Friday, July 17, 2015

စာသားအ​ဆောက်​အဦမှာ ပြတင်း​ပေါက်​ တပ်​လိုက်​တယ်​ ဝရန်​တာ ထည့်​လိုက်​တယ်​ ​လေ​ကောင်း​လေသန့်​ပါ ဖြည့်​လိုက်​တယ်

စာသားအ​ဆောက်​အဦမှာ ပြတင်း​ပေါက်​ တပ်​လိုက်​တယ်
ဝရန်​တာ ထည့်​လိုက်​တယ်​ ​လေ​ကောင်း​လေသန့်​ပါ ဖြည့်​လိုက်​တယ်




ရှုခင်းကို ရှူသွင်းပစ်လိုက်တယ်။ မြင်ကွင်းကျယ်။ အဆုပ်ထဲဝင်သွားတဲ့ နေ ရှိရာ
ခေါင်းငိုက်စိုက် ပွင့်နေတဲ့ နေကြာတွေ။ နေရတာလည်း ကြာပါပြီ။ မကြာလိုက်သလို
မနေ့ တစ်နေ့ က လိုလို။ လိုလို လားလား ကိုယ့်ကြာမျိုး ၅ ပါးနဲ့ ကိုယ် ။
ကိုယ့် အာရုံ ၅ ပါးနဲ့ ကိုယ်။ မသိလို့မိုးလင်း မသိလို့မိုးချုပ် အမိုက်အမဲလေးတွေမို့
အမှောင်အမဲကြီးများ ခွင့်လွှတ်ပေးပါ။ ဂျိုးဖြူအစား ခိုဖြူတွေ ခိုးလွှတ်လိုက်မိတယ်။
ခေတ်ကြီးထဲမှာ ခိုကပ်နေရပါတယ်။ ညည်းနေတဲ့ခိုတွေမှာ ငြီးစရာအဟောင်းနဲ့
ငွေ့စရာအကြောင်းတော့ရှိမှာပေါ့ ။ လူ့ဘဝဟာ အဲ အဲ ခိုဘဝဟာ ငြီးစော်နံလာတဲ့
ကုန်တင်ကားကြီးပေါ့။ အညပ်လည်းခံရပါတယ် အညံ့လည်းခံရပါတယ်ဆိုတဲ့
ခြင်းထဲကသစ်သီးတွေပေါ့ ဆိုပါစို့ လို့ဆိုပြီး ဆက်ပြောတာပေါ့။ ရပ်နေတဲ့အရပ်ကနေ
ဆက်သွားလို့မရတဲ့ စက်သွားတွေပေါ့ အပေါစားဆန်/ဆန် မပေါ့မပါးကိုင်းညွှတ်နေရတဲ့
စပါးနှံလေးပေါ့ ဈေးကွက်စီးပွားရေးထဲ သွေးထွက်လွန်နေတဲ့ သနပ်ခါးနံ့လေးပေါ့
ပေါ့ပ်ယဉ်ကျေးမှုဆိုတော့ ပေါ့မှာပေါ့။ အပျော်ဖတ်ဟာ ပျော်စရာမကောင်းတဲ့
ပျော့ဖတ်တွေပေါ့ ။ စက်ရုံထဲဝင်သွားပြီး စက်ရုံထဲကပြန်ထွက်တော့ စက္ကူဘဝပဲ
ပြန်ရောက်ရတယ်။ စက္ကူလမ်းပေါ် စာသားလေးတွေ လမ်းလျှောက်နေတယ်။
စာကလေးတွေ လို စာသားတွေ အုပ်လိုက် ပြိုကျလာတဲ့ ဒီနေ့  နောက် မနက်ဖြန်
နောက် သူသူငါငါ ပန်ဖို့ ပစ္စုပ္ပန်။ အပွင့်စနစ်နဲ့ ဇာတ်မျောတစ်ခုပဲ ကျွန်းမျောတစ်ခုပဲ
ရွေ့ တော့ရွေ့ သလိုလို ဒိန်ခဲ တွေ ရွှေ့ ယူရတာပေါ့ ကြွက်တွေက အနံ့ ခံသိပ်ကောင်း။
ကြောင်တွေ သင်ယူသင့်။ ငါးကြော် ဟာ မြစ်ထဲကျသွားတယ် ကူးတယ်ခတ်တယ်
သိပ်ခက်တယ် အခက်အခဲတွေ အပြွတ်လိုက် အခက်လိုက် သီးချိန်တန်တောင်
ပွင့်မလာဘူး လိပ်ပြာတွေ ရနံ့ အဖြစ် ပြောင်းလဲတင်ဆက် ပြုလုပ်။ ပြုတ်လု
ပြုတ်ခင်လေးမှာ မျိုးပွားလာတာပါ အင်းဆက်တွေ။ facebook ကို face Mask
စွတ်ပြီးသုံးသင့်လာတာ။ ကျန်းမာရေးအရ ဘယ်သူဘယ်ဝါရဲ့ အသက်ရှူလမ်းကြောင်း
တည့်တည့်မှာ လေလည်ရမယ်ဆိုတာမျိုးတွေ။ လေဝင်လေထွက် အပေါက်ကလေးကနေ
နေဝင်နေထွက်ကိုစောင့်ကြည့်ရမှာ၂၀၁၅ / ၂၀၂၀/၂၀၂၅ / ၂၀.. ကိန်းဂဏန်းတွေ
တွက်ချက် ရွေ့လျား။ မြေကြီးအောက်မှာရေတွေ ဘယ်အချိန်ကရောက်ခဲ့သလဲဆိုတာထက်
မြေကြီးအောက်ကို မြို့ကြီး ဘယ်တော့ရောက်သွားမလဲဆိုတာ။ မြှုပ်တာနဲ့ မြုပ်တာက
မယားညီအစ်ကို လိုလို အိုးစားဖက်လိုလို စစ်ကြီးစစ်စစ်တစ်ခွက် ဘယ်လောက်။
အပေါ်ဘလောက်နဲ့ အောက်ဘလောက်ကြားမှာ ကဗျာတော့ ရှိမယ်။
ထမင်းချိုင့်လေးတွေထဲမှာ ချိုင့်ဝှမ်းလွင်ပြင်တွေ ရှိမယ် စလင်းဘတ်လေးတွေထဲ
တစ်ခါသုံးတွေ ရှိမယ်။ ပက်ဘလစ်ဖုန်းထဲမှာ သူမ ပုံသဏ္ဍာန်အမျိုးမျိုးနဲ ကွေ့ ကောက်
ဖြောင့်စင်း။ ကြိုးဟာ ကျိုးသွားပြီ ။ အီဖယ်လ်မျော်စင်ပေါ်နားတဲ့ငှက်ဟာ
နှစ်ထပ်သင်္ဘောနဲ့ မြို့လေးပေါ်နားတဲ့ ငှက်နဲ့ အတွေးအခေါ် တော်စပ်မစပ်။
ငြုပ်သီးပိုးဟာ ငြုပ်ဆုံထဲမှာ သူ့ အဓိပ္ပါယ်သူ လှလှပပထောင်းပြသွား။ သူ့အကြောင်းက
ကိုယ့်ခေါင်းကိုလာဖိထားတယ် သူ့အထာကို ကိုယ့်လျှာနဲ့ရသလောက် အရသာခံမိတဲ့
ရသတဏှာ ညပြာပြာ လဝါဝါ အမှောင်ရဲ့ကြွက်သားပေါ်တွားတက်လာတဲ့ အမှား
အမှန်တရားကို မင်ရည်ကျဲလိုက်တာလား ချဲ့ လိုက်တာလား ။ သနပ်ခါးရေကျဲလေးက
အိပ်စ်ပါရာဒိတ်ကုန်နေလို့ လား။ ကုန်းလမ်းရော ရေလမ်းပါ ယမ်းတွေနဲ့ ဝိုင်းလိုက်ကြ။
ကျည်ခွံတွေနဲ့ ဉီးခေါင်းခွံတွေပဲကျန်တော့တဲ့ မြို့ခွံကြီးကို ဘယ်လိုအခွန်တွေနဲ့
ပြန်လည်တည်ဆောက်ဖို့ ။ တည်ထားတာပျောက်သွားတယ် ဟိုနားဒီနား ရှာမိ
နားနှာခေါင်းလျှာပါးစပ်မျက်စိ အရသာရှာဖွေတူးဖော်စေ့ငုရေး အေဂျင်စီ ။
ဆီမထည့်ဘူးလား ဆီထည့်မှ လည်မှာ ဆီဟာ စာပဲ စာများများထည့်
ဆားတော့ များများမထည့်နဲ့  ချိုသွားဦးမယ် ချိုရာသွားရာတော့ ဘယ်ကင်းကင်းပါ့မလဲ။
နွားက ပလာတာမစားဘူး ပီဇာပဲစားတယ် အို မြက်နုလေးတွေပေါ် နှင်းဥတုကလေးငဲ့။
စွတ်စွတ်စိုနေတဲ့အတောင်ပံတွေကိုလည်း နေလှန်းထားပါတယ်
ရန်ကုန်ဟာ ငါတို့သွေးခုန်နှုန်းကို ထိုးထိုးဆောင့်တယ် ဟေးးး တိုးတက်လာပြီကွ
ဟေ့ ပျော်ပျော်ပါးပါး ဘတ်စ်ကားကြီး မငြီးဖွယ် မညည်းဖွယ် ။
ထပ်ခိုးတွေပေါ် တစ်ကောင့်အသံ တစ်ကောင် ကန်းရိုးတန်းကကြားနိုင်တယ်
ဓါးရိုးကမ်းနည်းအမျိုးမျိုး။ ဖျံကျနည်းအမျိုးမျိုး ။ ခွေးကျဝက်ကျနည်းအမျိုးမျိုး
နောက်ဆုံးပေါ်နည်းစနစ်များနဲ့ ဂါနိုင်ပါတယ် ဂိန်နိုင်ပါတယ် ဂေါ်နိုင်ပါတယ်
ခွေးချေးကြုံးတဲ့ ဂေါ်လည်းဖြစ်နိုင်ပါတယ် ။ sexyတွေ ပေရေနေတဲ့ ဆော်တွေ
ဘီးကြဲ ဘဲကြီးလား အာလူးနဲ့ ရောပစ်မယ် ဆိုပါလား ဟာဟ ဟာသ
ထပ်ချည်းတလဲလဲ သမုဒယမှာ ဝါဆိုနိုင်လွန်းတဲ့ မိုးတွေ ။ ဒီမိုက ဘယ်လို
ဟိုမိုက ဘာညာ သာရကာ သာလိကာ ။ လသာမသာထက် မီးလာမလာဘဲ
ဆုတောင်းနေကြရတဲ့ ငါတို့ မသာတွေ ။ မင်းမျိုးမင်းနွယ်လည်း သေမျိုးသေနွယ်ပါပဲ။
ပေါက်ကရ ၄၀ မဟုတ်ပါဘူး ပေါက်ကရ ၅၀ ၊ ၆၀၊ ရ၀...။ ၁၀၀ တန်ချင်း
အတူတူတောင် တစ်သိန်းလောက်ကွာတယ်။ သိမ်းထားတာကြာပြီ 
နန်းကိုသိမ်းနေပြီ မြို့ကိုသိမ်းနေပြီ မြို့ရိုးနဲ့မြို့ဟာ မရိုးတော့တဲ့မြို့လား 
အရိုးပဲကျန်တော့တဲ့မြို့လား။ အဆီတစ်ထပ် အသားတစ်ထပ်ကြီးလား 
တစ်ထပ်ပြီးတစ်ထပ် ဂရိတ်ဝေါလ်ကြီး လည်ပင်းပတ်လာပြီ။ ပြူးလာတယ် 
ပျာလာတယ် ဖြူလာတယ် ဖျားလာတယ်။ အဖျားဟာ အရင်းကို
ရောက်လို့မဖြစ်ဘူး။ အရင်းကိုစစ်အမြစ်ကိုလှန် မြစ်လန် ချောင်းလန် 
တောလည်းလန် တောင်လည်းလန် အလံကို တစ်လန်အကွာမှာ 
ဉာဏ်ဘယ်နှထွာလောက်မြင့်မြင့် လွှင့်ထားရမလဲ။ လေထိုးလေလျော်လား 
ဟိုလူကြီးက လက်ညှိုးထိုးပြီး ရောင်းနေတာ မိုက်မှမိုက်
တိုင်းပြည်က ချမ်းသာပြီး ပြည်သူတွေက ဆင်းရဲသတဲ့ မဆင်းရဲပါဘူး
အောက်မှာ ခွေးနက်ကြီးက ဆွဲဖို့ မာန်ဖီနေတာ။ ဆီးဂိမ်းမှာ ဗိုလ်စွဲမလား 
ပျားစွဲမလား ။ လောလောဆယ် ယင်အုံနေတယ် ရင်ဘတ်က ဘက်ဂျက်
တော်တော်ထိနေတယ် တစ်ချက်ခြစ်တစ်ချက်တောက်တတ်တဲ့ အကုသိုလ်မီးတို 
မီးစလေး။ အပြာရောင်ဟာ ပြာကျသွားတယ် အပြာကားဆန်ဆန် ကားပြာထဲက 
ကြွက်တွေက ထမင်းဖိုးတောင်းပြန်ပြီ KTV ဖိုးတောင်းပြန်ပြီ လမ်းလယ်ခေါင်ကြီး 
လူလည်ခေါင်င်္ကြီးး အရှက်မရှိ သရက်စေ့ဟာ အပင်ပေါက်လာပြန်ပြီ 
အတောင်ပါ ပေါက်လာပြန်ပြီ ပေါက်နေတဲ့ ဖိနပ်နဲ့ နင်းတယ် အမှန်ဆို နမ်းရမှာ
အခန်းတွေ ဖြတ်ချခံရ ဆင်ဆာ။ ဆင်တော့မဆာပါနဲ့ ဗျာ စင်ပေါ်က ဆင်းပါတော့
အဆင်းမှာအစွပ်ခံရတဲ့ပန်းကုံးဟာ အဆင်းမှာတပ်ပေးလိုက်တဲ့ဘီး
ဘီးကုတ်ကလေးလည်း ဘီယာနဲ့အမြည်းခံလိုက်ရပြီလား ဘေဘီ
ဘေထုပ်ပုံထဲမှာ ဘဝကိုရှာမတွေ့တော့ရင် ဘယ်လိုလုပ်မလဲ။ ဘယ်လိုမှ
မလဲနိုင်ပါဘူး သန်းခြောက်ဆယ်တန်ကစားသမား ဘယ်နှရာသီကုန်ကုန် 
အရန်ခုံမှာ မကုန်နိုင်တဲ့ဒဏ်ရာနဲ့ ကုန်ကုန်ပြောရရင် မကုန်နိုင်မခမ်းနိုင်တာတွေလည်း 
ကုန်နေပြီ ခမ်းနေပြီ ခမ်းနားလွန်းပါတယ် အခမ်းအနားကြီးရယ် လေးစားပါတယ် 
အလေးပြုပါတယ်။ လုမပြေးပါနဲ့ လစ်လျုမရှုပါနဲ့ ဆိုက်ကားဆရာတွေသယ်လာတဲ့
ပန်းခွေမှာ ဘဝနဲ့သီထားတဲ့ မျက်ရည်တွေပါတယ်။ ပါပါရာဇီတွေ ရာသီစာတွေနောက် 
ကောက်ကောက်ပါလွန်း ကောက်သော်စားမကုန် ဖြောင့်သော် စားမလောက်။ 
ဗိုက်ရွှဲကြီးပေါ်မှာ ပါးနုနုလေး ရှက်သွေးဟာ ရာသီမလာတော့ဘူး။ ဥတုကလည်း 
အင်ထုထားတဲ့အတိုင်း။ စာဥနဲ့ ငုံးဥရော ခင်ဗျားကွဲရဲ့လား ။ ဥလည်းကွဲတယ် 
အသိုက်လည်း ပျက်တယ် ဘုတ်သိုက်သိုက် ဆံပင်အရှုပ်အထွေးကြီး။ အပေါ်က 
ထွေးချလိုက်တဲ့ တံတွေးဟာ ထမင်းစားပွဲပေါ်လာကျတယ်။ သေနာကျတွေ။ 
သေနာပတိတွေ ။သဘာပတိတွေ။ ရွှေဖြင့်အတိပြီးသော အပုပ်ကောင်တွေ။ 
ကောင်းလား မန်းလေးမြို့ကြီး ကို အရသာခံမိလား။ ခွီးမှပဲ ခကွေးအက္ခရာတွေနဲ့ 
ခေးအော့ဖ်။ အော့နှလုံးနာချင်စရာ အော့ဝှစ်ဇ်။ နာကျင်စရာ အရိုးအသားထဲက
ထွက်ထွက်လာတဲ့လောက်တွေ။ သွေးရိုးသားရိုးမဟုတ်ဘူး သွေးရူးသွေးတန်း
သွေးစုပ်ဖို့ဝိုင်းနေတဲ Vampire တွေ။ ပထဝီအရ ရာသီသွေးကအစ သယံဇာတပဲ။
ကြွားလွန်းပါတယ် ကြွယ်လွန်းပါတယ် လက်ခလယ်ကြီးက လူရာဝင်လာပါတယ်။ 
လက်တစ်လုံးခြား လက်ညိုးညွှန်ရာ ရေတွေ။ လမျိုးလနွယ်ချင်း လက်ဆွဲနှုတ်ဆက်။ 
ဂဟေဆက်သလို အပိုင်းပိုင်းအစစတွေ စုစည်းတယ် ပေါင်းစပ်တယ် 
ငွေ့ ရည်ဖွဲ့ တယ်။ အဆက်အစပ်မရှိ ရွာလာတယ် ရွာလာတဲ့ အကြောင်းအရင်း။ 
ရွာမှာရှိတဲ့ ရပ်ဆွေရပ်မျိုး ။ ရွာလည်နေတယ်။ ရွာထဲမှာ တိုင်ပတ်။ ရွာဟာ 
မြို့လိုလို ။ မြို့ကိုလိုသလိုလို။ ရွာနေပုံက လှလှပပ။ ရွာထဲကမထွက်ချင်လောက်အောင်
ရွာဟာ ချုပ်ထားတယ်။ ရွာထဲမှာ ပိတ်မိနေတယ်။ မိုးတွေ ရုတ်တရက် ရွာလာတယ်
ရုတ်တရက်တွေ ရိတ်သိမ်းလိုက်တော့ စပါးသင်းနံ့ လေးက ရင်ထဲ ဆီလို ဝေ့။
ဆီလို အပေါက်ရှာထွက်သွားတဲ့ ပြဿနာတွေ။ ခြင်ထောင်ထဲ အပေါက်ရှာနေတဲ့ခြင်နဲ့ 
အိမ်ထောင်ထဲ အပေါက်ရှာနေတဲ့လူ။ လူရောခြင်ရော ထောင်ထဲမှာပိတ်​မိ။ 
အပေါက်ထဲက ယိုစိမ့်ကျလာတာ နေရာင်လား လရောင်လား။ အကောင်
မပေါက်လိုက်ရတဲ့ ကြက်ဥဟာ ဂလောက်လောက်နဲ့ အဆံချောင်။ 
ဂလိုဘယ်လ်ကြီးကလည်း ဂလောက်ဂလောက်နဲ့ ။ ဘယ်လောက်ပဲရရ 
မလောက်ဘူး။ မလောက်လည်း တည်ဆောက်နေရတာပဲ ။
A ကလည်း တည်ဆောက်တယ် B ကလည်း တည်ဆောက်တယ်
A ကလည်း ထပ်ပြီးတည်ဆောက်တယ် B ကလည်း ဆက်ပြီးတည်ဆောက်တယ်
A နဲ့ B ပေါင်းစပ်တည်ဆောက်ပစ်လိုက်တယ်။


ဆူးရဲ ၊ လင်းလက်တာရာ
ကဗျာ​လောက စုစည်းမှု (၅) ၊ ၂၀၁၄

No comments:

Post a Comment