Wednesday, March 25, 2015
ဒီကဗျာထဲမှာ ဖျတ်ဖျတ်လူးနေတဲ့ ငါး
အမျှားခံတွေပိုမိုများပြားလာ
မျှားသူတွေပိုမိုထူထပ်လာ
နိုင်ငံတော်ကြီးဟာ မျှားသူလား
အမျှားခံလား
ဒါမှမဟုတ်
နို်င်ငံတော်ကြီးဟာ ငါးမျှားချိတ်လား
ငါးစာလား
ငါက ငါးကိုမျှားနေချိန်
ငါ့ကိုလည်း တစ်စုံတစ်ယောက်က မျှားနေ
တစ်စုံတစ်ရာ အကြောင်းတစ်ခုခုက မျှားနေ
ငါလည်း ငါးပါပဲ
ဘာသာစကားဟာ ငါးမန်းတောင်ဟင်းချိုထဲမှာ ကူးခတ်နေ
ဘာသာစကားဟာ ငါးမန်းတောင်ဟင်းချိုကနေ ငါးမန်းပြန်ဖြစ်သွား
ကြယ်ငါးပွင့်ဟိုတယ်ပေါ်ကနေ ခုန်ဆင်းသွား
ဆိုရှယ်ပင်လယ်နက်ကြီးထဲ
လှေက လှိုင်းမမူးဘဲ
လှေငေးသူ ငါက လှိုင်းမူးနေတာ
နိုင်ငံတော်ကြီးက လှိုင်းမူးပြီး အော့အန်နေတာ
ကျောက်ဆောင်ရဲ့မျက်နှာမှာ
လောကဓံ အမာရွတ်ကြီးတွေနဲ့
နိုင်ငံတော်ကြီးမှာလည်း ဧရာမအမာရွတ်ကြီးတွေနဲ့
ရေတံခွန်မဟုတ်ဘူး
တောင်ရဲ့မျက်ရည်တွေပါ
သယံဇာတတွေမဟုတ်ဘူး
နိုင်ငံတော်ရဲ့ မျက်ရည်တွေပါ
ရုပ်ဆိုးဆိုးရေအိုင်လေးဟာ
တိမ်ရိပ်တွေ လာထင်နေလို့ လှသွား
လှနေတုန်းမှာပဲ
စစ်ဖိနပ်တွေကနင်းဖြတ်သွား
မြစ်ကို မေတ္တာရှိမိသူ မြို့ကလေးဟာ
မြစ်ထဲ ဝင်သွားရာကနေ ပြန်ထွက်မလာနိုင်တော့
နိုင်ငံတော်ကြီးကို မေတ္တာရှိမိသူ လူငယ်လေးတွေဟာ
နိုင်ငံတော်ကြီးထဲ ဝင်သွားရာကနေ ပြန်ထွက်မလာနိုင်တော့
အိမ်ကို အစိမ်းလိုက် ခူးပြီး စားရက်လား
အိမ်ရဲ့ ရင်ဘတ်ကို အရှင်လတ်လတ် ခွဲပြီး ဆားပက်ရက်လား
နို်ငံတော်ကြီးကို အစိမ်းလိုက် ခူးပြီး စားရက်လား
နိုင်ငံတော်ကြီးရဲ့ ရင်ဘတ်ကို အရှင်လတ်လတ် ခွဲပြီး ဆားပက်ရက်လား
နွေဦးတဲ့
မတ်လရဲ့ 'လ' ကို ခွေးအတွေ အူမြဲ
ငလျင်ကြောတည့်တည့်က ပွဲတော်မှာ
နိုင်ငံတော်ကြီးဟာ ပျော်ပါရဲ့လား
ငါးမျှားချိတ်မှာ မိပါလာတဲ့ ငါးတစ်ကောင်လို
ဖျတ်ဖျတ်လူးနေတဲ့ နိုင်ငံတော်
တချို့က ငါးကို လတ်လတ်ဆတ်ဆတ် ကင်စားရတာ ကြိုက်
တချို့က နိုင်ငံတော်ကို လတ်လတ်ဆတ်ဆတ် ကင်စားရတာ ကြိုက်
လင်းလက်တာရာ
21.3.2015
ကမ္ဘာ့ကဗျာနေ့
Subscribe to:
Post Comments (Atom)
No comments:
Post a Comment