နွေခေါင်ခေါင် စိတ်အက်ကြောင်း ကွဲကြီးထဲ
သစ်ပင်ဟာ သူ့ အဝတ်အစားတွေ ချွတ်ချ ခံလိုက်ရတယ်
နွေ ခေါင် ခေါင်
စိတ် အက် ကြောင်း
ကွဲ ကြီး ထဲ
ကမ်းခြေမှာ လှိုင်းတွေရော လူတွေရော ပြေးလွှားနေ
ဘီယာခွက်ထဲက
အမြှုပ်တွေလို
ပျော်စရာ
နည်းနည်းနဲ့ ပါးပါး
သစ်ပင်ဟာ သူ့ အဝတ်အစားတွေ ချွတ်ချ ခံလိုက်ရတယ်
နွေ ခေါင် ခေါင် စိတ်
အက် ကြောင်း ကွဲ ကြီး ထဲ
ဇာတ်လမ်းရဲ့ လူ့ သဘာဝအဖွဲ့ တွေကို
လေယာဉ်ပေါ်တင်ပေးလိုက်တယ်
လေယာဉ်ပေါ်မှာ
ဇာတ်လိုက်ပါသွားတယ်
ဇာတ်ဆောင် ပါသွားတယ်
ဇာတ်ပို့ ပါသွားတယ်
ဗီလိန်ပါသွားတယ်
ကမ်းခြေမှာ
လှိုင်းရယ်သံရော လူရယ်သံရော
ရောထွေး
ယှက်ဖြာ
ဘီယာခွက်ထဲက အမြှုပ်တွေလို
ပျော်စရာ
နည်းနည်းနဲ့ ပါးပါး
သစ်ပင်ဟာ သူ့ အဝတ်အစားတွေ ချွတ်ချခံလိုက်ရတယ်
နွေ ခေါင် ခေါင် စိတ် အက် ကြောင်း
ကွဲ ကြီး ထဲ
လေယာဉ်ဟာ ပျံနေတယ်
အိမ်ဆီ
ချစ်သူဆီ မိသားစုဆီ
သူငယ်ချင်းတွေဆီ
မိန်းမနဲ့ သားသမီးတွေဆီ
ညီအစ်ကိုမောင်နှမတွေဆီ
အထက်ပါ ကမ်းခြေဆီ
ဘီယာခွက်ထဲမှာ အမြှုပ်တွေ မရှိတော့
ဘီယာ ခွက်ထဲမှာ အမြှုပ်တွေ
သေသွား
ကမ္ဘာကြီးဟာ
သူ့ အစာမကြေမှုတွေကို ဝေါခနဲ အန်ချလိုက်တယ်
အန်ဖတ်တွေ
ပင်လယ်ရဲ့ ရင်ဘတ်ထဲကနေ မီးတောင်ကြီး ထိုးထွက်ပေါက်ကွဲ
ဧရာမလှိုင်းလုံးကြီးတွေဟာ ကမ်းခြေကို
တဝုန်းဝုန်းဖုံးအုပ်
ချစ်သူကို စောင့်နေတဲ့ ကောင်မလေးကို ဝါးမြိုသွား
သူငယ်ချင်းတွေကို စောင့်နေတဲ့ သူငယ်ချင်းတွေကို ဝါးမြိုသွား
လင်ယောက်ျားကို စောင့်နေတဲ့ ဇနီးမယားကို ဝါးမြိုသွား
အဖေကို စောင့်နေတဲ့ သားသမီးတွေကို ဝါးမြိုသွား
မိသားစုကို ဝါးမြိုသွား ညီအစ်ကို မောင်နှမတွေကို ဝါးမြိုသွား
ကမ်းခြေတစ်ခုလုံးကို ဝါးမြိုသွား
နွေ ခေါင် ခေါင်
စိတ် အက် ကြောင်း ကွဲ
ကြီး ထဲ
သူ့ အဝတ်အစားတွေ ချွတ်ချခံရတဲ့ သစ်ပင်လည်း မရှိတော့
ဘီယာခွက်တွေလည်း ကွဲကုန်ပြီ
ကမ်းခြေနဲ့ လေယာဉ်ဟာ ကွန်ဆက်ပဲ
နွေခေါင်ခေါင်
စိတ်အက်ကြောင်းကွဲကြီးထဲ
ရှင်သန်ခြင်းနဲ့ သေခြင်းတရားကိုပါ တပြိုင်နက်
တင်ဆောင် ပျံသန်းလာတဲ့ လေယာဉ်
သဘာဝဘေးအန္တရာယ်စက်ကွင်းထဲ ဝင်သွား
ဇာတ်လမ်းက ခုမှစတာ
လေယာဉ်ပေါ်မှာ ဇာတ်လိုက် ဇာတ်ဆောင် ဇာတ်ပို့ နဲ့ ဗီလိန်
လူ့ သဘာဝအဖွဲ့ တွေက ခုမှစတာ
ကမ်းခြေမှာ
မျှော်လင့်ချက်
အိပ်မက်တွေ
ဘာတစ်ခုမျှ မရှိတော့
လေယာဉ်ပေါ်မှာ ဇာတ်လိုက် ဇာတ်ဆောင် ဇာတ်ပို့ နဲ့ ဗီလိန်
သဘာဝဘေးအန္တရာယ်ကြီးကို ဘယ်လို ကျော်ဖြတ်မလဲ
လူ့ သဘာဝအဖွဲ့ တွေက ခုမှစတာ
လင်းလက်တာရာ
7.7.2014
No comments:
Post a Comment