Wednesday, January 24, 2018

မျက်လှည့်ဆရာ ရဲ့လက်ထဲက ပြာတွေ


မျက်လှည့်ဆရာရဲ့လက်ထဲကပြာတွေ


ပြာတွေကို ပုဝါနဲ့ အုပ်ပြီး ဖွင့်ပြလိုက်တော့
မီးသွေးတွေ ဖြစ်နေ
မီးသွေးတွေကို သူစားပြတယ်
စားရင်းစားရင်း သူ့ခန္ဓာကိုယ်ကနေ
သစ်ရွက်တွေ ထွက်လာ
သစ်ကိုင်းတွေ ပေါက်လာ
တဖြည်းဖြည်းနဲ့ သူ့ ခန္ဓာကိုယ်ဟာ သစ်ပင်ကြီးဖြစ်လာ
သစ်ပင်ကြီးဟာ အကြောဆန့်လိုက်တယ်
နိုင်ငံ့မြေပုံနဲ့ တူလာ
သစ်ပင်ကြီးဟာ တစ်ချက်ထရယ်တယ်
သူ့ရယ်သံနဲ့အတူ ငှက်တွေဟာ သူ့ပါးစပ်ထဲကနေ
ပျံသန်းထွက်လာကြပြီး
သူ့ကိုယ်ပေါ်မှာ လာနား
သူ့အပါးမှာ ပျံဝဲ
ထူးထူးခြားခြား ချိုးဖြူငှက်လေးတစ်ကောင်ဟာ
အဝေးကို ပျံသန်းသွား
ပြန်လာတယ်
အထိတ်တလန့် ပြန်လာတယ်
ကြောက်လန့်တကြား ပျံလာတယ်
သူ့နောက်မှာ လူတစ်စုပါလာ
ဒိုင်း ခနဲ
သေနတ်သံကြားရ
ချိုးဖြူငှက်လေးခမျှာ သစ်ပင်ကြီးရှေ့ သွေးအလူးလူးပြုတ်ကျ
လက်နက်ကိုင်တွေဟာ တဟားဟား ပွဲကျ
ချိုးဖြူငှက်လေးကို ကင်စားကြ
သစ်ပင်ကြီးအရိပ်အောက်မှာ အနားယူကြ  
အနားယူပြီးသကာလ
သစ်ပင်ကြီးကို လွှစက်နဲ့ လှီးဖြတ်ကြ
သစ်ပင်ကြီး ဝုန်းခနဲလဲကျ
သစ်သားတွေကို အိတ်စ်ပို့လုပ်ကြ
သစ်ကိုင်းတွေ နဲ့ မီးပုံပွဲလုပ်ကြ
မူးကြရူးကြ ကခုန်ကြ
အဲဒီနောက် နွေခေါင်ခေါင်မှာ မိုးကြီးသည်းလာ
မုန်းတိုင်းကျလာ
မြေတွေပြိုလာ 
ရေတွေကြီးလာ 
သဘာဝဘေး အန္တရာယ် ကပ်ဆိုးကြီးကျလာ
အနက်ရောင် ပိတ်ကားကြီးပါကျလာ 
မျက်လှည့်ဆရာဟာ သူရဲ့ပြကွက်ကို အဆုံးသတ်လိုက်တယ်
မျက်ရည်စက်လက်နဲ့



လင်းလက်တာရာ

No comments:

Post a Comment