Friday, June 12, 2015
မန်းတောင်နဲ့ KLCC ဟိုက်ဘရစ်
KFC မစားချင်ဘူး ကျုံးဘေးမှာ ဘူးသီးကြော်အတူစားချင်တဲ့ စိတ်ကူး
မလေးရှားပိတောက်ရနံ့စူးစူးတွေ ရှူမိတိုင်း အစစအရာရာ အဆင်ပြေပါစေ
ဆိုတဲ့ ဆုတောင်း မိုးပျံရထားစီးရတာထက် 'ကျွန်တော်'ဆိုတဲ့ စာသားမလေးကို
စက်ဘီးတင်နင်းချင်တဲ့ ကဗျာ ဦးပိန်တံတားပေါ်က ပို့လိုက်တဲ့ မက်ဆေ့လေးမှာ
တောင်သမန်အင်းရဲ့ လေပြည်ညင်းတွေ ကပ်ငြိပါလာရဲ့ ပြည်တွင်းမှာလည်း
လူ့အောက်ပိ ပြည်ပမှာလည်း လူ့အောက်ပိ လူ့အောက်ပိနှစ်ပရိစ္ဆေဒထဲ စိတ်တွေ
အနည်ကျကျောက်လို ကျစ်လစ်သိပ်သည်း ဒီမှာတော့ မည်းမည်းမြင်ရာ 
လောကဓံဆီအုန်းတောချည်းပါပဲ ဒီမှာတော့ မည်းမည်းမြင်ရာ တပ်ပိုင်မြေတွေ
ချည်းပါပဲ ဈေးချိုသူလေးရယ် ဘဝဟာ ဈေးကြီးလွန်းပါတယ် မြို့ထဲကအိမ်ကလေး
မြို့ပြင်ရွှေ့လိုက်ရတဲ့ မျက်ရည်ဇာတ်ကွက်များ ထောင်နှုတ်ခမ်းကို နမ်းနေရတဲ့ 
ရွှေ့ပြောင်းလုပ်သားများ မြွေကြီး နှစ်ကောင် ဆီရော ရောက်ဖြစ်သေးလား ငါတို့
ခေတ်ဟာ မြွေပေါက်ခံရတဲ့ နှစ်တွေလား မန္တလေးဟာ နဂါးစာဖြစ်နေပြီလား
ခြင်္သေ့တစ်ပိုင်းငါးတစ်ပိုင်းကျွန်းလေးဆီမျှော်ကြည့်တော့ မာလက္ကာရေလက်ကြားထဲ
စီးဆင်းနေတဲ့ အိမ်ဖော်မလေးတွေရဲ့ မျက်ရည်တွေ ရွှေခြေကျင်းသူလေးတွေ
အိပ်မက်လှလှ မက်ပါစ နားထဲမှာ နာရီစင်ကြီးရဲ့ နာကျင်သံ ခေတ်နာ ကံနာ
ဝဋ်နာ ကာလနာ ပိုက်ဆံတွေဟာ ကျည်ဆံတွေလိုပဲ လူကိုအချိန်မရွေးသေစေတယ်
တိရစ္ဆာန်ပုံနဲ့ ငွေစက္ကူတွေဟာ ဇာတ်တူသားရော လူသားရော စားတယ် သယံဇာတ
လူ့အရင်းအမြစ်တွေ ဘေးထွက်ဖိတ်စင်နေပုံဟာ ခါးတယ် ရင်းဂစ်ငါးတွေ မျှားရတာ
ညှီစော်နံလွန်းတဲ့အခါ စိတ်နဲ့ လှမ်းလှမ်းချိုးနေမိတဲ့ မန်းကျုံးရေ အညှီရှိရာအုံနေတဲ့
မိတ်အင်ချိုင်းနားယင်ကောင်တွေ တဝီဝီ တဝဲဝဲ ဘယ်လိုလုပ်မလဲ မြို့ရိုးကို ဆံထိုး
လုပ်နေကြပြီ မြို့ရိုးကို ဆံထိုးလုပ်နေကြပြီ ဟဲလိုဟဲလို လိုင်းကလည်းစုတ်လိုက်တာ
လင်းလက်တာရာ
24.5.2014
Subscribe to:
Post Comments (Atom)
 
No comments:
Post a Comment