အားလပ်ရက်မှာ ငါ ကမ်းခြေကို သွားတယ်
ပင်လယ်နဲ့ လက်ဆွဲနှုတ်ဆက်တယ်
ရေသူမလေးနဲ့ အပမ်းဖြေတယ်
လှိုင်းလုံးတွေ တဝုန်းဝုန်းနဲ့ အုန်းစိမ်းရည်တွေတောင် သောက်နေသေး
တကယ်တော့ ဒါဟာ အိပ်မက်ဖြစ်နေတယ်
အိပ်မက်ထဲမှာ လှိုင်းလုံးတွေ အပြည့် ၊ တဝုန်းဝုန်းနဲ့  ရုန်းရင်းဆန်ခတ် 
လှိုင်းလုံးတွေဟာ အိပ်မက်နဲ့ မဆံ့တော့
အိပ်မက်ထဲကနေ အခန်းထဲ လျှံကျလာ
အခန်းထဲ မှာ လှိုင်းလုံးတွေဟာ ရော့ခ်ဂီတတွေနဲ့ အော်ဟစ်ကခုန်
ငါ့ကိုယ်ပေါ်မှာ ဝေလငါးတစ်ကောင်လိုဆော့ကစား
ဆော့ကစားလို့အားရတော့ ငါ့ဖိနပ်ကို စီးပြီး လမ်းပေါ်ကို ဆင်းသွား
လမ်းပေါ်ကို ရောက်သွားတဲ့ လှိုင်းလုံးတွေဟာ ငါ့ကို လှမ်းခေါ်နေပြန်
လှိုင်းလုံးတွေရဲ့ ခေါ်သံကို ငါ ရုန်းမရ
ငါ့ကို ချည်ထားတဲ့အိပ်မက်ကြိုးတွေ ပြတ်တောက်သွားတဲ့အထိ ငါရုန်းမိ
အလွမ်းသောင်ပြင်ပေါ်က အသည်းကွဲ ကြယ်ငါးမလေးကိုတောင် 
ကောက်ဖို့မေ့တဲ့အထိ ငါ ရုန်းမိ
ငါရုန်းပြီး အိပ်မက်ထဲကနေ လက်တွေ့ ဘဝဆီ ခုန်ထွက်လိုက်တယ် 
လူပင်လယ်ကြီး ထဲ ဝုန်းခနဲ မြုပ်သွား
အလုအယက် ကူးခတ်လို့ မဆုံးတော့
အားလပ်ရက်တောင် မရှိတဲ့အထိ အလုအယက် ကူးခတ်လို့မဆုံးတော့ 
လင်လက်တာရာ
15.3.2018
 
No comments:
Post a Comment