Tuesday, January 2, 2018
ငါးမန်းဖမ်းပွဲ
ကျုံးရေထဲမှာ
ငါးမန်းတွေ ဘယ်သူလာလွှတ်ထားတာလဲ
သွေးဆာနေတဲ့ ငါးမန်းတွေ
မြို့ရိုးကို လှမ်းလှမ်းဟပ်
မြို့သူမြို့သားတွေကို အနံ့ ခံ
ငါးမန်းတွေ တဖြည်းဖြည်းထွားလာ
သွားတွေ ကြီးမားထက်မြလာ
အုပ်ဖွဲ့ ကြီးစိုးလာ
ကျုံးရေနဲ့ မဆံ့မပြဲ
ဒီအတိုင်းဆို ငါးမန်းတွေ လျှံကျတော့မယ်
လမ်းတွေပေါ်မှာ ဈေးတွေထဲမှာ
စားသောက်ဆိုင်တွေမှာ ရပ်ကွက်တွေထဲမှာ
စာသင်ကျောင်းတွေမှာ စက်မှုဇုန်တွေမှာ
ဆေးရုံတွေမှာ တက္ကသိုလ်တွေမှာ
ဘုန်းကြီးကျောင်းတွေမှာ
ပွဲတော်တွေမှာ
ငါးမန်းတွေ ကျူးကျော်လာတော့မယ်
ဒီအတိုင်းဆို ငါးမန်းမြို့ကြီး ဖြစ်တော့မယ်
မြို့ရိုးဟာ အရိုးပဲ ကျန်တော့မှာလား
မြို့သူမြို့သားတွေကရော
အသက်အသွေးအသားတွေ ပဲ့ပါကုန်တော့မှာလား
နေရာအနံ့ အပြား သွေးညှီနံ့ ငါးမန်းယဉ်ကျေးမှုကြီး
ထွန်းကားတော့မှာလား
ငါးမန်းတွေကို ဒီအတိုင်းလက်ပိုက်ကြည့်နေမှာလား
ငါးမန်းတွေကို ဘယ်လို ဖမ်းမလဲ
ကျုံးရေထဲမှာ
ရည်ရွယ်ချက်ရှိရှိလာလွှတ်ထားတဲ့ ငါးမန်းတွေ ရုန်းကြွနေပြီ
- လင်းလက်တာရာ
4.7.2014
Subscribe to:
Post Comments (Atom)
No comments:
Post a Comment