Wednesday, March 25, 2015

ဒီကဗျာထဲမှာ ဖျတ်​ဖျတ်​လူး​နေတဲ့ ငါး




အမျှားခံ​တွေပိုမိုများပြားလာ
မျှားသူ​တွေပိုမိုထူထပ်​လာ

နိုင်​ငံ​တော်​ကြီးဟာ မျှားသူလား
အမျှားခံလား
ဒါမှမဟုတ်
နို်​င်​ငံ​တော်​ကြီးဟာ ငါးမျှားချိတ်​လား
ငါးစာလား

ငါက ငါးကိုမျှား​နေချိန်
ငါ့ကို​လည်း တစ်​စုံတစ်​​ယောက်​က မျှား​နေ
တစ်​စုံတစ်​ရာ အ​ကြောင်းတစ်​ခုခုက မျှား​နေ
ငါလည်း ငါးပါပဲ

ဘာသာစကားဟာ ငါးမန်း​တောင်​ဟင်းချိုထဲမှာ ကူးခတ်​​နေ
ဘာသာစကားဟာ ငါးမန်း​တောင်​ဟင်းချိုက​နေ ငါးမန်းပြန်​ဖြစ်​သွား
ကြယ်​ငါးပွင့်​ဟိုတယ်​​ပေါ်က​နေ ခုန်​ဆင်းသွား
ဆိုရှယ်​ပင်​လယ်​နက်​ကြီးထဲ

လှေက လှိုင်းမမူးဘဲ
လှေ​ငေးသူ ငါက လှိုင်းမူး​နေတာ
နိုင်​ငံ​တော်​ကြီးက လှိုင်းမူးပြီး ​အော့အန်​​နေတာ

ကျောက်​​ဆောင်​​ရဲ့မျက်​နှာမှာ 
လောကဓံ အမာရွတ်​ကြီး​တွေနဲ့
နိုင်​ငံ​တော်​ကြီးမှာလည်း ဧရာမအမာရွတ်​ကြီး​တွေနဲ့

ရေတံခွန်​မဟုတ်​ဘူး
တောင်​ရဲ့မျက်​ရည်​​တွေပါ
သယံဇာတ​တွေမဟုတ်​ဘူး
နိုင်​ငံ​တော်​ရဲ့ မျက်​ရည်​​တွေပါ

ရုပ်ဆိုးဆိုး​​ရေအိုင်​​လေးဟာ
တိမ်​ရိပ်​​တွေ လာထင်​​နေလို့ လှသွား
လှ​နေတုန်းမှာပဲ
စစ်​ဖိနပ်​​တွေကနင်း​​ဖြတ်​သွား

မြစ်​ကို ​မေတ္တာရှိမိသူ ​မြို့က​လေးဟာ
မြစ်​ထဲ ဝင်​သွားရာက​နေ ပြန်​ထွက်​မလာ​နိုင်​တော့
နိုင်​ငံ​တော်​ကြီးကို ​မေတ္တာရှိမိသူ လူငယ်​​လေး​တွေဟာ
နိုင်​ငံ​တော်​ကြီးထဲ ဝင်​သွားရာက​နေ ပြန်​ထွက်​မလာနိုင်​​တော့

အိမ်​ကို အစိမ်းလိုက်​ ခူးပြီး စားရက်​လား
အိမ်​ရဲ့ ရင်​ဘတ်​ကို အရှင်​လတ်​လတ်​ ခွဲပြီး ဆားပက်​ရက်​လား
နို်​ငံ​တော်​ကြီးကို အစိမ်းလိုက်​ ခူးပြီး စားရက်​လား
နိုင်​ငံ​တော်​ကြီးရဲ့ ရင်ဘတ်​​ကို အရှင်​လတ်​လတ်​ ခွဲပြီး ဆားပက်​ရက်​လား

နွေဦးတဲ့
မတ်​လရဲ့ 'လ' ကို ​ခွေးအ​တွေ အူမြဲ

ငလျင်​​ကြောတည့်​တည့်​က ပွဲ​တော်​မှာ
နိုင်​ငံ​တော်​ကြီးဟာ ​​ပျော်​ပါရဲ့လား

ငါးမျှားချိတ်​မှာ မိပါလာတဲ့ ​ငါးတစ်​​ကောင်​လို
ဖျတ်​ဖျတ်​လူး​နေတဲ့ နိုင်​ငံ​တော်

တချို့က ငါးကို လတ်​လတ်​ဆတ်​ဆတ်​ ကင်​စားရတာ ကြိုက်
တချို့က နိုင်​ငံ​တော်​ကို လတ်​လတ်​ဆတ်​ဆတ်​ ကင်​စားရတာ ကြိုက်



လင်းလက်​တာရာ
21.3.2015
ကမ္ဘာ့ကဗျာ​နေ့

No comments:

Post a Comment