လူခါး၊ ကျွန်တော်နှင့် မြန်မာပြည်အပြင်ဘက်
.....................................................
ကိုခါး (လူခါး) နှင့် မသိကျွမ်းခင်က
လမ်းသစ်ဂျာနယ်မှာ ဂျိုဟိုးဆောင် ဆိုသည့် ကဗျာလေးတစ်ပုဒ် ဖတ်ခဲ့ရသည်။
၂၀၁၀ ခုနှစ်၊ မလေးရှားကို စရောက်ခါစ  ရာဝမ်းမြို့အစွန်က
သူငယ်ချင်းတစ်ယောက်၏ အခန်းထဲမှာဖြစ်သည်။
ဘဝတူခံစားချက်တွေမို့ ကဗျာလေးကို မှတ်မှတ်ထင်ထင်ဖြစ်သွားခဲ့၏။
ကဗျာရေးသူက သိန်းဇော်ညွှန့် ။
ဂျိုဟိုးဆောင်
..................
့
ခပ်လှမ်းလှမ်းကနေကြည့်
အဝင်ဝမှာ  ထင်နေတဲ့ခြေရာတွေက
နီပေါ၊မြန်မာ၊တရုတ်  ဒီဇိုင်းစုံပေါ့၊
လှေကားတက်မှာလဲ
ဘယ်ကောင်ပြေးတက်ထားတာလဲ  မသိဘူး
ခုထိ. . .ခြေသံတွေကြားနေရတုန်းပဲ။
လှပ်စရာမလိုတဲ့  အခန်းတံခါးဝမှာ
ဧည့်ကြိုကြွက်ကလေးက  တာဝန်မပျက်ရပ်လို့ ။
ရေများ ရေနိုင်  မီးများမီးနိုင် . . .တဲ့၊
ခု . . ကြည့်ပါဦး  ဒီမှာ
ရွှေများပေမယ့်  ရွှေမနိုင်ကြတဲ့ဘဝ။
ယုံမလားတော့  မသိဘူး
အကုန်လုံး  အလွမ်းပုံပြင်တွေပြောလို။့
ထသူကထ ထိုင်သူကထိုင်
အခန်းထောင့်မှာ လင်းတ မှိုင် မှိုင်နေတဲ့လူက
ငွေမပို့ နိုင်တာ   ငါးလရှိပြီ . . .။
ဖွတ်ကျော ပြာစု လို့ ပဲ  ဆိုချင်ဆို
ခု . .ကျွန်တော်တို့ အားလုံး  ငိုနေရတယ်.။
ဟုတ်တယ်. . ကျွန်တော်တို့ အားလုံး
ငွေလိုနေကြတယ် . . .။
 သိန်းဇော်ညွန့် 
 လမ်းသစ်ဂျာနယ်(မလေးရှား)၊၂၀၀၉
ကိုခါးနှင့် သိကျွမ်းမိတော့ သိန်းဇော်ညွှန့် ဆိုတာ သူဖြစ်နေသည်။ နာမည်အရင်းဖြင့်ရေးခဲ့ခြင်းဖြစ်သည်။
သူ၏ပထမဦးဆုံး ပုံနှိပ်စာမူဟုလည်းပြောသည်။ ကျွန်တော့်မှာ အံ့ဩရ။
ကျွန်တော်က သူ့ထက် ၅နှစ်ငယ်ပေမယ့် ဘော်ဒါအရင်း သက်တူရွယ်တူလိုပေါင်းသည်။
ကျွန်တော်က သူ့ကို ကိုခါးဟုခေါ်ပြီး သူက ကျွန်တော့်ကို ကိုလင်း ဟုခေါ်သည်။
ကျွန်တော့်အတွက်တော့ မြန်မာပြည်အပြင်ဘက် ၏ အဖွင့် ဟာ
ဂျိုဟိုးဆောင် ကဗျာကို အမှတ်ရစေသည်။ ဂျိုဟိုးမြို့တွင် အေးဂျင့်ကောလင်းဖြင့် အလုပ်လုပ်ကိုင်နေသော မြန်မာအလုပ်သမားတွေ၏ ဘဝတွေကို ဝတ္ထု့ အစမှာ ဖွင့်ထားခြင်းဖြစ်သည်။ ဂျိုဟိုးမှာ မြန်မာအလုပ်သမား များစွာရှိသည်။
ဂျိုဟိုးဆောင်ကဗျာထဲက စာသားလို ရွှေများပေမယ့် ရွှေ မနိုင်ကြတဲ့ ဘဝတွေ သာ ဖြစ်သည်။
ရွှေ ဟု ရွှေမြန်မာများကို တင်စားခေါ်ဝေါ်ကြသော်ငြား လမ်းခင်းသည့်
ကျောက်တုံးလောက်တောင် တန်ဖိုးထားခြင်းမခံရသော ဘဝတွေဖြစ်သည်။
လိုအပ်ရင်လိုအပ်သလို တက်နင်းသွားဖို့
ဝန်လေခြင်းမခံရသော လူသားအရင်းအမြစ်တွေသာဖြစ်သည်။
"ကျွန်တော်တို့ အားလုံး ငိုနေရတယ်
ဟုတ်တယ်
ကျွန်တော်တို့ အားလုံး ငွေလို နေကြတယ်"
ဂျိုဟိုးဆောင်ဟာ ကိုခါး၏ ဘဝခါးခါးထဲမှ လာသော ကဗျာဖြစ်ပြီး
မြန်မာပြည်အပြင်ဘက်ဟာလည်း ကိုခါး၏ဘဝ ခါးခါး ထဲမှ လာသော ဝတ္ထုရှည်ဖြစ်သည်။
ကိုခါးအား ကလောင်နာမည်နှင့်ပတ်သက်ပြီး
မေးခဲ့ဖူးတာ သတိရမိသည်။ လူခါး လို့ ဘာကြောင့်ပေးခဲ့တာလဲ ဆိုတော့
"ဘဝက ခါးတယ်လေ ကိုလင်းရေ" တဲ့။
မြန်မာပြည်အပြင်ဘက် ဝတ္ထုရှည်အစကို ဖတ်မိလိုက်တာနှင့် ဂျိုဟိုးဆောင် ကဗျာကို
တန်းပြီး အမှတ်ရမိခြင်းသည် ကျွန်တော်နှင့် ကိုခါးကြားက သာမန်မျက်စိဖြင့် မမြင်နိုင်သော
တိမ်မျှင်တန်းကလေးဖြစ်သည်။ တိမ်မျှင်တန်းကလေးလို လွင့်နေသည်။
လမ်းချင်းတူလို့ လူချင်းတွေ့ ကြသလို  ရင်ဘတ်ချင်းတူလို့ ကဗျာချင်းစာချင်း ချိတ်ဆက်မိကြသည်။ (အစ်ကို) ရိုးသက်၊ လူခါး၊ ရာဇာမျိုး (အင်းကုန်း) ၊ ဆူးရဲ (လက်ပံတန်း)၊
မောင်ရဲမင်း (ပဲခူး)၊  မိုးဇက်(သခွတ္တနယ်)၊ ဟိန်းစံ (ပဲခူး)၊ ညီလင်းနိုင်၊ ရဲရင့်လမင်း၊ ကျော်ဦးလှိုင်၊ ဇော်သူရ (ပြည်)၊ မင်းထက်တန်(ရွှေဘို)၊ လှိုင်ရဲအောင် (ပြည်)၊ နေဝန်းနီ၊ မိုးမြင့်ရဲနေငြိမ်း၊ မင်းခိုင်မြဲ၊ မင်းလုလင်၊ စသည် သဖြင့် ကဗျာရေးသူ ကဗျာချစ်သူ တော်တော်များများနှင့် ဆုံကြသည်။ ကဗျာတွေ ရွတ်ဖြစ်ကြသည်။
တစ်ယောက်အနာ တစ်ယောက် ဆေးထည့်ခဲ့ကြသည်။ တစ်ယောက်ဝေဒနာတစ်ယောက် ကုသခဲ့ကြသည်။ ကဗျာချင်း လည်ပင်းဖက်ပေါင်းသင်းခဲ့ကြသည်။ ဘဝအမောတွေကြားမှာ
ကဗျာတွေနှင့် နေခဲ့ကြသည်။  မလေးရှားကျွန်းဆွယ်မှာ ကဗျာတူးမြောင်းကြီး ဖောက်ခဲ့ကြသည်။ ဘုံကိုးဆင့်ကဗျာ ရွတ်ပွဲဟာ အမှတ်ရစရာတွေနှင့် ပြည့်နှက်နေခဲ့သည်။
အဲသည့်အချိန်က ကိုခါးဟာ မြန်မာပြည်အပြင်ဘက်ဝတ္ထု၏
အဓိကအစိပ်အပိုင်းဖြစ်ခဲ့သည့် ဂိမ်းဆိုင်ထဲတွင်
မိသားစုအတွက် ထောင်နှုတ်ခမ်းပေါ်လမ်းလျှောက်ရင်း ဘဝကို
တိုက်ပွဲဝင်နေသည့်အချိန်ဖြစ်သည်။
နေ့တိုင်းလိုလို ကျွန်တော်တို့ ဖုန်းပြောဖြစ်ကြသည်။
ရေးမိသော ကဗျာ ဝတ္ထုများ အား ဖုန်းထဲကနေ ဖတ်ပြကြသည်။ ဝေဖန်ကြသည်။ ထောက်ပြကြသည်။ ဆရာကြည်မောင်သန်း၏ အာရှတိုက်ရဲ့တစ်နေရာအား ခံစားချက်အပြည့်ဖြင့် ရွတ်ပြတတ်သည်၊ ဖုန်းထဲတွင် ဂိမ်းဆိုင်ထဲက အသံဗလံများအား
အတိုင်းသားကြားနေရသည်။ မကြာခဏပြောပြတတ်၍ ဂိမ်းဆိုင်အကြောင်းအား
ကျွန်တော်ပင် ကောင်းကောင်းကြီး သိရှိနေလေပြီ။
ကိုခါးသည် သူ့ဘဝတွင် တွေ့ ကြုံခံစားသိရှိခဲ့သော
လောကဓံတရားများ၊ လူ့သဘာဝ အဖွဲ့များကို
စာ ကဗျာများအဖြစ် ဇီဝဇိုးငှက်တစ်ကောင်လို အန်ပြတတ်သည့်နေရာတွင် ထူးချွန်သည်။
မြန်မာပြည်အပြင်ဘက် ဝတ္ထုထဲမှ ကာစီနို ဂိမ်းဆိုင်ဇာတ်ဝင်ခန်းများသည်
 စာရေးသူကျင်လည်ခဲ့သည့် နေရာ ဖြစ်နေသောကြောင့် အတော်အသက်ဝင်အောင်
ရေးဖွဲ့ ထားသည်ကို ရင်သက်ရှုမောဖွယ် တွေ့ ရှိရသည်။
မဟေသီမဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည့်
သူ၏ လူသွားလမ်း ဝတ္ထုတိုလေးသည် သူ အလုပ်လုပ်သည့် ဂိမ်းဆိုင်လေးကို
အခြေတည်ရေးဖွဲ့ ထားခြင်းဖြစ်ပြီး ကျွန်တော် နှစ်ခြိုက်မိသော ဝတ္ထုတိုလေးလည်း ဖြစ်သည်။ ကျွန်တော်လည်း ကိုခါးပြော၍ နားယဉ်နေသော ကာစီနို ဂိမ်းဆိုင်လေးကို တည်ပြီး
ကွာလာလမ်ပူည ကဗျာလေးရေးခဲ့ဖူးသည်။
ကွာလာလမ်ပူည
...................
တရားမဝင်အလုပ်သမားတစ်ယောက်
တရားမဝင် ကာစီနိုဆိုင်ထဲ
တရားတွေ မ, ပြီး ဝင်လာတယ်
( လင်းလက်တာရာ)
မြန်မာပြည်အပြင်ဘက် ၏ အဓိက ဇာတ်ကောင် အဆိုးသည် တရားမဝင်ဖွင့်ထားသော ကာစီနိုဂိမ်းဆိုင်ထဲ ကို တရားတွေ မ, ပြီး ဝင်လာ သူ ဖြစ်သည် ဟု ကျွန်တော် ယူဆမိသည်။
ကျွန်တော်တို့ သည် ဘဝပင်လယ်ပြင်တွင်
ရွက်လွှင့်နေရသော အိမ်ဝေးရွက်လှေလေးတွေနှင့်တူလှသည်။
ရေခြားမြေခြားတွင် လောကဓံလှိုင်းတံပိုး မုန်တိုင်းများ၏ ရိုက်ချက်က ပြင်း လှသည်။
လင်းလက်တာရာ၊ လူခါး၊ ရာဇာမျိုး (အင်းကုန်း)
ကျွန်တော်တို့ သုံးယောက်ပေါင်းပြီး " ပင်လယ် နဲ့ ပတ်သက်နေတဲ့ ရွက်တွေ " ကဗျာစာအုပ်ကို
ဆရာမြေလတ်မောင်မြင့်သူ အမှာစာဖြင့် ဟီးရိုးစာပေကနေ ထုတ်ဝေခဲ့ကြသည်။
ထိုစာအုပ်ထဲတွင် ပါဝင်သော စွန်ဂိုင်းဘလို့ အကျဉ်းသား ကဗျာ သည် မြန်မာပြည်အပြင်ဘက် ဝတ္ထုထဲတွင် ပါဝင်သော ဇာတ်ကောင် ကျော်ကြီး အတွက် ကိုခါး ရေးခဲ့ခြင်းဖြစ်သည်။
ကိုခါးသည် ကျွန်တော့်အား ကျော်ကြီးအကြောင်းပြောပြဖူးသည်။ ကျော်ကြီးအတွက်ကဗျာအား ဖုန်းထဲတွင် စို့နစ်စွာ ရွတ်ပြဖူးသည်။ ကျွန်တော် မျက်ရည်ဝဲခဲ့ရသည်။
ကျော်ကြီး အတွက် ၊ ကျော်ကြီးပေါင်းများစွာအတွက် ဆုမွန်ကောင်းတောင်းခဲ့ဖူးသည်။
စွန်ဂိုင်းဘလို့ အကျဉ်းသား
............................
ကျော်ကြီး
ညည အိပ်မက်ဆိုးတွေ မက်သေးလား
ငါတော့ 
မင်းအထဲရောက်သွားမှ
လောကကြီးနဲ့ ပိုနီးလာသလိုပဲ
ဘီယာတွေ ကစ်တတ်လာတယ်
ပိုက်ဆံမက်ရတာ ရှက်တတ်လာတယ်
မင်း ဆိုနေကျ
ရိုးတွင်းချင်ဆီထဲက ရိုးရှင်းချင်လာတယ်
သူဌေးက မင်းကို ပြန်မထုတ်ပေမဲ့
ငါတို့ ကို ဆက်ခိုင်းဖို့ 
ကျောင်းသင်ခန်းစာထဲက တံငါသည် ပုံပြင်အတိုင်း
သူ့ စက်တွေကို ပြန်ထုတ်ထားတယ်
မင်းကိုဆွဲသွားတဲ့ ဆိုင်ထဲမှာ
အခု ငါက
မင်းကိုယ်စား casino အလုပ်သမားပဲ
ငါ့ဘ၀ကို ခဏခဏ လျော်နေရတုန်းပဲ
အရင်လို အော်တွေ ဆွဲတုန်းပါပဲ
ဓားမြတွေလည်း အရင်လို တိုက်တုန်းပဲ
ငါတို့ လည်း အရင်လို မိုက်တုန်းပဲ
အဲဒီပင်လယ်ထဲ ဂျက်စပဲရိုးနဲ့ တွေ့ သေးလား
ဆက်သွယ်လို့ မရတဲ့ ဧရိယာထဲမှာ
ကျန်းမာရေး ဂရုစိုက်ပါ
ဘုရားတရား သတိရပါ
မိခင်ဖခင်ရဲ့ ဂုဏ်ကျေးဇူး အောက်မေ့ပါ
ရေနဲ့ တွေ့ တဲ့ အခါ ရေလိုကျင့်ပြီး
မီးနဲ့ တွေ့ တဲ့ အခါ ရေလိုပဲကျင့်ပါ
ငါတို့ မျှော်လင့်နေတဲ့ အပြာရာင်ကမ္ဘာကြီး မဝေးတော့ပါဘူးကွာ
ကမ္ဘာကြီး အရောင်ပြာလာတဲ့ အခါ
ဇီဝဇိုး ငှက်တစ်ကောင်ရဲ့  အန်ဖတ်နဲ့ တူတဲ့
ငါ့ ကဗျာကို ဖတ်ပါ
မင့် ဘော်ဒါ ကဗျာ ဆရာ တစ်ယောက် အနေနဲ့ 
ငါလုပ်ပေးနိုင်တာ
မင်း လွတ်လွတ် လပ်လပ် လွတ်လပ် ဖို့ 
ဆုတောင်းပေးနေရုံသာ ။  ။                                                                             (လူခါး)
ကိုခါး ပြောပြဖူးသော သူအချို့ ကို
မြန်မာပြည်အပြင်ဘက် ဝတ္ထုထဲတွင် ဇာတ်ကောင်အဖြစ် ပြန်လည်တွေ့ ရှိရသည်။
ဂိမ်းဆိုင်မှ လက်ပြတ်တိုက်ဂေါ ကြီးကို မမြင်ဖူးပေမယ့်လည်း
ကိုခါးပြောပြဖူး၍ ရင်းနှီးနေခဲ့ရသည်။ ထို လက်ပြတ်တိုက်ဂေါ ကြီးကိုလည်း ဝတ္ထုထဲတွင် ဇာတ်ကောင်အဖြစ် ပြန်တွေ့ ရသည်။ နောက်ထပ် ဇာတ်ကောင်တစ်ယောက်ဖြစ်သော
ဒီပဲယင်းသား ဇော်နိုင်။ ဇိုင်နော် (ဒီပဲယင်း) ကလောင်ဖြင့် ကဗျာရေးကြောင်း ကိုခါး မိတ်ဆက်ပေးဖူး၍ သိခဲ့ခင်ခဲ့ရသည်။ ကျွန်တော့်အဖို့တော့
ဝတ္ထုကိုဖတ်ရင်း မိတ်ရင်းဆွေရင်းများကို ပြန်လည်တွေ့ မိသလို ခံစားရသည်။
ကျွန်တော်နှင့် ကိုခါး စတင် တွေ့ ဆုံသည့်နေရာက
မြန်မာပြည်အပြင်ဘက် ဝတ္ထုထဲမှာ ပါဝင်သော ကိုတာရာယာကုန်တိုက်နားမှ ကုက္ကိုပင်တန်းမှာဖြစ်သည်။ ထိုကုက္ကိုပင်တန်းတွင် ကျကွဲနေသော အသိုက်များရှိသည်။ အိပ်တန်းမပျံနိုင်ဖြစ်နေသော အတောင်ကျိုးငှက်များရှိသည်။ မိသားစုဆီမှ
လွှင့်စင်ပဲ့ထွက်ခဲ့သော ခုတ်သားစများရှိသည်။
မစီးဆင်းနိုင်သော ရေသေအိုင်များရှိသည်။
ဇာတ်တူသားစားသော သားရဲများရှိသည်။  ရေစုန်မျောနေသော ရှင်သန်ခြင်းများရှိသည်။
ကြက်ခြင်းထဲက ကြက်တွေလို ဘဝများစွာရှိသည်။
ထိုအရာများကို သူ့နှလုံးသားက မြင်သည်။ စူးရှစွာ မြင်တတ်သည်။ စာနာသည်။ စာထက်အက္ခရာတင်သည်။ ရသမြောက် အောင်ဖွဲ့ သည်။
ထို ကုက္ကိုပင်အောက်မှာ " ရင်ဝေးကြယ် " ကဗျာရေးခဲ့ဖူးကြောင်း
သူပြောဖူးတာ အမှတ်ရမိသည်။ ထိုကုက္ကိုပင်တန်းသည် မြန်မာပြည်အပြင်ဘက် ဝတ္ထုထဲတွင် ထိရှသော ဇာတ်ဝင်ခန်းတို့၏ဆက်တင် ဖြစ်နေသည်။
ရီရီ။ ရီရီ ပေါင်းများစွာ မလေးရှားတွင်ရှိနေသည်။
ရီရီ့ထက် အဖြစ်ဆိုးသော မြန်မာမိန်းကလေးများစွာလည်း ရှိနေပါသည်။
ရွံစရာကောင်းသောခေတ်ဆိုးကြီး ကြားမှာ တွေ့ ဆုံ ခဲ့ကြသည့်
အဓိက ဇာတ်ကောင် အဆိုးနှင့် ရီရီကြားက ချစ်မေတ္တာ သည်
သန့်စင်ကြည်လင် ဝင်းပသည်ဟု ကျွန်တော်ခံစားရသည်။
ဝတ္ထုထဲတွင် စီးမျောရင်း ဇာတ်ကောင်အဆိုးသည်
စာဖတ်သူ ကျွန်တော်ကိုယ်တိုင် ဖြစ်နေသည်။
စာရေးသူ ကိုယ်တိုင် ဖြစ်နေသည်။ ကျွန်တော့် သူငယ်ချင်း အရင်းတစ်ယောက်လည်း ဖြစ်နေသည်။
ကျွန်တော့်မိတ်ဆွေလည်းဖြစ်နေသည်။
အခြားတစ်ယောက်လည်း ဖြစ်နေသည်။ သေချာသည်က အဆိုးသည်
မြန်မာပြည်မှ ယိုစီးဖိတ်စင်ကျလာသော လူသားအရင်းအမြစ် စစ်စစ် တွေကို
ကိုယ်စားပြုထားခြင်း ဖြစ်သည်။ အဆိုး ဖြတ်သန်းခဲ့ရသော အခြေအနေအရပ်ရပ်သည်
ကျွန်တော်တို့ခေတ်ရဲ့ ခေတ်ပြိုင်ခံစားမှုဖြစ်သည်။
မလေးရှားသည် ငွေတွင်းနှင့်မြွေတွင်းမှားယွင်းနိုက်မိနိုင်သည့် ကျွင်းတစ်ကျွင်းဖြစ်သည်။
ကိုရဲနိုင်လို ဇာတ်တူသားစားသော အေးဂျင့်များ၊၊ ငွေရရင် ဆေးတောင်
ကိုယ်တိုင်ကိုယ်ကျ သယ်ပေးသော ရဲများ။
မိမိအလုပ်သမား အန္တရာယ်ကြုံရင် မသိချင်ယောင်ဆောင်သွားတတ်သော သူဋ္ဌေးများ၊၊
မလေးရှားသည် အလုပ်သမားများအတွက်
အသက်အာမခံချက်မရှိသော နေရာဖြစ်သည်။ ကျွန်တော်ကိုယ်တိုင် ဆေးကွဲနေသော မလေး ၆ယောက်၏ လုယက်တိုက်ခိုက်ရန်မူခြင်းကို ခံခဲ့ရဖူးသည်။
အိုဗာစတေး မပြောနှင့်၊ အလုပ်ပါမစ်အမှန်နှင့်လူတောင် အဖမ်းခံ ထောင်ချခံရသည်။
၂၀၁၆ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျွန်တော် မြန်မာပြည်အလည်တစ်လ ပြန်သည်။
အဲသည်နေ့ည ၇ နာရီမှာ ပဲ ကျွန်တော်အလုပ်လုပ်သော ဂျပန်ဆိုင် အော်ပရာစီ ဝင်သည်။
အိုသမား ၂ ယောက်နှင့် ပါမစ်အမှန် ၅ယောက် စုစုပေါင်း မြန်မာအလုပ်သမား ၇ ယောက်ပါသွားသည်။ အမှန် ၅ ယောက်မှာ ၃ယောက်က အခြားဆိုင်မှ
အချိန်ပိုင်းလာဆင်းသော ဆားဗစ်ပါမစ် တွေ နှင့်ဖြစ်သည်။ ကျန်နှစ်ယောက်က
စက်ရုံပါမစ်တွေနှင့် ဖြစ်သည်။ ဆားဗစ်ပါမစ် နှင့် ၃ယောက်က ပါမစ်မှန်သော်လည်း
ဆိုင်လိပ်စာ လွဲနေ၍ အဖမ်းခံရသည်။ ဆိုင်လိပ်စာချင်းက တစ်လမ်းကျော်သာ ခြားသည်။ အင်မတန် ရင်နာစရာကောင်းလှသည်။ ကျန် စက်ရုံပါမစ်နှင့် နှစ်ယောက်မှာ
ဆားဗစ်လိုင်းတွင် မိ၍ အဖမ်းခံရသည်။ ကျွန်တော် သည်သာ သီသီကလေး လွတ်သွား၍ အင်မတန် ကံကောင်းလှသည်။ ပြန်ရောက်လာတော့ Pekan nanas အကျဉ်းထောင်ကို ထောင်ဝင်စာ သွားတွေ့ သည်။ သူတို့သည် မြန်မာပြည်အပြင်ဘက်က အဆိုးဖြစ်သည်။ သည့်ထက်ဆိုး သော အဆိုးများစွာလည်းရှိသည်။ သူငယ်ချင်း သုံးယောက် ဆုံပြီး အရက်သောက်ကြသည်။ တစ်ယောက်က မှောက်ပြီး အိပ်ပျော်သွားသည်။ ကျန်နှစ်ယောက်က ဆက်သောက်သည်။ စကားများရန်ဖြစ်ကြသည်။ လက်လွန်ပြီး တစ်ယောက်သေသည်။ သတ်သူက လစ်ပြေးသွားသည်။ မှောက်ပြီးအိပ်နေသူ အဖမ်းခံရပြီး ထောင်ကျသွားသည်။ မလေးရဲတွေက သတ်ပြီးထွက်ပြေးသွားသူကို ခက်ခက်ခဲခဲ လိုက်မရှာတော့။ မှောက်ပြီးအိပ်နေသူကိုသာ လွယ်လင့်တကူ တရားခံအဖြစ် သတ်မှတ်လိုက်ကြသည်။
ကျွန်တော့်အတွက် ဝမ်းနည်းပက်လက် ယူကျုံးမရ ဖြစ်ရသော ဖြစ်ရပ်တစ်ခု မြန်မာပြည်အပြင်ဘက် ဝတ္ထုထဲတွင် ပါဝင်သည်။ အခုအချိန်ထိ ကျွန်တော် နောင်တ ရနေမိသည့် အရာလည်း ဖြစ်သည်။ ထိုဖြစ်ရပ်သည် ဝတ္ထုထဲတွင် စိတ်ကူးယဉ် ဆန် ထည့်ထားသော ဖြစ်ရပ်မဟုတ်။ လက်တွေ့ ဘဝတွင် အမှန်တကယ် ဖြစ်ပျက်ခဲ့ခြင်းဖြစ်သည်။ မှတ်မှတ်ရရ ၂၄၊ ၅၊ ၂၀၁၂၊
ည ၉နာရီ ၄၅။ သည်ခံစားမှုကို ကျွန်တော် ကဗျာရေးခဲ့သည်။ ၂၀၁၂၊ အောက်တိုဘာလထုတ်  ပြုံးစရာ မဂ္ဂဇင်းတွင် ဖော်ပြပါရှိခဲ့သည်။
မင်းဖုန်းနံပါတ်ကို ငါ အကြိမ်ကြိမ်ခေါ်
.........................................
လေထဲမိုးထဲ ဒုက္ခတွေကို မီးညှိညှိနေရတာ
ငါတို့အတွက်ကတော့ အရာရာဟာ ကုန်ကြမ်း
မင်းချမ်းနေရင် မင်းနှလုံးသားထဲက ကဗျာတွေကို ဖက်ထားလိုက် လူခါး
ငါတို့ ရရှိခဲ့တဲ့ဘဝက ဓာတ်ကြိုးနဲ့မလွတ်တဲ့ သစ်ပင်
ဒဏ်ရာဆိုတာ ပြောမနာဆိုမနာ အရက်ဝိုင်းတစ်ဝိုင်းလောက်ပါပဲကွာ
၂၄၊ ၅၊ ၂၀၁၂ ၊ ည ၉ နာရီ ၄၅
ငါ့ဖုန်းထဲက လွတ်ကျသွားတဲ့ မင်းအသံ
နောက်ဆုံး လက်ခံရရှိခဲ့တဲ့ message တစ်ခုနဲ့
ဆက်သွယ်မှု ဧရိယာပြင်ပ
ပစ္စက္ခဟာ မင်းမျက်နှာတည့်တည့်ကိုမှ
ဘာလို့ အမှောင်ထိုးကျရတာလဲ
ခု... ငါ့လက်ဖျားတွေ အေးစက်နေတယ်
ငါ့ညတွေ အေးစက်နေတယ်
ပြန်စဉ်းစားကြည့်တော့ ပြုတ်ထွက်မသွားတဲ့ ကျောရိုးဆစ်တွေနဲ့ ငါတို့
မိသားစုကို ထမ်းခဲ့
အနုပညာကို ထမ်းခဲ့
မအောင်မြင်သေးတဲ့ အိပ်မက်တွေကို ထမ်းခဲ့
ခက်ခက်ခဲခဲ ကျဉ်းကျဉ်းကျပ်ကျပ်
အသက်ရှူမဝတဲ့ နေ့ ရက်တွေကို ထမ်းခဲ့
လူငယ်ပီပီ ငွေနောက်လိုက်ခဲ့တယ်
လူငယ်ပီပီ ကဗျာနောက်လိုက်ခဲ့တယ်
လူငယ်ပီပီ ရိုးရိုးသားသား မိုက်ခဲ့တယ်
ဆန်ပေးမှဆီရတဲ့ ခေတ်ကြီးမှာ
ငါတို့အရင်းအနှီး ကြီးခဲ့
ငါတို့မေတ္တာတရားတွေ ကြီးခဲ့
ငါတို့ ယုံကြည်ချက်တွေ ကြီးခဲ့
အကြောင်းအကျိုး အဖြစ်အပျက်ဟာ
ငါတို့ ရှောင်လွှဲလို့မရတဲ့ သမားရိုးကျ ပြဇာတ်ကြီးပဲ
ခု... မင်းမိနေတဲ့ မီးပွိုင့်မှာ
မင်းချစ်တဲ့ အမှန်တရားဟာ အသေအချာ လင်းဖွဲ့ လာမယ့် မီးစိမ်း
အခွံမာ မင်းစိတ်ဓာတ်တွေအတွက်
မနက်ဖြန်ဆိုတာ အခက်အလက်အစုံနဲ့ 
ဖူးပွင့်လာမယ် ဆိုတာ ငါ ယုံတယ်။
(လင်းလက်တာရာ)
အဆိုးသည် အမှန်တကယ် ပဲ သံတိုင်တွေထဲ ရောက်သွားခဲ့သည်။ အဆိုးသည် သံတိုင်တွေထဲမှာပဲ
မိသားစု ဆိုသည့် ကဗျာ ကို မျက်ရည်စက်လက်နှင့် ရေးခဲ့သည်။
မိသားစု
........
ငါ့ညီမလေး နှစ်ယောက်က
နယ်စပ်မြို့တစ်မြို့ရဲ့ ဟမ်းဆက်ဆိုင်မှာ
ကြိုငွေ ယူထားခြင်းခံရ
ညီလေးက သူ့စိုက်ခင်းနဲ့သူ ပိုးကျလို့
ကြီးမှ အိမ်ထောင်ကျသွားတဲ့ အစ်မကြီးကတော့
မိခင်ဘဝပီပြင်ဖို့ မြန်နှုန်းမြှင့်ထားလေရဲ့
ပါးပြင်ပေါ်က လွင့်ပျယ်နေတဲ့ သနပ်ခါးနဲ့ အမေ
ထိချက်မမှန်တော့တဲ့ အဖေ့ဓါးချက်တွေကို ရေနေတဲ့အချိန်
ငါက ပြည်ပနိုင်ငံတစ်ခုရဲ့ အလုံပိတ်အခန်းထဲမှာ။
လူခါး
( အက္ခရာလမ်းကဗျာစာအုပ်မှ)
မြန်မာပြည်အပြင်ဘက်ထဲက
အဆိုးသည် အချုပ်ခန်းထဲတွင် ကမ္ဘာမကြေ နိုင်ငံတော်သီချင်းအား
လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ် မေးကြောတွေထောင်ထနေအောင် ဆိုခဲ့သည်။
ကိုခါးပြောခဲ့တဲ့ အသံက ကျွန်တော့်စိတ်အာရုံထဲမှာ
ပဲ့တင်ထပ်နေသည်။
" နိုင်ငံတော် သီချင်းကို ကျွန်တော် တကယ် ဆိုခဲ့တာဗျ ကိုလင်းရ "
" နိုင်ငံတော် သီချင်းကို ကျွန်တော် တကယ် ဆိုခဲ့တာဗျ ကိုလင်းရ "
ကျွန်တော်မျက်ရည် ဝဲခဲ့ရသည်။
ကိုခါးသည် မြန်မာပြည်အပြင်ဘက် ကို စိတ်ကူးယဉ်ပြီး ရေးခဲ့ခြင်းမဟုတ်။ ဘဝနှင့် ရင်းပြီး ရေးခဲ့ခြင်းဖြစ်သည်။ ရင်နှင့်ရင်းပြီး ရေးခဲ့ခြင်းဖြစ်သည်။
အတွေ့ အကြုံတွေ နှင့် ရင်းပြီး ရေးခဲ့ခြင်းဖြစ်သည်။
အရေးအသားကောင်းသည်။ ဇာတ်လမ်းအချိတ်အဆက်မိသည်။ အခန်းဖွဲ့ စည်းပုံ လှသည်။ လက်ကမချချင်လောက်အောင် ဆွဲဆောင်မှု ရှိသည်။ ဇာတ်ကောင် စရိုက်ပီပြင်သည်။ ရသမြောက် လူ့ သဘာဝအဖွဲ့ များ နှင့် မြန်မာ့လူ့ အဖွဲ့ အစည်းအတွက် လိုအပ်နေသော ခေတ်ပြိုင်ခံစားမှု အပြည့်ရှိသည့် ပင်ကိုယ်ရေးဝတ္ထုရှည်စစ်စစ်ဖြစ်သည်။
လွန်ခဲ့သော ၅နှစ်ကျော်က မှတ်ချက်ပြုခဲ့သော
ကဗျာဆရာ အစ်ကို ရိုးသက်၏ စကားကို ပြန်ကြားယောင်မိသည်။
" လူခါးက စကားပြေကောင်းတွေ ရေးနိုင်မယ့် လက် ကွ "
သူ့ ဝတ္ထုတိုတွေ အနီးကပ်ဖတ်ရသူ ကျွန်တော်က
ထိုစကားကို အကြွင်းမဲ့ယုံသည်။ယုံကြည်သည့်အတိုင်းလည်း ဖြစ်လာခဲ့သည် ။ အချိန်ကာလတစ်ခုမှာ ကျွန်တော်တို့ မြန်မာပြည်ပြန်ရောက်ခဲ့ကြသည်။
အင်းစိန်မြို့နယ် တစ်နေရာတွင် သူ၏ လက်ရေးမူ သည်ဝတ္ထုရှည်ကို ဖတ်ခဲ့ရဖူးသည်။
ယခု တဖန် မြန်မာပြည်အပြင်ဘက် ကို မြန်မာပြည်အပြင်ဘက် မှာ ထပ်ဖတ်ရသည်။
သည်တစ်ခါ ထပ်ဖတ်ရသည်က လက်ရေးမူမဟုတ် ပုံနှိပ်စာလုံးလေးတွေနှင့် ဖြစ်သည်။ ကိုခါးအတွက် ကျွန်တော် ဂုဏ်ယူသည်။ သူ သည် သူဝါသနာကြီးသော စာရေးခြင်း အနုပညာဖြင့် ဘေးထွက်ဖိတ်စင်နေသော မြန်မာ့ လူသားအရင်းအမြစ်တွေ၏ ဘဝများကို မီးမောင်းထိုးပြခဲ့သည်။ မင်းသားဟန်ဆောင်ထားသော မလေးရှား၏ မာယာမျက်နှာဖုံးကို ဆွဲချွတ်ပြခဲ့သည်။
မြန်မာပြည်အပြင်ဘက်တွင် အစွယ်ပြူးပြူးနှင့် ဘီလူးရုပ် မလေးရှားကို တွေ့ ကြရမည်ဖြစ်သည်။
ကိုခါးသည် စာပေတာဝန်ကျေပွန်ခဲ့ပြီဟု ကျွန်တော်မှတ်ချက်ပြုချင်သည်။
နောက်ဆုံးအနေဖြင့် သူ၏ မလေးရှားသို့ အမှတ်ရချက်များ ကဗျာနှင့် အဆုံးသတ်ချင်ပါသည်။
မလေးရှားသို့ အမှတ်ရချက်များ
...................................
ဘ၀မှာ
ဘာအရေးကြီးဆုံးလဲ ဆိုတဲ့ မေးခွန်းကို
ထူးအိမ်သင်က
ချစ်ခြင်းမေတ္တာနှင့်  ဥာဏ်ပညာ လို့ ဖြေတယ် ။
လူခါးက အဲဒီမေးခွန်းကို
ဟောသလို ဖြေလိုက်မယ်
မိတ်ဆွေ ၊ အနုပညာနှင့် ရိုးသားခြင်း ။
သတိရခြင်းကွပ်လပ်မှာ
ကလစ်တစ်ချက်ထောက်လိုက်တော့
ဖရီးကောလ်လင်းများ
စက်ရုံကောလ်လင်းများ
ဧဂျင့်ကောလ်လင်းများနဲ့ 
အိုဗာစတေးများ ဆိုပြီး ကျလာတယ် ။
အရိပ်လိုချင်လို့ အကိုင်းမချိုးခဲ့ ဖူးဘူး
အကိုင်းချိုးချင်လို့ အရိပ်မခိုခဲ့ ဖူးဘူး ။
တစ်ယောက်ကို တစ်ယောက် ငြိခဲ့ 
ဒါဟာ သံယောဇဉ်။
တစ်ယောက်ရင်ဘတ်ကို တစ်ယောက်က
ဖယောင်းတိုင်မီးကူးသလို ကူးပေးခဲ့ ရ။
တစ်ယောက်ထမင်းတစ်နပ်ကို တစ်ယောက်က
အသက်ကယ်ဆေးလို ခွဲဝေစားသုံးခဲ့ ရ ။
တစ်ယောက်ကားခကို တစ်ယောက်က
ကြွေးဆပ်သလို ထုတ်ပေးခဲ့ ရ ။
အကြိမ်ကြိမ်လဲကျတာကို
အကြိမ်ကြိမ် ဆွဲထစေခဲ့ တာ မိတ်ဆွေ ။
အကြိမ်ကြိမ်လဲကျတာကို
အကြိမ်ကြိမ် ဆွဲထစေခဲ့တာ အနုပညာ ။
အကြိမ်ကြိမ်လဲကျတာကို
အကြိမ်ကြိမ်ဆွဲထစေခဲ့တာ  ရိုးသားခြင်း ။
ငါတို့ လေ..၊
ဘယ်သူသိနိုင်မှာလဲ
စာပေဟောပြောပွဲ လက်မှတ်တစ်စောင်ကို
လမ်းဘေးတောင်းရမ်းစားသလို ရောင်းခဲ့ ရ ။
အရှုံးခံထုတ်တဲ့  မဂ္ဂဇင်းတစ်စောင်ကို
သုံးပြီးသားကွန်ဒုံးတစ်ခု လို အကြည့်ခံခဲ့ ရ ။
နာတယ်
KLCC  ကြီးကို နာတယ်
ကိုတာရာယာ ကြီးကို နာတယ်
မိုင်ဒင်းကြီးကို နာတယ်
KL စန်ထရယ်ကြီးကို နာတယ်
KTM ကြီးကို နာတယ်
LRT ကြီးကိုနာတယ်
ကွာလာလမ်ပူကြီးကို နာတယ်
မင်းကို လက်ထပ်ပေါင်းသင်းမိခဲ့တာ
ငါ နာတယ် မလေးရှားရေ။
မင်းဟာ
မုဒိမ်းကောင်
မင်းဟာ
ပြန်ပေးသမား
မင်းဟာ
ခါးပိုက်နှိုက်
မင်းဟာ
ဓါးပြ
မင်းဟာ
ပါးစပ်ပွဲစား
မင်းဟာ
လိမ်ညာဝံ့သူ ခွေးအကြီးပေါ့ ။
မင်းဟာ ငါတို့ မျက်နှာကို အက်ဆစ်နှင့် ပက်သောသူ
မင်းကို ကမ္ဘာမကြေသ၍ ငါမုန်းမိရဲ့ ။
မင်းသိလား
မင်းတို့ သိတဲ့  ဂျလန်းယူသန့်  ဆိုတာ
ငါတို့ ရဲ့   ဦးသန့် 
မင်းသိလား
မင်းတို့ သိတဲ့  THE LADY  ဆိုတာ
ငါတို့ ရဲ့  ဒေါ်အောင်ဆန်းစုကြည် ။
မင်းတို့ မြေမှာ
ငါတို့ သွေးဟာ အရောင်ဆိုး ခံခဲ့ရ ။
မင်းတို့ မြေမှာ
ငါတို့ အသားဟာ ကျွန်လိုရောင်းဝယ်ခြင်းခံရ ။
မင်းတို့ မြေမှာ ငါတို့  ဆီက လူတွေ
ခွေးလို ၊ နွားလို ၊ ၀က်လို ၊ ကြက်ကလေးတစ်ကောင်လို
ရှင်သန်ရ ၊ ပြေးလွှားရ ၊ ရုန်းကန်ရ ၊ ထိတ်လန့့် ငိုကြွေးခဲ့ ရ ။
ဘီယာဆိုင်တွေမှာ
KTV  တွေမှာ
မာဆပ် တွေမှာ
ချောင်ကစ်မှာ
ဘူကစ်ဘင်တန်းမှာ
ဂန်တင်းဟိုင်းလန်းမှာ
လန်ကာဝီမှာ
သြော်..ငါတို့် အမျိုးတွေ
သူတို့ ကိုယ် သူတို့  မြန်မာဆိုတာ မေ့ကြ
ကိုယ့်မင်း  ကိုယ့် ချင်း
ကိုယ့်ထီး  ကိုယ့်နန်း ကိုယ့်ကြငှန်း နဲ့ ဆိုတာ မေ့ကြပေါ့ ။
အရင်တုန်းက
သီပေါနဲ့  စုဖုရားကို
သူများတွေက အတင်းအဓမ္မ လာဖမ်းသွားတာ
အခုကငါတို့ ကို
သူများလက်ထဲ အတင်းအဓမ္မ ထိုးထည့် ခံခဲ့ရတာ။
မလေးရှားရေ
မင်းဟာ အောင်နိုင်သူကြီးပါ
မင်းဟာ စစ်ကိုအောင်နိုင်သူကြီးပါ ။
ဒီမယ် မလေးရှား
မသိရင် မှတ်ထား
မင်းရဲ့ ဖိနှိပ်မှုအောက်ကနေ
မီလျံနာကြီးတွေ မထွက်ခဲ့ ပေမယ့်
ကဗျာဆရာတွေ စာရေးဆရာတွေ ထွက်ခဲ့တယ် ။
သူတို့ မင်းအကြောင်းကို ဖွဲ့ ဆိုကြတယ်
မင်း ညံ့ကြောင်း
ဟန်ဆောင်ကောင်းကြောင်း
လူစကားနားမလည်ကြောင်း
ခွေးလို စာရိတ္တရှိကြောင်း
ဆင်လို မှုံယိုတတ်ကြောင်း
အုပ်စုဖွဲ့ ပြီး ကိုက်တတ်ကြောင်းတွေပေါ့ ။
မင်းလာရင်   အသေခံဗုံးခွဲမယ့်လူလည်း ရှိရဲ့ 
မင်းလာရင်   အရေခွံနွှာပစ်မယ် ဆိုတဲ့ လူလည်း ရှိရဲ့ 
မင်းလာရင်   လည်ပင်း ထွန်တုံးတင်နင်းပစ်မယ် ဆိုတဲ့ လူလည်းရှိရဲ့ 
မင်းလာရင် မြွေပွေးကြီးကြီးကိုက်ရစေ့မယ် ဆိုတဲ့ လူလည်း ရှိရဲ့  ။   
 အို   မလေးရှား
ငါ့ အသက်နဲ့ ခန္ဓာ တည်သ၍
သင့်အား လက်စားချေ ခွင့် ရရပါစေသား   ။     ။
လူခါး
31.03.2014 , (M0NDAY . YANGON)
ချစ်ခင်စွာဖြင့်
#လင်းလက်တာရာ
5.1.2018
No comments:
Post a Comment