Tuesday, July 28, 2015

'အပိုင်းအစတွေကို ကျစ်ပြီး ဖြစ်တည်လာတဲ့ကြိုးနဲ့  ဟော့သလို ချည်လိုက်တယ် ဖြည်တွေးတွေး'

'အပိုင်းအစတွေကို ကျစ်ပြီး ဖြစ်တည်လာတဲ့ကြိုးနဲ့ 
ဟော့သလို ချည်လိုက်တယ် ဖြည်တွေးတွေး'




မွေးဖွားလာတာ သေတာပဲ အဖတ်တင်တယ်
တစ်နေ့ တစ်နေ့ ကမ္ဘာကြီးမှာ ကျနေတဲ့ မျက်ရည်တွေ ဘယ်နှလီတာ

အညာမှာမရွာဘဲ ပင်လယ်ထဲသွားရွာနေတဲ့မိုးကို
ဆွဲစုတ်လုံးချေပစ်လိုက်တယ်

မိသားစု ရထားပေါ်က ကျွတ်ကျန်ခဲ့တဲ့ ဖိနပ်တစ်ဖက်လို ငါ
ဟွန်းသံတွေ နှင်းလို ပိတ်ပိတ်ပိန်းအောင် ကျနေတဲ့ မြို့ထဲ

အကြောင်းအရာဟာ ရောက်လာတယ်
အကြောင်းအရာနောက် လိုက်သွားတယ်
အကြောင်းအရာဆီက ပြန်လစ်လာတယ်
အစင်းရာ အကြောင်းရာတွေနဲ့ 

ခွေးကို ရေမွှေးဆွတ်လည်း မွှေးတာပဲ
အပေါ်ယံ အရေပြားဆန်မှုတွေကသာ ဟောင်နေတာ

သစ်မြစ်ဆုံယုံကြည်ချက်ကြီးကို
လက်သီးနဲ့ ထိုးခွဲနေရတဲ့ နှစ်တွေ

ပူခြစ်နေတဲ့ ဖုန်းထဲ facebook ကြီးက အေးတိအေးစက်
သံချေးတက်နေတဲ့ စိတ်အင်ဂျင်ကြီးကို ကဗျာနဲ့ နှိုးမိ

ချစ်ခြင်းမေတ္တာကို ဆေးစွဲသလို စွဲပါတယ်
ဘိန်းရှူသလို ရှူပါတယ်

တိုက်နေတဲ့လေထဲမှာ တတိယကမ္ဘာစစ်နံ့ ရလား
အရမ်းပွင့်နေတဲ့ ယမ်းတွေ

တစ်ခုခုဆို ဘုမသိဘမသိနဲ့ 
ဆွမ်းကြီးဝိုင်းလောင်းမယ် ကျီမီးနဲ့ ရှို့ မယ်
ဘာသာရေးကို ခုတုံးလုပ်မယ်

မနေနိုင်မထိုင်နိုင် သားပိုက်ကောင်လို
ပိုက်ထွေးထားမိတဲ့ အမြင်မတော်ရာတွေ

ပျော်ရွှင်မှုလဲ့မှိုလေး မီး ဟပ်သွားတယ်
အပြာရောင်ပန်းချီကားလေး ပြာကျသွားတယ်
ဘုရားစင်ပေါ်က ပန်းအိုးလေး ကျကွဲသွားတယ်

အိုရှိုးလည်း တော်တော်ရူးတာပဲ
နစ်ရှေးလည်း တော်တော်ရူးတာပဲ
လူ့ အဖွဲ့ အစည်းကြီးက ပြောတာ

ဈေးကောင်းပေးဝယ်နေရတဲ့ အတုအယောင်တွေ မြို့လယ်ရောက်လာတယ်
ပါးရိုက်ခံရတဲ့ အနှစ်သာရစစ်စစ်လေး တောပြန်သွားတယ်

ဟုတ်ကဲ့ စိုက်ပျိုးမွေးမြူရေးကို အဓိက ထားပါတယ်
အန္တရာယ်ကို စိုက်ပျိုးပြီး အန္တရာယ်ကို မွေးမြူပါတယ်

ဒဏ်ရာကို မချွတ်စတမ်း ဝတ်ထားတဲ့နိုင်ငံ


လင်းလက်တာရာ
8.5.2014

No comments:

Post a Comment