Wednesday, March 25, 2015
ခြေ(စစ်ပွဲများ)
၁၀နှစ်အရွယ် စားပွဲထိုးလေးဟာ
ကျောနံပါတ် ၁၀ ကို ဝတ်ဆင်ထားတယ်
သူ့လိုပဲ သူ့အရွယ်တွေ ဆင်တူဂျာစီတွေနဲ့
ကျောနံပါတ်ကိုယ်စီ
သူ့ အရွယ်ဟာ စာသင်ခန်းထဲမှာ ရှိရမယ့်အရွယ်
သူ့ အရွယ်ဟာ အကယ်ဒမီဘောလုံးသင်တန်းကျောင်းမှာ ရှိရမယ့်အရွယ်
စနစ်ဆိုးကြီးကတော့ အရွယ်မရွေးဘူး
တိုက်စားတယ်
ကျောနံပါတ် ၁၀
သူ့ ကျောပေါ်မှာပိနေတဲ့ ခေတ်ကို ငါမြင်နေရတယ်
သူ့ ကျောပေါ်မှာပိနေတဲ့ ခေတ်ဟာ ငါတို့ကျောပေါ်မှာ ပိနေတဲ့ ခေတ်ပါပဲ
Live လွှင့်နေတဲ့ ဘောလုံးပွဲထဲ သူ့စိတ်ကပ်ငြိနေပုံမှာ
လက်ထဲက ပန်းကန်ဟာ လွတ်ကျ
ခွမ်းခနဲ
အသံမည်းမည်းကြီးက သူ့ ကို ဆဲတယ်
သူ့နာမည်ကို နင်းချေတယ်
ငါနာကျင်လိုက်တာ
TV မှာ ငါတို့နိုင်ငံ ဂိုးသွင်းခံလိုက်ရပုံ အနှေးပြကွက်လာနေတယ်
သူ လာချပေးတဲ့ ကော်ဖီကို ငါမသောက်ရက်ဘူး
သူ့ မှာ စိတ်ကူးစိမ်းစိမ်းတွေ ရှိနေမယ်လို့ ငါတွေးတယ်
လမ်းဘေးလက်ဖက်ရည်ဆိုင်ထဲက သူ့စိတ်ကူးစိမ်းစိမ်းတွေကို
ငါ စိတ်နဲ့ ရွှေ့ ယူနေမိ
ရှု့ ခင်းစိမ်းစိမ်းတွေဆီ
အဲဒီနေ့က ငါတို့ နိုင်ငံ ဂိုးပြတ်မရှုံးခဲ့ပေမယ့်
ဂိုးပြတ်ရှုံးခဲ့ပါတယ်
လင်းလက်တာရာ
26.3.2015
Subscribe to:
Post Comments (Atom)
No comments:
Post a Comment