ဘဝဘောလုံးကဗျာတွေ
.............................
ဘဝဘောလုံးကဗျာ (၁) #GK
အိပ်မက်အကြီးကြီးရှိတယ်
ခြေထောက် ၂ဖက်မရှိဘူး
ဘဝဘောလုံးကဗျာ (၂) #RB
ဆေးရောင်စုံ ပန်းချီကားတစ်ချပ်လို
လောကတိုက်ပွဲ မြေပြင်အထားအသိုက အစိမ်း
လက်ခုပ်သံတွေက အပြာ
တရားမမျှတမှု ဝီစီသံက အနက်
တစ်ယောက်ပြီး တစ်ယောက် အဝါ
တစ်ယောက်ပြီး တစ်ယောက် အနီ
မာယာကစားပွဲထဲ အလူးအလဲအကန်ခံနေရတဲ့
ရိုးရိုးသားသား ဘောလုံးလေးက အဖြူ
ဘဝဘောလုံးကဗျာ (၃) #CB
ဘောလုံးကွင်းထဲ
ဘောလုံးကစားကြတဲ့အခါ
fair play ကို အလေးထားကြတယ်
ကြည်နူးစရာ
လူ့ဘဝကွင်းထဲ
အပြိုင်အဆိုင်အနိုင်ကျဲတဲ့အခါ
fair play ကို အလေးမထားကြလေတယ်
ဝမ်းနည်းစရာ
ဘဝဘောလုံးကဗျာ (၄) #CB
ခင်ဗျား ရော ဘဝမှာ
တစ်စုံတစ်ယောက်ကို လျှောထိုးဖြတ်ဖူးပါသလား
တစ်စုံတစ်ယောက်ကရော ခင်ဗျားကို လျှောထိုးဖြတ်ဖူးပါသလား
ပွဲပြီးတဲ့အခါမှာရော လက်ဆွဲနှုတ်ဆက်ကြပါရဲ့လား
ဘဝဘောလုံးကဗျာ (၅) #LB
နိုင်ငံ မတူ
လူမျိုး မတူ
ကိုးကွယ်သည့်ဘာသာ မတူ
ဘာသာစကား မတူ
အသားအရောင် မတူ
" ဂိုး" လို့ အားရပါးရအော်ဟစ်လိုက်ကြတာချင်းတော့ တူတယ်
ဘဝဘောလုံးကဗျာ (၆) #DMF
မိနစ် ၉၀ ဟာ ငရဲ ကျ နေသလိုပါပဲတဲ့
မိနစ် ၉၀ ဟာ ၉ ဘဝစာလောက် ကြာသလိုပါပဲတဲ့
နှလုံးသားတစ်ခုက နှလုံးသားတစ်ခုကို
လိမ်ခေါက် လှည့်စားသွားပုံ စလိုးမိုးရှင်း
ဘဝဘောလုံးကဗျာ (၇) #AMF
တစ်ယောက်က ဘဝကို ပေါင်ပြီး
အပေါ်ကနေ လောင်းကြေးထပ်ထားတယ်
တစ်ယောက်က ဘဝကို ပေါင်ပြီး
အောက်ကနေ လောင်းကြေးထပ်ထားတယ်
တစ်ယောက်ယောက်ကတော့
ကိုယ့်ဘဝကိုယ် သေချာပေါက် ပြန်ရွေးရတော့မယ်
ဘဝဘောလုံးကဗျာ (၈) #RMF
ဘောလုံးပွဲမှာ
ဂိုးမပေးရဖို့ အသည်းအသန် ကာကွယ်ရင်း
မတော်တဆ
ကိုယ့်ဂိုးကိုယ် သွင်းမိကြသူတွေ ရှိတယ်
နိုင်ငံရေးမှာလည်း
ကိုယ့်ဂိုးကိုယ် ပြန်သွင်းကြသူတွေ ရှိတယ်
မတော်တဆ မဟုတ်
ရည်ရွယ်ချက်ရှိရှိ
ဘဝဘောလုံးကဗျာ (၉) #LMF
ဘောလုံးပွဲမှာ အချိန်ပိုရှိတယ်
လူ့ဘဝမှာ အချိန်ပို မရှိဘူး
ဘဝဘောလုံးကဗျာ (၁၀) #CF
ဟန်ဆောင်ဒိုက်ထိုးကောင်းတဲ့ သူက
ပင်နယ်တီရသွားသတဲ့
ဘဝရဲ့၁၈ ကိုက်စည်းထဲမှာ
ဟန်ဆောင်ဒိုက်ထိုး ဖူးခဲ့ပါသလား
တန်းဆင်းဇုန်နဲ့ ချန်ပီယံကြားမှာ
လူလားဆန်ခတ်ပြေးလွှားနေတဲ့
ဘဝတွေ လူတွေ ဘောလုံးတွေ
ဘဝဘောလုံးကဗျာ (၁၁) #CF
ပွဲမပြီးသေးဘူး ဆိုပေမယ့်
ပွဲက ပြီးသွားပြီ
ပွဲက ပြီးသွားပြီ ဆိုပေမယ့်
ပွဲမပြီးသေးဘူး
#လင်းလက်တာရာ
မတ်လ၊ ၂၀၁၉
No comments:
Post a Comment