Thursday, April 30, 2015

'သင့်​ကိုယ်​သင်​ရှာပါ မြေပုံပေါ်မှာ ​မြေပုံ​တွေ'



'​တွေ့လား ​တွေ့လား ​တွေ့လား ​'​ 'တွေ့လား​တွေ'ကို​ရော​တွေ့လား
ဘယ်လို​​'အရသာ'လဲ ဘယ်​လို'အနှစ်​သာရ'လဲ ဘယ်​လို'ရသ'လဲ
ဒီချောက်ကမ်းပါးက တက်လာတာ ဒီ Mainstream ထဲက
ဖြာကျလာတာ အဲဒါက ကပ်ပါးတွေ မျိုးပွားတွေ ကလုန်းတွေ
လေထဲမှာ ၀ဲပျံလာပြီဆိုလည်း ဟီးရိုးပဲ ငါဟာ ကျကွဲ ငါဟာ
မူလီစုပ်ခံရ ငါဟာ ငါမဟုတ်တာ အသံမှာမြင်ရဲ့လား အနက်မှာ
ကြားရဲ့လား ဒီမှာက အားလုံးတူတူပဲ ရှာဖွေလေ တွေ့ရှိလေ
တစ်ယောက်ယောက်ရဲ့မိတ္တူကို ပွားလိုက်မိသေးလား ခင်ဗျားဆီမှာ
ပိုမိုရှင်သန်ဖူးညွှတ်နေတဲ့ အစိမ်းရောင်စကားလုံးတွေ တချို့
စကားလုံးတွေက တွတ်ထည့်ကန်လိုက်တဲ့ ဘောလုံးတွေလို
အမြင်အာရုံကို မှောက်မှားစေတယ် မျှော်လင့်ထားတဲ့နေရာမှာ
ကျမလာတဲ့ ဖြစ်တည်မှုဟာ မမျှော်လင့်တဲ့ နေရာမှာ မမျှော်လင့်
ထားတဲ့ပုံစံနဲ့ ဝေ့၀ိုက်ဝဲကျသွား အရွေ့အသစ်တွေ မြေမြှပ်ဗုံးတွေနဲ့
လွတ်ရဲ့လား လိုင်းအချင်းချင်း ရိုက်ကြည့်နေတာ စိတ်မရှိနဲ့ ခဏ
ဘေးဖယ် ဒီမှာက ​ဆောင့်နင်းချနေတာ ​မီး မီး ချင်း ဂ​ဟေ​​စပ်​​နေတာ
အ၀ါကဒ်ပြနေတာ time and space ကိုခုန်ကျော်ကြည့်နေတာ
သေတဲ့အပင်က ရှင်လာမလားလို့ တွေးခေါ်ကြည့်နေတာ ဆောရီး
foul နေပြီ ဆိုတာမရှိ နေရာလွတ်တွေချည်းပဲဆိုလည်း ၀ိုင်း
ဂရုစိုက်မယ့်သူတွေအပြည့် လပြည့်ညကြီးကိုချည်း ရွေးပြီး တွေး
ခေါ်နေရတာ ပျင်းရိငြီးငွေ့ဖွယ် ချွတ်ထားတဲ့စိတ်ကိုကောက်တပ်ပြီး
လူတောထဲ ဝင်သွားပုံ စမတ်ကျကျ တချို့တွေ ဘဝတွေကို ချွတ်ပြီး
ပြန်မတပ်နိုင်သေး ကိလေသာမိုးများ အဆက်မပြတ်ရွာသွန်းခြင်း
ရွာမှာပဲရွာမှာလို့ ​တောသူမ​လေးမိုးက ​ပြောသွား​သေးလား ဝမ်းရေး
တွေဟာ မရပ်မနား ဝမ်းသွားနေသလို လမ်း​တွေထဲစိုက်​ဝင်​နစ်
မြုပ်​ပြီး ပြန်​ထုတ်​လို့မရ​တော့တဲ့ ခရီးမိုင်​တိုင်​​တွေ ခေါင်းထဲမှာ
ခေါင်းတလား ခေါင်းတလားထဲမှာ မိမိကိုယ်ကိုယ် ရှု့ မြင်ပုံ
ရှု့မြင်နည်း မီးနေသည်ဟာကဗျာ သယံဇာတပုံ တက်​တူးကို
အရှင်​လတ်​လတ်​ အ​ရေခွံခွာလိုက်​ကြပြီ တစ်တောလုံး မုဆိုး
တစ်တောင်လုံးဘူဒိုဇာ တက္ကနစ်တွေနဲ့ တည်ဆောက်ထားတဲ့
ရွာ ဘယ်နေရာကိုသွားမှာလဲ လေထီးပါလား အစာရေစာပြည့်
စုံပြီလား သူ့ချုပ်ရိုးစကို သွားသွားခိုးဖြည်နေတာ စိုက်ထားတဲ့
အသီး အရည်ရွှမ်း/မရွှမ်း ပေးနမ်းလိုက်ပါ ဒီမှာလည်း ယက်ကြည့်ပါ
တပ်ကြည့်ပါ ဆင်ကြည့်ပါ ဖက်ကြည့်ပါ သံလိုက်အိမ်မြှောင်လိုရှာ
ပြီးမှအပျော်တမ်းခရီးထွက်သလို ရှိသမျှအကုန်အတင်းထိုးထည့်
လာတာ ပျော်/မပျော်တော့ မသေချာ ဒီဘဝမှာ​တော့ ​သေဖို့
သေချာပါတယ်​ ငါးမရ​လည်း မြစ်​ရဲ့ကျန်းမာ​ရေးကိုနားစွင့်​ခဲ့ပါ
နည်းပညာယန္တရားများကြားမှာ ​လေထဲက ငါးတစ်​​ကောင်​လို မြစ်
ဟာ ​​မျော့​နေပါပြီ ​မျှော့​တွေလို ဘယ်​​သွေးမှမ​ရွေးတဲ့ ​ခေတ်
ကာလကြီးက ရသမျှစုပ်​ယူတယ်​ စုပ်​ဝဲမှုတ်​ဝဲ​တွေနဲ့ကမ္ဘာ ပဋိပက္ခ
တွင်းနက်​ကြီး ​ခြောက်​အိပ်​မက်​​ချောက်​ကြီးများ မိန့်​ခွန်း​တွေဟာ
ဗိုင်​ပါးယား​တွေလို အ​မှောင်​ထုကြီးထဲမှာ အစွယ်​တမျှားမျှား
ဆူရှီမာကီလိပ်​သလို ဖွဲ့စည်းပုံအ​ခြေခံဥပ​ဒေကြီးက တိုင်းသူ
ပြည်​သား​တွေကိုလိပ်​တယ်​ ကိုယ့်​ဘက်​ကိုယ်​ယက်​​​နေလို့ ပန်း
ဝင်​ဖို့​မေ့​နေတဲ့ လိပ်​​တွေ လွှတ်​​တော်​ထဲမှာ အိပ်​​ပျော်​​နေတဲ့
လိပ်​​တွေ အလိပ်​လိုက်​အလိပ်​လိုက်​တက်​လာတဲ့ ဧရာမ ​ကြွေးမှီ
မီးခိုးလုံးကြီး​တွေ အသက်​ကိုလုရှူ ​အောက်​ဆီဂျင်​ကို လုရှူ
လုထုညစ်​ညမ်းမှုကို လုရှူ နာဂစ်​ကို ဦးရှင်ကြီး​လည်းမကယ်​နိုင်
ခဲ့သလို နီ​ပေါငလျင်​ကို ကာလီမယ်​​တော်​လည်း မကယ်​နိုင်​ခဲ့
သမိုင်းရဲ့အမည်းစက်​ကို ​လေဆာနဲ့ဖျက်​လို့မရ ကတိ​တွေဟာ
တိတိရိရိပျက်​ကျလို့ အဲဒီမှာလိုင်း​ကောင်းလား ဒီမှာ​တော့ ဒီမို
က​ရေစီဟာ လိုင်းမ​ကောင်းဘူး ဟဲလို ကြားလား လွတ်​လပ်​​ရေး
ကျောက်​တိုင်​ကြီးကအစ လွတ်​လပ်​​ရေးမရ​သေး လူသားချင်း
စာနာမှုဟာ အဟတ်​ခံလိုက်​ရပြီ နိုင်ငံ​ရေး​စမ်းသပ်​ခန်းထဲကရင်​ခွဲခံ
ထားရတဲ့ဖားတစ်​​ကောင်​ဟာ ဒီမိုးက​ရေစီးတယ်​လို့ ​အော်​ပြီးငြိမ်
ကျသွား အရိတ်​ခံလိုက်​ရတဲ့မြက်​​တွေဟာ ရှည်​ထွက်​မြဲ မတရားမှုကို
ကုတ်​ခြစ်​ဖို့ လက်​သည်း​တွေဟာ ရှည်​ထွက်​မြဲ ပိုးစာ​ပေါက်​​တွေနဲ့ 
သစ်​ရွက်​​ကြွေ​လေးမှာ အနက်​အဓိပ္ပါယ်​​တွေနဲ့ ရနံ့​တွေပန်းထွက်
လာတဲ့အထိ လူ့အဖြစ်​ကို ပွင့်​ကြည့်​ကြတာ​ပေါ့ ဘယ်​လိုလဲ


ရွှေဆက်​ လင်းလက်​တာရာ
30.4.2015

No comments:

Post a Comment