဲ လှိမ့်ကျသွားတယ်
ရေချိုမြစ်ကြီးကို ငါးတစ်ကောင်လို ခုတ်ထစ်ပိုင်းဖြတ်
ငှက်တစ်ကောင်ရဲ့အရိုးစုရုပ်ကြွင်းထဲမှ လူလုပ်စွန့်ပစ်ပစ္စည်းတွေ
သဘာဝတရားကြီးဟာ ဆံဖြူသွားကျိုး အိုမင်းရွတ်တွ လေဖြတ် ကိုယ်တစ်ပိုင်းသေ
ဟိမဝန္တာတောင်ကြီး ရွေ့သွားတယ်လို့ သိပ္ပံပညာရှင်တွေက မှတ်ချက်ပြုတယ်
ကဗျာအရွေ့ဖြစ်စဉ်မှ တွန့်ခေါက်စာသားများ
ဖန်ခွက်အပိုင်းအစတွေကို လက်စဖျောက်လိုက်နိုင်ပေမယ့်
ဖန်ခွက်ကျကွဲသံကိုတော့ လက်စဖျောက်ပစ်လို့မရ
ဖုံးကွယ်ထားတဲ့သမိုင်းဟာ မှိုလို မိုးဦးကျတာနဲ့ ထိုးထွက်လာမှာပဲ
ပန်းရနံ့လို လေထုထဲ လူထုထဲ မွှေးပျံ့ လာမှာပဲ
သုခဘုံနဲ့ ဒုက္ခသည်စခန်းကို ဝါကျတစ်ကြောင်းထဲမှာ ကြမ်းတစ်ပြေးညီထားလိုက်တယ်
ငွေဆာနေတဲ့ မျက်လုံးတွေဟာ ကိုယ်ချင်းစာတရားစာနေတဲ့မျက်လုံးတွေကို မမြင်ဘူး
သမုဒ္ဒရာဝမ်းတစ်ထွာဟာ မီးဟုန်းဟုန်းတောက်လို့
လူ့အဖွဲ့အစည်းထဲက မီးတောင်မှာ နိုင်ငံရေးချော်ရည်ပူတွေ ပွက်ပွက်ဆူလို့
သာယာဝတီထောင်ထဲကနေ မြားတစ်စင်းလို ပစ်လွှတ်လိုက်တဲ့ကဗျာတစ်ပုဒ်ဟာ
မလေးကျွန်းဆွယ်ပေါ်က အိမ်ပြေး လူငယ်လေးတစ်ယောက်ရဲ့ရင်ဘတ်ကို လာမှန်တယ်
မျက်ရည်ခံစစ်ကြောင်းဟာ ဟောင်းလောင်းကြီးပေါက်လို့ ဒုက္ခတွေ တစ်ဂိုးပြီးတစ်ဂိုး
မအောင်မြင်တဲ့ ကစားသမားရဲ့ တန်းဆင်းအင်္ကျီနောက်ကျောမှာ နိုင်ငံတစ်နိုင်ငံရဲ့ နာမည်
အပူပေးထားတဲ့ ပြည်သူလူထုကို လိုသလို ပုံသွင်းခဲ့ကြတယ်
အပူပေးထားတဲ့ ပြည်သူလူထုကို လိုသလို ပုံသွင်းနေကြဆဲ
အပူပေးထားတဲ့ ပြည်သူလူထုကို လိုသလို ပုံသွင်းကြဦးမယ်
ပေါက်ပြဲနေတဲ့ပညာရေးစနစ်ကို ထရံအပါက်အပြဲကြားက မြင်လိုက်ရ
လတွေသာပုံသဏ္ဍာန်အမျိုးမျိုးပြောင်းသွားတယ် ညတွေက ညတွေအတိုင်း
ခွေးအတွေက အူမြဲအတိုင်း
သေနတ်ပြောင်းဝမှာ မြစ်ဝကျွန်းပေါ်ကြီးကိုတင်ထားတယ်
ဧရာဝတီကိုတင်ထားတယ် မန္တလေး မြို့ရိုးနဲ့ ကျုံးကိုတင်ထားတယ်
သယံဇာတတွေကိုတင်ထားတယ် တောတောင်တွေကိုတင်ထားတယ်
ရေနံပိုက်လိုင်းကြီးကို တင်ထားတယ် ဘာသာရေး ပဋိပက္ခတွေကိုတင်ထားတယ်
လူသားအရင်းအမြစ်တွေကိုတင်ထားတယ် ဒီမိုကရေစီအတုအယောင်ကိုတင်ထားတယ်
ခလုတ်တွေ တစ်ခုပြီးတစ်ခု
ဇာတ်တိုက်ထားသလို ဆက်တိုက်
ဖြုတ်ချ
ကမ္ဘာ့အနက်ဆုံးဆင်းရဲတွင်းကြီးထဲ ခွေးကျဝက်ကျ
ဦးနှောက်မှာ စစ်မှိုင်းတွေ ကျပ်ခိုးစွဲလို့
အာဏာဘိန်းဖြူကို ဘိန်းစားတွေလို ရှူလို့
ကိုယ်ကျိုးကြည့်ဝါဒကို အုပ်စုဖွဲ့လိင်ဆက်ဆံလို့
သို့
တော်လှန်ရေး
မပြီးသေးတဲ့ ရုပ်ထု
ဆက်လက်ထုဆစ်
'မိသားစုနှင့်အတူ ပျော်ရွှင်စွာ နေထိုင်လျှက်ရှိပါသည်' ကို ရှာနေတာ
လျှာတွေတောင် မြက်ပေါက်တော့မယ်
ကျိုးပဲ့ပြန့်ကျဲနေတဲ့ ထင်းရှူးသားအပိုင်းအစတွေကို ဆက်စပ်ကြည့်လိုက်တော့
လူငယ်ဘဝရဲ့ ဂစ်တာတစ်လက်ပုံ ပေါ်လာတယ်
၄၅ ဒီဂရီစောင်းပြီးရွာနေတဲ့ မတရားမှုတွေဟာ မတိတ်တော့ဘူး
အဖြစ်အပျက်တွေဟာ ဓာတ်တိုင်ပေါ် ဝါယာကြိုးတက်ပြင်နေစဉ် လျှပ်စစ်မီး ဖွင့်ခံလိုက်ရသူလို
လင်းလက်တာရာ
1.7.2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment