စိတ်ကို မိုးရေထဲ လှန်းထားလိုက်တယ်
............................................................
မိုးက
ငါ့ လွမ်းရိပ်တွေကို လာဆင်နေ
ဒီလို ပြိုပြိုကျနေတဲ့
အတ္တရောင်ကျဲကျဲ ညနေတွေ
စိတ်ကို မိုးရေထဲ လှန်းထားလိုက်တယ်
ယောင်ကိုင်းမို့အစ်နေတဲ့ ဖြစ်တည်ခြင်းထဲ
မပျော်ရွှင်ခြင်းသစ်သီးတစ်လုံး ကြွေကျနေ
ငါနဲ့ ခပ်ဆင်ဆင်
စိတ်ထဲ တစ်ခုခု ခုနေရင်မနေတတ်ဘူး
ဒါ့ကြောင့် နေတတ်အောင်
တစ်ခုခု နဲ့ ပြန် ခုထားရတယ်
ဥပမာ ကဗျာ
လေထုထဲမှာ မမြင်ရတဲ့ အသံတွေ ကြားရ
လူထုထဲမှာ မကြားရတဲ့ အသံတွေ မြင်ရ
ငါဟာ တိမ်မျှင်တိမ်စပဲ
ငါဟာ အိမ်ပြေးပဲ
လွင့်မျောနေရတာ ငါ့ဘဝ
အဆုံးမရှိတဲ့လမ်းတွေဟာ ငါ့ရဲ့အမည်နာမ
ဒီချောက်ကြီးထဲ ခုန်ဆင်းလိုက်ရင်
ညီမလေး ဆီရောက်မှာလား
ဒါမှမဟုတ် ဒီချောက်ကြီးထဲက ခုန်ထွက်လိုက်ရင်
ညီမလေး ဆီ ရောက်မှာလား
လောကထဲ
ဘယ်တစ်ဦးတစ်ယောက်ကိုမှ
သောကမရောက်စေချင်ပါ
ဒုက္ခက ငါ့ဆီမလာခင်
ငါက ဒုက္ခဆီ သွားလိုက်မယ်
ဒါဟာ လူငယ်ပဲ
ဒါဟာ လောကဓံပဲ
တစ်နေ့နေ့တော့
ပို့သလိုက်တဲ့ ကိုယ့်မေတ္တာကို
ကိုယ်တိုင် ပြန်လည် လက်ခံရရှိမှာပဲ
နေမဝင်ခင်
ငါ့အတ္တထဲက ငါပြန်ထွက်လာခဲ့တယ်
မိုးရေထဲ လှန်းထားတဲ့ ငါ့စိတ်တွေဟာ
ခြောက်သယောင်းနေတုန်းပဲ
#လင်းလက်တာရာ
27.8.20
No comments:
Post a Comment