Tuesday, January 20, 2015

အစာအိမ်​ထဲက ဇာတ်​လမ်း

ငါးရဲ့ အစာအိမ်​ကို ခွဲလိုက်​​တော့ လက်​​ချောင်းလေးတစ်​​ချောင်း​ထွက်​လာ
စားဖိုမှူးရဲ့ လက်​ထဲက ဓားဟာ ​အထိတ်​တလန့်​ ပြုတ်​ကျ

လက်​ညှိုးလား လက်​ခလယ်​လား လက်​သန်းကြွယ်​လား
ယောက်ျား​လေးလက်​လား မိန်းက​လေးလက်​လား
အိမ်​​ထောင်​ဦးစီးလက်​လား အိမ်​ရှင်​မလက်​လား
လက်​​ချောင်း​လေးမှာ​တော့ လက်​စွပ်​​လေးတစ်​ကွင်း
စေ့စပ်​လက်​စွပ်​လား လက်​ထပ်​လက်​စွပ်​လား

ဆက်​မ​တွေးရဲစရာ
ငါးရဲ့ အစာအိမ်​ထဲမှာ ပါလာတဲ့ ဇာတ်​လမ်းကြီး



လင်းလက်​တာရာ
15.1.2015

နာရီတ​စ္ဆေ

ဘဝရဲ့ အရှုပ်​အ​ထွေး အ​ကွေ့အ​ကောက်​​တွေ ကြားမှာ
ကောက်​ရမိ​တဲ့ နာရီ​လေးတစ်​လုံး

အံ့ဩစရာ
နာရီ​လေးထဲမှာ တ​စ္ဆေတစ်​​ကောင်​​အကျဉ်းကျ​နေတယ်
တ​စ္ဆေဟာ ငါ့ည​တွေကို တစ်​စစီ ကိုက်​ဖျက်​စား​သောက်​​တော့တာပဲ

' ငါ့ပိုင်​ရှင်​ ဆီ ပြန်​ပို့​ပေးပါ
ငါ့ပိုင်​ရှင်​ဟာ ​ပါးမို့မို့​လေးမှာ သနပ်​ခါးပါးပါး​လေး အမြဲလိမ်းတယ်
ရယ်​လိုက်​ရင်​ လခြမ်း​ကွေး ပါးချိုင့်​​လေး သာတယ်
သူ့ ဆံနွယ်​​တွေဟာ ကဗျာရှည်​တစ်​ပုဒ်​လိုပဲ '

တ​စ္ဆေဟာ ကဗျာဆရာ လားလို့ ငါ​တွေးမိ
တ​စ္ဆေဟာ ငါ့အရွက်​ဖားဖားအိပ်​မက်​​တွေကို ​နေပူလှန်းတယ်
တ​စ္ဆေ ဟာ ငါ့စိတ်​နှလုံးသားရဲ့ဗဟိုချက်​မှာ အလန်းချတယ်
အလန်းဟာ ​ချိန်​ကိုက်​ဗုံးတစ်​ဗုံးလိုပဲ

နာရီပိုင်​ရှင်​ဟာ ​နာရီကို စွန့်​ပစ်​ခဲ့တာလား
ဒါမှမဟုတ်​ ကျ​ပျောက်​ခဲ့တာလား
နာရီပိုင်​ရှင်​ဟာ ​လူ့​လောကမှာ​ရော ရှိ​သေးရဲ့လား
နာရီ​လေးအတွက်​ ပူ​ဆွေး​သောက ​ရောက်​​နေမလား
နာရီ​လေးကို မီး​တောက်​​အောင်​ ရှာ​ဖွေ​နေမလား
ဒီနာရီ​လေးဟာ အမှတ်​တရတစ်​ခုခုလား
အထိမ်းအမှတ်​တစ်​ခုခုလား
ဘာကို အဓိပ္ပါယ်​ပြုထားလဲ
နာရီနဲ့ ဒီ တ​စ္ဆေ ဘယ်​လိုပတ်​သက်​​နေလဲ
ဒီ တ​စ္ဆေ နဲ့ နာရီပိုင်​ရှင်​က​ရော ဘယ်​လို ဆက်​နွယ်​​နေလဲ
အ​​တွေးဟာ မီး​တောင်​မြုံတစ်​လုံးလိုပဲ

' ငါ့ပိုင်​ရှင်​ဆီ  ပြန်​ပို့​ပေးပါ
ငါ့ပိုင်​ရှင်​ဟာ ​တောင်​​လှေကားမြို့​လေးနဲ့ တူတယ်
တစ်​မြို့လုံးပန်း​တွေ​မွှေးပျံ့​နေသလိုအပြုံး​တွေကို ပိုင်​ဆိုင်​တယ်
သူ့ ​မှာ ​​အမြဲတမ်းစီးဆင်း​မြဲ ​အစွဲအလန်း​ရေတံခွန်​ဖြူဖြူ​လေးရှိတယ်​'

တ​စ္ဆေဟာ ​တော်​​တော်​အစွဲအလန်းကြီးပါလားလို့ ငါ​တွေးမိ
တ​စ္ဆေဟာ ဘာဖြစ်​လို့ ဒီနာရီ​လေးထဲ ​ရောက်​​နေရတာလဲ
တ​စ္ဆေဟာ ဘာဖြစ်​လို့ တ​စ္ဆေဖြစ်​​နေရတာလဲ

နာရီ​လေးထဲမှာ နာကျင်​စရာအချိန်​တွေ ဘယ်​​လောက်​များများ
နာရီ​လေးထဲမှာ ​​ပျော်ရွှင်​စရာအချိန်​​တွေ ဘယ်​​လောက်​များများ
နာရီ​လေးထဲမှာ ပူ​လောင်​မှု​တွေ ဘယ်​​လောက်​များများ
နာရီ​လေးထဲမှာ ​အေးချမ်းမှု​တွေ ဘယ်​​လောက်​များများ
စက္ကန့်​သံ​လေးဟာ ​ချောက်​​ချောက်​ချားချား

' ငါ့ ကို ငါ့ ပိုင်​ရှင်​ဆီ ပြန်​ပို့​ပေးပါ
ငါ့ ပိုင်​ရှင်​ရဲ့ ရယ်​သံလွင်​လွင်​​လေးနားမှာ ငါ​ပြန်ေ​နချင်​​သေးတယ်
ငါ့ ပိုင်​ရှင်​ရဲ့ ​ကောင်းကင်​အပြာ​လေးထဲမှာ ချိုးဖြူငှက်​​လေးလို ငါပျံဝဲချင်​​သေးတယ်
ငါ့ ပိုင်​ရှင်​ရဲ့ ညစာကို ငါ ငါးရိုးထွင်​​ပေးချင်​​​သေးတယ်​'

မလွယ်​ဘူး
တကယ့်​ကို မျက်​ရည်​လွယ်​တဲ့ တ​စ္ဆေ
မျက်​ရည်​​တွေ လည်​​နေတဲ့ တ​စ္ဆေ

တ​စ္ဆေ့ ကို ငါ သနားသွားတယ်
တ​စ္ဆေ့ ကို ငါ ​သေ​သေချာချာ ကြည့်​လိုက်​တယ်
ဟာ!
တ​စ္ဆေ ဟာ ငါ့မျက်​နှာနဲ့ ပိုတူတူလာတယ်

'ငါ့ကို ငါ့ပိုင်​ရှင်​ဆီ အမြန်​ပြန်​ပို့​ပေးကြပါ' လို့
ငါ ​ကြောက်​လန့်​တကြား​အော်​လိုက်​တယ်




လင်းလက်​တာရာ
8.1.2015






ခက်​ခက်​ခဲခဲခူး​နေရတာကိုက






ကိုယ်​ထင်​ခုတင်​​ရွှေနန်းကြီးဟာ ကျိုးကျသွားတယ်
ကျိုးကျဖို့ တည်​​ဆောက်​ခဲ့ရတာ အရင်းကြီးကြီး
နောက်​ဆုံး​ပေါ် ​မျှော်​လင့်​ချက်​ကြီးဟာ ပြာပုံထဲက ကုန်းထလာတယ်
ပြာပုံထဲက ကုန်းထလာဖို့ ​လောင်​ကျွမ်းလိုက်​ရတာ အရိုး​ငေါ​ငေါ
သံဆူးကြိုး​တွေ​ပေါ်က အညွှန့်တလူလူ ​နေ့စွဲ​တွေ
ဘာမှမ​ရေးဖြစ်​ခြင်းထဲ သီးပွင့်​​နေတဲ့ စာသား​တွေ
အဓိပ္ပါယ်​နက်​နက်​​ရေတံခွန်​ကို ဆန်​တက်​​နေတဲ့ ငါးဟာ ငါ ဖြစ်​တယ်
ငါ့ကို ထားခဲ့တဲ့အရာ​တွေ​ရော ငါက ထားခဲ့တဲ့အရာ​တွေ​ရော
ခရီးက ဆုံးကို မဆုံးဘူး အစ​တွေချည်းပဲ
အစ​တွေက ချည်​သွားတာ မရုန်းနိုင်​ မရယ်​နိုင်
ပျော်စရာ တစ်​ဆယ်​သား​လောက်​ ​ရောင်းပါ
လူငယ်​ဘဝရဲ့ အနှစ်​အသား​တွေကို ရတဲ့​ဈေးနဲ့ ​ရောင်း​နေရတယ်
လူငယ်​ဘဝရဲ့ အနှစ်​သာရ​တွေဟာ ​​ခြောက်​သ​ယောင်း​နေတယ်
လူငယ်​ဘဝရဲ့ ရိုးရိုးသားသား​တွေဟာ ယောင်​ကိုင်းမို့အစ်​​နေတယ်
မနှစ်​က​ဆောင်းဟာ ငါ့ရင်ဘတ်​​ထဲမှာ ပူပူ​နွေးနွးပဲ ရှိ​သေးတယ်
ကိုယ့်​​ကိုယ်​ကိုယ်​ ရှာတာ​တောင်​ မ​တွေ့တဲ့သူက အခြားတစ်​​ယောက်​ကို ရှာလို့
နေ့စဉ်​ ရှင်​သန်​ကျင်းထဲက​နေ ​မြွေမ​ကြောက်​ကင်းမ​ကြောက်​ နိုက်​ယူမိခြင်း​တွေ
အက်​စ်​အီး​အေအာစီအိပ်​ရှ်​ ထဲက​နေ မလိုချင်​တာ​တွေလည်း ရ​နေတယ်
ကိုယ်​စီဝတ်​ဆင်​ထားရတဲ့ ဝဋ်​ဒုက္ခဖက်​ရှင်​ဒီဇိုင်းအလန်းများ
အန္တရာယ်​အနံ့​တွေ နံ့နံ့တက်​ ဆတ်​ဆတ်​လူး ပလူပျံ ရွစိထိုး​နေတယ်
ကိုယ့်​နိုင်​ငံမှာတုန်းက ကြက်​ဖ သူများနိုင်​ငံ​ရောက်​မှ ကြက်​ဥအဆံ​ချောင်
ဘောင်​​တွေကို လွတ်​​အောင်​ ​ရှောင်​ရင်း​ရှောင်​ရင်း
လှောင်​အိမ်​ထဲက​နေ အိမ်​ကို ​ငေးပြီး သွားရည်​ယို​နေရသူ​တွေ
မျက်​ရည်​ယို​ပေါက်​ကြီးကလည်း ကျယ်​လိုက်​တာ
သောက်​​နေတဲ့ ​ကော်​ဖီခွက်​​ပေါ် အင်္ဂါမစုံတဲ့ အ​ကြောင်းချင်းရာ​တွေ လာနားတယ်
နားနဲ့မဆံ့တဲ့ အသံ​တွေ နားထဲ သံ​တွေ ရိုက်​သွင်း​နေသလို
မြင်​ကွင်း​တွေကို မြူ​တွေက ကိုလိုနီထားတုန်း
'သဲ​သောင်​​ပေါ် ဆွဲခဲ့တဲ့ မိသားစု ပုံတူကို လှိုင်းလုံး​တွေ လှန်​ပြီးပြန်​ရှာ​နေတာပါ ' တဲ့
တနင်္ဂ​နွေ ဟာ မြစ်​​ရေထဲ ​မျောသွားတဲ့ ​ရေသန့်​ဗူးခွံဖြစ်​ပြီး
ရေသန့်​ဗူးခွံထဲမှာ ငါ့ SOS ပါတယ်
စိတ်​မိုင်​တိုင်​​တွေ ရှည်​လျားပုံ
စိတ်​မိုင်​တိုင်​​တွေ ပြတ်​ထွက်​သွားပုံ
အမှိုက်​ပုံထဲက​နေ ကိုယ့်​ကိုယ်​ကိုယ်​ ပြန်​​ကောက်​ခဲ့ရပုံ
ဝက်​ရဲ့ အ​ရေပြား​ပေါ်မှာ အသားတံဆိပ်​နံပါတ်​​တွေ
လူ​တွေမှာလည်း ​မွေးကတည်းက ပါလာတဲ့ မမြင်​ရတဲ့ တက်​တူး​တွေ
ဟောဒီမှာ တလူလူအူ​နေတာ
ကိုယ့်​ကိုယ်​ကိုယ်​ ကုန်​ကြမ်းလုပ်​ပြီး
ကိုယ့်​ကိုယ်​ကိုယ်​ ကုန်​​ချောထုတ်​​နေရတဲ့ စက်​ရုံတစ်​ရုံရဲ့ မီးခိုး​တွေ​လေ
ယ​နေ့ လူ့ဖြစ်​တည်​မှု ရရှိနိုင်​ပါပြီ
ယ​နေ့ လူ့ဖြစ်​တည်​မှု ကုန်​ပြီ


လင်းလက်​တာရာ
21.12.2014

Monday, January 19, 2015

ယ​နေ့ - ၅၀

'ပဒုမ္မာကြာ '




ဝတ်​ဆံက ​​မွှေးပျံ့တယ်​ ပျားပိတုန်း​တွေကို ​ပျော်​ရွှင်​​စေတယ်
အပွင့်​က အဆင်းလှတယ်​ ဘုရားပန်း​ကပ်​လှူလို့ရတယ်
အရွက်​က ​ရေခပ်​​သောက်​လို့ရတယ်​ ထမင်းထုပ်​လို့ရတယ်​ ထီးက​လေး လုပ်​လို့ရတယ်
အ​စေ့နဲ့အမြစ်​က စားလို့ရတယ်​ အာဟာရဖြစ်​​စေတယ်
အရိုးက မသိုးသင်္ကန်းရက်​လုပ်​လို့ရတယ်
ပဒုမ္မာကြာ
သူရှိတဲ့ ​ရေကန်​ဟာ သာယာတယ်
တင့်​တယ်​တယ်​ ကျက်​သ​ရေ ရှိတယ်
လူ့ဘဝကြီးမှာ ငါဟာ ပဒုမ္မာကြာလို ဖြစ်​ချင်​ခဲ့
လူ့ဘဝကြီးမှာ ငါဟာ ပဒုမ္မာကြာလို မဖြစ်​နိုင်​​သေး



လင်းလက်​တာရာ
19.1.2014

ယ​နေ့ - ၄၉



သူတို့ ငါတို့ ​မြေ​ပေါ်ကို ​ရောက်​လာကြ
တရားဝင်​နည်းလမ်းနဲ့​ရော တရားမဝင်​နည်းလမ်းနဲ့​ရော ​ရောက်​လာကြ

ငါတို့​​မြေ​ပေါ်က စက်​ရုံ​တွေမှာ
ငါတို့​မြေ​ပေါ်က စား​သောက်​ဆိုင်​​တွေမှာ
ငါတို့​မြေ​ပေါ်က ဟိုတယ်​​တွေမှာ
ငါတို့​မြေ​ပေါ်က စိုက်​ပျိုး​ရေး​တွေမှာ
ငါတို့​မြေ​ပေါ်က ကားဝပ်​​ရှော့​တွေမှာ
ငါတို့​မြေ​ပေါ်က ​ဆောက်​လုပ်​​ရေး​တွေမှာ
ပင်​ပန်းခက်​ခဲ ကြမ်းတမ်းစွာ အလုပ်​လုပ်​ကြ
အိုဗာစ​တေးဖြစ်​ကြ
မိသားစုနဲ့ အဆက်​အသွယ်​ပြတ်​ကြ
သေကြ​ကြေကြ
စိတ်ဒဏ်​ရာ​တွေ ကိုယ်​ဒဏ်​ရာ​တွေရကြ
အဖမ်းခံရပြီး ကျိန်​ဒဏ်​​တွေ ​ထောင်​ဒဏ်​​တွေ ထိကြ

ငါ​တွေး​ကြည့်​​နေတာပါ
ငါအ​တွေးကိုပဲ ငါ သတ်​လိုက်​ပါတယ်




လင်းလက်​တာရာ

Sunday, January 18, 2015

ယ​နေ့ - ၄၈


'​ရေခဲ​ကျောက်​ခက်​​ပန်းဆွဲ​လေး​တွေ'





ရေခဲ​သေတ္တာကို ဖွင့်​လိုက်​​တော့
တွဲလွဲခို​နေတဲ့ ​ရေခဲ​ကျောက်​ခက်​​ပန်းဆွဲ​လေး​တွေ
လှလိုက်​တာ
ငါ ​ငေးကြည့်​​နေစဉ်​မှာပဲ
ရေခဲ​ကျောက်​ခက်​ပန်းဆွဲ​လေး​တွေ အရည်​​ပျော်​ ပျက်​စီးသွား
လူသား​တွေရဲ့ ရင်​ဘတ်​ထဲမှာ ​ရေခဲ​ကျောက်​ခက်​​ပန်းဆွဲ​လေး​တွေရှိတယ်
ရင်​ဘတ်​ထဲက ​ရေခဲ​ကျောက်​ခက်​ပန်းဆွဲ​လေး​တွေ အရည်​​ပျော်​တဲ့အခါ
မျက်​ဝန်းမှာ ​တွေ့မြင်​နိုင်​ပါတယ်




လင်းလက်​တာရာ 

ယ​နေ့ - ၄၇

ယ​နေ့ - ၄၇


ရန်​ကုန်​ကို သတိရတယ်
ရန်​ကုန်​ကို သတိရမိ​တော့ ရွာက ကျပ်​မပြည့်​တဲ့ ဘကြီးတစ်​​ယောက်​ကိုပါ သတိရသွားတယ်
' ငါ လူ့ပြည်​မှာ မ​နေချင်​​တော့ဘူး'
' ဘယ်​ကို သွား​နေချင်​လို့လဲ ဘကြီးရဲ့'
' ရန်​ကုန်​'
ရန်​ကုန်​ကို မ​ရောက်​ဖူးတဲ့ ဘကြီးဟာ ရန်​ကုန်​ကို နိဗ္ဗာန်​ဘုံ လို့ ထင်​​နေသလား
ရန်​ကုန်​ဆိုတာ ငရဲလို့လည်း တချို့က ​ပြောကြတယ်



လင်းလက်​တာရာ

Wednesday, January 14, 2015

ယ​နေ့ - ၄၆


'ရေ​မွှေးနံ့ကို မကြိုက်​'




ရေ​မွှေးဆွတ်​ရတဲ့ အဓိပ္ပါယ်​ကို ပိုလို့မကြိုက်
ရေ​မွှေးဆွတ်​တိုင်းမ​မွှေးတဲ့ အရာ​တွေကို သိမြင်​ပြီးကတည်းက ​ရေ​မွှေးမဆွတ်​ချင်​​တော့
ရေ​မွှေးမဆွတ်​လည်း ​မွှေးမြဲ​မွှေး​နေတဲ့ အရာ​တွေကို သိမြင်​ပြီးကတည်းက ​ရေ​မွှေးမဆွတ်​ချင်​​တော့

သမ္မအာဇီဝရနံ့ကို ကြိုက်​တယ်
ရေ​မွှေးနံ့​ကို မကြိုက်
ရေ​မွှေးနံ့​တွေဟာ ကျွန်​​တော့်​ကို ​ခေါင်းကိုက်​​စေပါတယ်

စိတ်​ကို ​ပျော်​ရွှင်​ကြည်​နူး​လွတ်လပ်​​စေတဲ့ ကိုယ်​သင်းနံ့​​လေး​ရေ
လွမ်းတယ်



လင်းလက်​တာရာ 

ယ​နေ့ - ၄၅

အ​ဆောက်​အဦးကြီးထဲမှာ ပိတ်​မိ​နေတဲ့ စိတ်​​တွေ

ဂိတ်​​တွေကို ဖြတ်​ပြီး စိတ်​တစ်​ခုက စိတ်​တစ်​ခုကို လာ​တွေ့ လိမ့်​မယ်​လို့ 
စိတ်​တစ်​ခုက ​မျှော်​လင့်​မထားဘူး
ပိန်​သွားတဲ့ ခန္ဓာကိုယ်​ ၊ ​ချောင်​ကျသွားတဲ့ မျက်​နှာ ၊ ​အားငယ်​ ​ဖျော့​တော့ နေတဲ့ မျက်​လုံး
အမြဲတမ်းဖူးပွင့်​​နေကျ အပြုံး​လေး​တောင်​ ကွယ်​​ပျောက်

တစ်​​ယောက်​နဲ့ တစ်​​ယောက်​မြင်​​နေရ​ပေမယ့်
တစ်​​ယောက်​ပခုံးကို တစ်​​ယောက်​ ​ပြေးဖက်​လို့မရ
တစ်​​ယောက်​ကို တစ်​​ယောက်​ မြင်​​နေရ​ပေမယ့်
တစ်​​ယောက်​အသံကို တစ်​​ယောက်​မကြားရ

တစ်​​ယောက်​နဲ့ တစ်​​ယောက်​ကြားမှာ မှန်​နံရံကြီး ခြား
မှန်​နံရံကြီးရဲ့ အတွင်းအပြင်​ တယ်​လီဖုန်းခွက်​ နှစ်​ခုက​နေ
တစ်​​ယောက်​အသံကို တစ်​​ယောက်​ နားစိုက်​​ထောင်​ရ
စက္ကန့်​ ၃၀၀ ဟာ ​ပြောစရာ​တွေနဲ့ မ​လောက်​ဘူး

ကျန်းမာ​ရေး သိပ်​မ​ကောင်းဘူး ​ပြောတယ်
စားတာ​သောက်​တာ အဆင်​မ​ပြေဘူး ပြောတယ်
အိမ်​ကိုလည်း အသိမ​ပေးချင်​ဘူး ​ပြောတယ်
အ​မေ့ကို စိုးရိမ်​တယ်​လည်း ပြောတယ်
ဖုန်းနံပါတ်​​တွေ အလွတ်​မရဘူး ​ပြောတယ်
ဒီထဲမှာ ဘဝတူ​တွေ အများကြီးလို့ ​ပြောတယ်
သူ​ဌေးက​ရော ဘာမှမလုပ်​​ပေးဘူးလား  ​ပြောတယ်
ပါမစ်​အတုကပ်​​ပေးတဲ့ ​အေးဂျင့်​ကို သတ်​​​ချင်​တယ်​လို့ ​ပြောတယ်
မထူး​တော့ပါဘူး ဆိုတာလည်း ​ပြောတယ်
သိပ်​ ပူမ​နေပါနဲ့ လို့​လည်း ပြောတယ်
ပြောလို့မကုန်​​သေးခင်​မှာပဲ အချိန်​​စေ့ပြီလို့ အ​စောင့်​ကလာ​ပြောတယ်

ခတ်​ထားတဲ့ လက်​ထိပ်​ကို မကြည့်​ရက်​ဘူး
ဝတ်​ထားတဲ့ ယူနီ​ဖောင်းကို မကြည့်​ရက်​ဘူး
နှုတ်​ဆက်​ ထွက်​ခွာလာရတဲ့ ​ကျောပြင်​မှာ ကပ်​ပါလာတဲ့ မျက်​ဝန်းတစ်​စုံ
ရင်းဂစ်​​တွေကို ဖြဲပစ်​ချင်​တယ်


လင်းလက်​တာရာ









Monday, January 12, 2015

ယ​နေ့ - ၄၄

မိုးပျံပူ​ဖောင်း​လေး​တွေ​နောက်​ တွဲခိုလိုက်​ပါသွား​သော မလွတ်​မလပ်​​များ
လတ်​လတ်​ဆတ်​ဆတ်​ ​ဖဲကြိုးဖြတ်​ခံလိုက်​ရေ​သာ လတ်​လတ်​ဆတ်ဆတ်​​များ

လက်​ခုပ်​သံ​တွေဟာ လက်​ခုပ်​ထဲမှာ ရှိမ​နေဘူး
အစလာ​ဖော်​​နေတဲ့ တချိန်​က ရစ်​ဘီး​လေးရဲ့ မျက်​ရည်​စ​တွေ
ကျောင်း​တော်​ကြီးရဲ့ ကျိုး​ကြေ​နေတဲ့ အ​ကြောင်း​တွေ အ​ကြောင်း​ရေဘယ်​​လောက်​မှာ

မှန်​တစ်​ချပ်​လို ပြန်​ဆက်လို့မရသော မိသားစု အပိုင်းအစများ
စိုက်​ဝင်​နစ်​မြှုပ်​ မနှုတ်​ရက်​ခြင်း​များ ၊ အစွမ်းကုန်​စိမ်းလန်း ၁၀၉/၁၁၀ များ 
တက်​ခဲ့ဖူးတဲ့ ဒုက္ခတောင်​တန်း​များ၊ ပြုတ်​ကျဖူး​သော ဝမ်းနည်းပက်​လက်​ချိုင့်​ဝှမ်း​များ
ခို​တွေလိုခိုကပ်​​  မြို့ပြ ရဲ့ ထပ်​ခိုး​လေးထဲက ချို့တဲ့စွာသုံးစွဲခဲ့ရ အိပ်​မက်​များ

မှိုတက်​​နေတဲ့ မျက်​နှာ​တွေကြား ၊ 'မှိုတက်​​နေ​သော ​နေ့စွဲ​ရောက်​ အမှတ်​တရ' တီရှပ်
ငါ့ဖိနပ်​ကအစ ငါ့ဆီမှာ မ​နေချင်​​တော့ဘူး ဆိုတဲ့ လမ်း​တွေ

အတိတ်​ထဲ ပြန်​ဝင်​လိုက်​တိုင်း ​လော့ဂ်​ကျကျသွားတဲ့ ငါ့တံခါး
ယ​နေ့ထဲ ငါနား​နေတဲ့ ကိုင်းဖျားမှာ ဘယ်​သူလာ​ရောက်​တပ်​ဆင်​ထားမှန်းမသိ​​သော
လေရိုင်းဇုန်



လင်းလက်​တာရာ

Sunday, January 11, 2015

ယ​နေ့ - ၄၃

' မ​ပျော်​ရွှင်​တဲ့ တိမ်​​တွေ '




မ​ပျော်​ရွှင်​တဲ့ တိမ်​​တွေဟာ ​သေ​ကြောင်းကြံစည်​လိုက်​​တယ်
မ​ပျော်​ရွှင်​တဲ့ မိုး​ရေစက်​​တွေ ဖြစ်​သွား
မ​ပျော်​ရွှင်​တဲ့ မိုး​ရေစက်​​တွေဟာ ပင်​လယ်​ထဲမှာလည်း မ​ပျော်​ဘူး
ထပ်​ပြီး ​သေ​ကြောင်းကြံစည်​တယ်​ မ​ပျော်​ရွှင်​တဲ့ ​ရေခိုး​ရေ​ငွေ့​တွေ ဖြစ်​သွား
မ​ပျော်​ရွှင်​တဲ့ ​ရေခိုး​ရေ​ငွေ့​တွေ ဟာ မ​ပျော်​ပြန်​ဘူး
ထပ်​ပြီး​သေ​ကြောင်းကြံစည်​ပြန်​တယ်
မ​ပျော်​ရွှင်​တဲ့ တိမ်​တွေ ပြန်​ဖြစ်​သွား
ငါ့တို့မှာ မ​ပျော်​ရွှင်​တဲ့ တိမ်​​တွေ အများအပြား



လင်းလက်​တာရာ

ယ​နေ့ - ၄၂

တစ်​ကိုယ်​လုံး စိုရွှဲ​နေတဲ့
မိုးဥတု​လေးတစ်​ခု ငါ့ သွေ့​ခြောက်​မှုထဲ ​ရောက်​​လာတယ်
သူက မဖျားဘဲ ငါက ဖျားသွားတာ ထူးဆန်းဖွယ်
ဧည့်​ခံစရာဆိုလို့ ​ကော်​ဖီနဲ့ ကဗျာပဲ ရှိတဲ့ငါ့မှာ
ကော်​ဖီထဲ ကဗျာ​တွေပဲ ထည့်​​ဖျော်​မိ​ပေါ့
ရှင့်​ရဲ့ ​နွေရာသီက​လေးက တကယ်​ ချစ်​စရာပဲ
ကျွန်​မကို ဥဩငှက်​က​လေး လက်​​ဆောင်​​ပေးပါလား
ဒီလိုနဲ့ ငါ့ အတွက်​ စိမ်းလန်းမှု​တွေ ထားပြီး ထွက်​သွားလိုက်​တာ ...



လင်းလက်​တာရာ

ယ​နေ့ - ၄၁



ကြောင်​တစ်​​ကောင်​ နံရံကို ကုတ်​ခြစ်​​နေပုံမျိုးနဲ့
အ​မှောင်​ဟာ သန်း​ခေါင်​ကို ကုတ်​ခြစ်​​နေတယ်
ကြောင်​ရဲ့ မျက်​လုံးအ​ရောင်​ဟာ ကြွက်​ကို သံသယဖြစ်​​စေရဲ့လား
အမှတ်​သည်း​ခြေ မရှိတဲ့ ကြွက်​ဟာ အနံ့ခံ​ကောင်းသူ
ရှင်လျှက်​နဲ့ ပုပ်​​နေတဲ့အနံ့ ဗီအိုင်​ပီခန်းထဲက ထွက်​​နေတယ်
သမိုင်းရဲ့ ကွယ်​လွန်​သူ စာရင်းမှာ ​​မွှေး​ပျံ့​နေဆဲ နာမည်​​တွေ
မွှေး​နေတဲ့ ရနံ့နဲ့ ပုပ်​​နေတဲ့အနံ့
ကြွက်​ဟာ ဘယ်​အနံ့ ကို ပိုကြိုက်​သလဲ
သန်း​ခေါင်​ဟာ အ​မှောင်​ကို ပိတ်​ပင်​ခွင့်​ရှိသလား
ကြွက်​​တွေရဲ့​ရွေးချယ်​မှုကို ​ကြောင်​​တွေက အသိအမှတ်​ပြုရဲ့လား
ကြောင်​​တွေရဲ့ လွတ်​လပ်​ခွင့်​ကို ကြွက်​​တွေက တားမြစ်​သင့်​သလား
ငါတို့ ဖြတ်​သန်းခဲ့ရတဲ့ ညများစွာဟာ လှပခဲ့ပါရဲ့လား
ငါတို့ ဖြတ်​သန်းရဦးမယ့်​ ညများစွာဟာ ​​​အိပ်​မက်​ဆိုး​တွေနဲ့လား
အ​မှောင်​ဟာ သန်း​ခေါင်​ကို ကိုက်​ခဲပစ်​လိုက်​တယ်
ကြွက်​ဟာ ပုပ်​​နေတဲ့အသားတစ်​ကို ကိုက်​ခဲပစ်​လိုက်​တယ်
ကြောင်​ဟာ ကြွက်​ကို ကိုက်​ခဲပစ်​လိုက်​တယ်
အ​မှောင်​ကို​တော့ လ​ရောင်​က ကိုက်​ခဲပစ်​လိုက်​ပြီး
ကြောင်​ကို​တော့ ​ခွေးတစ်​​ကောင်​က ကိုက်​ခဲပစ်​လိုက်​တယ်
မိုးလင်း​တော့ ကားတိုက်​​သေ​နေတဲ့ ​ခွေးတစ်​​ကောင်​ကို ​တွေ့လိုက်​ရတယ်



လင်းလက်​တာရာ




Saturday, January 10, 2015

ယ​နေ့ - ၄၀

ယ​နေ့ - ၄၀



'အဲဒီမှာ အဆင်​​ပြေရဲ့လား ​ပျော်​ရဲ့လား'
'အဲဒီ ​မေးခွန်း မ​မေးဘဲ ငါ့ကို လာထိုးလိုက်​ပါလားကွာ '

တစ်​​ယောက်​နဲ့တစ်​​ယောက်​ မိုင်​​ပေါင်းများစွာ
viber လမ်းက​လေးမှာ ​တွေ့ ကြ
Tango က​ဖေးမှာ ထိုင်​ကြ
G-Talk ရုပ်​ရှင်မှာ ချိန်းကြ
Facebook စာကြည့်တိုက်​မှာ ဆုံကြ
Messenger ပွဲ​တော်​မှာ နွှဲကြ

ဒုက္ခကို ဟာသလုပ်​ ရယ်​​မော​နေရ



လင်းလက်​တာရာ

ယ​နေ့ - ၃၉

လက်​ထပ်​စာချုပ်​မှာ လက်​မှတ်​ နှစ်​ခု ရှိပြီး
ကွာရှင်းစာချုပ်​မှာ လက်​မှတ်​ တစ်​ခုပဲ ရှိတယ်

နို့ဆာ​နေတဲ့ က​လေး​လေးဟာ
အဲဒီစာချုပ်​နှစ်​ခုကြားမှာ ငို​နေတယ်




လင်းလက်​တာရာ

ယ​နေ့ - ၃၈



ငါ့​နေ့စဉ်​ထုတ်​သတင်းစာမှာ
ငါ့​မ​ကောင်း​ကြောင်း​တွေ ငါဘယ်​​တော့မှမထည့်
ငါ့​​ကောင်း​ကြောင်း​တွေကို ပိုပိုသာသာ ထည့်
ငါ့အာ​ဘော်​ကို ထင်​သာမြင်​သာထည့်
ငါ့ရုပ်​ပုံလွှာကို အထူးပြုလုပ်​ချက်​နဲ့ ထည့်
ငါ့ကို ​မြှောက်​စားကပ်​ဖားတာ​တွေ ထည့်
ငါ့လုပ်​ရပ်​​ကို ​ထောက်​ခံတာ​တွေ ထည့်
ငါ့ကို ကြည်​ညို​လေးစားသူ​တွေ ထည့်
ငါ့ကိုအ​ရောင်​လက်​​စေမယ့်​ ဟိုက်​လိုက်​​တွေ ထည့်
ငါ့ကိုထိခိုက်​​စေ​တာ​တွေ ဖြတ်
ငါ့ဂုဏ်​သိက္ခာကို ညစ်​ညမ်း​စေတာ​တွေ ဖြတ်
ငါ့ကို ဆန့်​ကျင်​တဲ့ အ​ကြောင်းအရာ​တွေ ဖြတ်
ငါ့ကို ​စော်​ကားသူ​တွေ ဖြတ်
ငါ့ကို တိုက်​ခိုက်​သူ​တွေ ဖြတ်
ငါနဲ့မတူ ငါ့ရန်​သူ​တွေ ဖြတ်
ငါ့ကို ခတ်​တဲ့ ကြက်​​ခြေတွေ ဖြတ်
သတင်းစာဆိုတာ အလင်းဖြစ်​ရမယ်
သတင်းစာဆိုတာ ပြတင်း​ဖြစ်​ရမယ်
အဲဒီအတင်းအဖျင်းတွေပါ ဖြတ်
ငါက အ​မှောင်​​ခေတ်​ရဲ့ ​နေ့စဉ်​ထုတ်​ သတင်းစာ
ငါ့စကား ငါ့​သတင်းစာမှာတည်​​စေ




လင်းလက်​တာရာ




Friday, January 9, 2015

ယ​နေ့ - ၃၇

'အိုးထိန်းသည်​'




နင်းတယ်​ နယ်​တယ်
ထုတယ် ​ထောင်းတယ်​ 
ရိုက်​တယ်​ ပုတ်​တယ်
ပုံသွင်းတယ်​ ​အသားတံဆိပ်​ခတ်​​နှိပ်​တယ်
နေလှန်းတယ်​ မီးမြှိုက်​တယ်
အစိမ်းလိုက်​ အကျက်​ဖုတ်​တယ်

ပြည်​တွင်းဖြစ်​ ပြည်​သူလူထု ​မြေအိုး​မျိုးစုံ




လင်းလက်​တာရာ


Wednesday, January 7, 2015

ယ​နေ့. - ၃၆

ပင်​လယ်​ကြမ်းပြင်​မှာ အနည်​ထိုင်​သွားတဲ့
သ​င်္ဘောတစ်​စင်းရဲ့ ဥဩဆွဲသံကိုမှ
နားနဲ့ ဆက်​ဆက်​ကြားချင်​​နေ​သေးတဲ့ ဆိပ်​ကမ်းမြို့​လေးရဲ့
တိတ်​ဆိတ်​မီးပြတိုက်​တစ်​ခုလို
ငေး​မောကျန်​ရစ်​ခဲ့တဲ့ တစ်​​နေရာစာလွတ်​​ ထမင်းဝိုင်း​လေးထဲက
အရသာမဲ့မဲ့မျက်​ရည်​ဟင်းလျာ



လင်းလက်​တာရာ

Tuesday, January 6, 2015

ယ​နေ့ - ၃၅


'မည်​သို့လုပ်​လိုက်​သည်​ မသိ'



'မည်​သို့လုပ်​လိုက်​သည်​ မသိ' ဟာ နာမည်​ဝှက်​ဖြစ်​တယ်
'မည်​သို့ လုပ်​လိုက်​သည်​ မသိ' ဟာ ဝက်​အပြုံးနဲ့
'မည်​သို့ လုပ်​လိုက်​သည်​ မသိ' ဟာ အနီ​ရောင်
'မည်​သို့ လုပ်​လိုက်​သည်​ မသိ' ဟာ သိုင်းဝတ္ထုထဲက​နေ ခုန်​ဆင်းလာ
ဧရာဝတီကို မည်​သို့လုပ်​လိုက်​သည်​မသိ
လက်​ပန်း​တောင်းေ​တာင်​ကို မည်​သို့လုပ်​လိုက်​သည်​မသိ
မန္တ​လေးကို မည်​သို့လုပ်​လိုက်​သည်​မသိ
လယ်​ယာ​တွေကို မည်​သို့လုပ်​လိုက်​သည်​မသိ
သယံဇာတ​တွေကို မည်​သို့လုပ်​လိုက်​သည်​မသိ
သစ်​​တော​တွေကို မည်​သို့လုပ်​လိုက်​သည်​မသိ
ရေနံ​တွေကို မည်​သို့လုပ်​လိုက်​သည်​မသိ
ကျောက်​စိမ်း​တွေကို မည်​သို့လုပ်​လိုက်​သည်​မသိ
အမျိုး​ကောင်းသမီး​တွေကို မည်​သို့လုပ်​လိုက်​သည်​မသိ
' မည်​သို့လုပ်​လိုက်​သည်​မသိ' ကို လွှတ်​​ပေးထားလို့မရ​တော့
' မည်​သို့ လုပ်​လိုက်​သည်​မသိ ' ကို သိုင်းဝတ္ထုထဲ ပြန်​ထည့်
တစ်​ရွက်​ချင်းဆွဲဖြဲ လုံး​ချေ မီး​မွှေး အမှိုက်​ပုံးထဲပစ်



လင်းလက်​တာရာ

ယ​နေ့ - ၃၄

'ဘိလိယက်​လုံး​လေး​တွေ'




ဘိလိယက်​လုံး​တွေဟာ တစ်​လုံးနဲ့တစ်​လုံး ခိုက်​ရန်​ဖြစ်​ပွား
ဘိလိယက်​လုံး​လေး​တွေဟာ တစ်​လုံးနဲ့တစ်​လုံး ချစ်​လျှက်​နဲ့ ခိုက်​ရန်​ဖြစ်​ပွား
ဘိလိယက်​လုံး​လေး​တွေ ခိုက်​ရန်​ဖြစ်​ပွားခြင်းဟာ
တစ်​လုံးနဲ့တစ်​လုံး မုန်း​လို့မဟုတ်
ဘိလိယက်​လုံး​တွေ ခိုက်​ရန်​ဖြစ်​ပွားခြင်းဟာ
ဘိလိယက်​လုံး​လေး​တွေ​ကြောင့်​ မဟုတ်




လင်းလက်​တာရာ

ယ​နေ့ - ၃၃


ဆောင်​မနက်ခင်း​​တစ်​ခင်း ​မှာ လို့ ဆိုပါစို့
အရွယ်​အစားတူအမျိုးအစားတူ သစ်​တုံးနှစ်​တုံးရှိတယ်​လို့ ဆိုပါစို့
တစ်​​ယောက်​​သောသူက သစ်​တုံးတစ်​တုံးကို ထင်းစိုက်​ပြီး မီးလှုံ​တယ်​ လို့ ဆိုပါစို့
တစ်​​ယောက်​​သောသူက​တော့ အ​အေးဒဏ်​ကို အံတု
သစ်​တုံးတစ်တုံး​ကို ပန်းပုထုနေတယ်လို့ ဆိုပါစို့

ဆိုပါစို့
အရွယ်​အစားတူ အမျိုးအစားတူ သစ်​တုံးနှစ်​တုံးဟာ ပြည်​သူပြည်​သား​တွေလို့ ဆိုပါစို့

သမ္မတကြီးက​ရော အ​အေးဒဏ်​ခံနိုင်​ပါ့မလား
နှင်းကွဲချိန်​က​ရော ​ပျော်​စရာ​ကောင်းပါ့မလား




လင်းလက်​တာရာ

ယ​နေ့ - ၃၂

ပွဲက ပြီးသွားပြီ
ပွဲက မပြီး​သေး
မ​သေ​သေးတဲ့မီး​တွေ

ဘယ်​သူက ဗီ​လိန်
ဘယ်​သူက မင်းသား
ဇာတ်​တူသားစားကြသူများ
ဇာတ်​ရည်​​လည်းလည်​ခဲ့ပြီ
မျက်​ရည်​လည်းလည်​ခဲ့ပြီ

ဇာတ်​​ခေါင်းဟာ အချိန်​မ​ရွေးကွဲနိုင်
ဇာတ်​​ခေါင်းဟာ အက်​ရာကြီးနဲ့

ကားလိပ်​ကြီး ပွင့်​လာပုံနိုင်​ငံ​တော်
ကားလိပ်​ကြီး ကျသွားပုံနိုင်​ငံ​တော်

ပွဲ​တော်​ပြီး​တော့
ပွဲ​တော်​ကို ​ထပ်​​မျှော်​ကြ



လင်းလက်​တာရာ




ယ​နေ့ - ၃၁

'လွတ်​လပ်​​ရေး'




လွတ်​လပ်​​ရေးဖခင်​လည်းရှိ
လွတ်​လပ်​​ရေးအာဇာနည်​​တွေလည်းရှိ
လွတ်​လပ်​​ရေးကျောက်​တိုင်​လည်းရှိ
လွတ်​လပ်​​ရေးသီချင်းလည်းရှိ
လွတ်​လပ်​​ရေးကဗျာလည်းရှိ
လွတ်​လပ်​​ရေးရုပ်​ရှင်​လည်းရှိ
လွတ်​လပ်​​ရေး​ကျောက်​စာလည်းရှိ
လွတ်​လပ်​​ရေးသမိုင်းလည်းရှိ
လွတ်​လပ်​​ရေးမှတ်​တမ်းလည်းရှိ
လွတ်​လပ်​​ရေး​နေ့လည်းရှိ
လွတ်​လပ်​​ရေး​​​နေ့ပြိုင်​ပွဲ​​ပျော်​ပွဲ​တွေလည်းရှိ
လွတ်​လပ်​​ရေးအထိမ်းအမှတ်​​တွေလည်းရှိ
လွတ်​လပ်​​ရေး​နဲ့ပတ်​သက်​တာ​တွေအကုန်​ရှိ
လွတ်​လပ်​​ရေးပဲ မရှိ



လင်းလက်​တာရာ

ယ​နေ့ - ၃၀

'ဆက်​သွယ်​ပြတ်​​တောက်​'




ဆက်​သွယ်
တနင်္ဂ​နွေ  မနက်​ သုံးနာရီဟာ အ​ရေးအသားအဖြစ်​ ဆက်​သွယ်
ကန္တာရဆူးပင်​​လေးက ​ရေချိုမြစ်​ကြီးဆီ ဆက်​သွယ်
ဆာဟာရက​လေးငယ်​​လေးက ​​ပြောင်းခင်းကြီးဆီ ဆက်​သွယ်
အကြမ်းဖက်​မှုဟာ လူ့အဖွဲ့အစည်းဆီ ဆက်​သွယ်
လေထုညစ်​ညမ်းမှုဟာ ​အောက်​ဆီဂျင်​ဆီ ဆက်​သွယ်
လွှစာမှုန့်​​တွေဟာ သစ်ေ​တာကြီးဆီ ဆက်​သွယ်
နို့စားနွားမ​လေးဟာ သားသတ်​ရုံဆီ ဆက်​သွယ်
ငါက ငါ့ကိုယ်​ငါ ဆက်​သွယ်

ပြတ်​​တောက်
လေယာဉ်​ဟာ ​ရေဒါထဲမှာ ပြတ်​​တောက်
သက်​တံ​လေးဟာ ကိုယ်​လက်​အင်္ဂါ​တွေ ပြတ်​​တောက်
မိသားစုဓာတ်​ပုံမှာ ​ဆေးသား​တွေ ပြတ်​​တောက်
အလှ​မွေးငါး​လေးဟာ ပင်​လယ်​ကြီးနဲ့ ပြတ်​​တောက်
ကျားသားရည်​ဟာ ကျားနဲ့ ပြတ်​​တောက်
ဆင်​စွယ်​ဟာ ဆင်​နဲ့ ပြတ်​​တောက်
ငါဟာ ငါနဲ့ ပြတ်​​တောက်

ဆက်​သွယ်​ပြတ်​​တောက်​မှု​တွေထဲ
ဆက်​သွယ်​ပြတ်​​တောက်​​နေကြပုံများ
ဆက်​သွယ်​ပြတ်​​တောက်



လင်းလက်​တာရာ








ယ​နေ့ - ၂၉

ဘီယာဗူးခွံ​တွေ ပြန့်​ကျဲ​နေတဲ့အခန်း
မျက်​ရည်​​တွေ ​တွေ​တွေကြီးကျ​နေတဲ့ လူတစ်​​ယောက်
ပြန့်​ကျဲ​နေတဲ့ ဘီယာဗူးခွံ​တွေကို
တိုက်​ညီ​နောင်​ပုံသဏ္ဍာန် ​အထပ်​လိုက်​ စီ​ပြီး
klcc ​လို့ နာမည်​​ပေး​တယ်
'ဖြစ်​ရ​လေ ညီ​လေးရာ'
ငိုသံပါကြီးဟာ ယူကျုံးမရခြင်း​တွေနဲ့ အက်​ကွဲတုန်​ခါ
အထပ်​လိုက်​စီထားတဲ့ ဘီယာဗူးခွံ​တွေကို ကန်​​​ထုတ်​ပစ်​မိ​ပေါ့


လင်းလက်​တာရာ

klcc = kuala lumpur convention centre

ယ​နေ့ - ၂၈

မိုက်​ခရို​ဝေ့ဖ်​ထဲ ထမင်းကြမ်း​လေး ထည့်​​နွှေးလိုက်​​ချိန်
ကမ္ဘာမှာ လူ​ပေါင်း ၉၃၆ မီလျံ အစားအစာ မလုံမ​လောက်​ဖြစ်​​နေတာကို ဖျတ်​ခနဲ သတိရမိ

အေးစက်​​နေတဲ့ ​မေတ္တာတရား​တွေကိုပါ မိုက်​ခရို​ဝေ့ဖ်​ထဲ ထည့်​​နွှေးလိုက်​တယ်
အေးစက်​​နေတဲ့ ကိုယ်​ချင်းစာတရား​တွေကိုပါ မိုက်​ခရို​ဝေ့ဖ်​ထဲ ထည့်​​နွှေးလိုက်​တယ်



လင်းလက်​တာရာ

ယ​နေ့ - ၂၇

တစ်​ခုခုဟာ အမြဲလို​နေတယ်​လို့ ပြီးပြည့်​စုံမှုက ​ပြောတယ်
ပြီးပြည့်​စုံမှုက​ရော တကယ်​ရှိမရှိ ​ဦး​ခေါင်းထဲရှိ​နေတဲ့ အကြိတ်​ဟာ သူမ

ခွဲထုတ်​လိုက်​တာနဲ့ ​ဂေါက်သွားမယ့်​ ​ရောဂါဆန်းကြီးနဲ့
ပြက္ခဒိန်​အသစ်​လဲလိုက်​ရတာက လွဲရင်​ အခင်းအကျင်းက​တော့ အ​ဟောင်းကြီးပဲ

သစ်​ပင်​​တွေ အဝတ်​အစားလဲတဲ့ရာသီကို အကြီးကြီး လွမ်းတယ်
အ​မေ့အိမ်​​ပေါ်မှာ တိမ်​ဖြူ​ဖြူတွေ ရွာတည်​​နေပုံ အိပ်​မက်​အဝါ

လယ်​ယာကိုင်းကျွန်း​တွေဆီ ငှက်​တစ်​​ကောင်​လို ပျံသန်းသွားချင်​သူရဲ့ ခရီးမိုင်​​တွေ
ခဏခဏပျက်​ကျဖူး​သော ငယ်​ဘဝရဲ့ စွန်​ပြာ​လေးကို ငါ့နာမည်​နဲ့ ပြန်​​တွေ့လိုက်​ရ

တိုက်​တန်းလျားတစ်ခု​တည်း အတူ​နေပြီး တစ်​ခါမှ စကားမ​ပြောဖူးတဲ့လူ​တွေ
နောက်​​ဖေးလမ်းကြားထဲ လာသာ​နေတဲ့ လ​ရောင်​ကို ​သွေး​ကြောထဲ သွင်းထားချင်​တယ်

နှင်း​တွေကို ​ကျောပိုးအိတ်​ထဲ ထည့်​ပြီး ​လျှောက်​လိမ့်​ချင်​တယ်
အရာရာ မျက်​နှာငယ်​ရလို့ ပလပ်​စတစ်​ဆာဂျီရီ လုပ်​ထားချင်​တယ်

မှော်​ဝန်း​ချောင်းကို ​ခေါင်းအုံးအိပ်​ချင်​​တဲ့ စိတ်​ရူးတသုန်​သုန်
အသားမကျ​သေးခင်​ အသားကျ​ပေးခဲ့ရတဲ့ အရိုး​​တွေ များလှချည့်

အ​ရှေ့ ​တောင်​အာရှရဲ့ ​သွားကြားထိုးတံ​လေးပါ
အ​ရှေ့ ​တောင်​အာရှရဲ့ သွားကြိုသွားကြားမှာ



လင်းလက်​တာရာ



ယ​နေ့ - ၂၆

ငါ့ ​တစ်​ဖက်​တစ်​ချက်​စီမှာ
ကျောက်​ခဲ​တွေ သဲ​တွေ ဘယ်​သူလာပုံထားတာလဲ
ယူသွားကြ ပြန်​သယ်​သွားကြ

ငါ ​အော်​တယ်
ငါ တားတယ်
ငါ ရုန်းတယ်

ငါ့အ​ပေါ်ကို ကတ္တရာ​မည်းမည်း​​တွေ အတင်းဓမ္မ ​လောင်းလိုက်​ကြတယ်
ငါ အ​ရမ်းဝမ်းနည်း
ငါ မျက်​ရည်​ဝဲတယ်

တ​ချိန်​က ရိုးသားဖြူစင်​တဲ့ ​မြေနီလမ်းက​လေး​ဟာ ငါ​ပေါ့



လင်းလက်​တာရာ

ယ​နေ့ - ၂၅

လူတစ်​​ယောက်
အမှိုက်​သွားပစ်​တာ
၂၆နှစ်​ကြာတယ်
ပြန်​မလာဘူး

လူတစ်​​ယောက်
အမှိုက်​သွား​ကောက်​တယ်
ခေတ်​ကြီးတစ်​ခုလုံး ပါလာတယ်



လင်းလက်​တာရာ

Monday, January 5, 2015

ယ​နေ့ - ၂၄

နံရံများသည်​ကား ထုထည်​ကြီးမားမြင့်​မား​လေ၏
ချွန်​မြထက်​ရှ​သောဆူးများဖြင့်​ ပြည့်​နှက်​လျှက်​ရှိ၏

လူ့အဖွဲ့အစည်းတစ်​ခုလုံး ပိတ်​မိ​နေ​သော နံရံများ
လူ့အခွင့်​အ​ရေးကို ပိတ်​​လောင်​ထား​သော နံရံများ

နံရံရဲ့ အတွင်းပိုင်း​မှ ငရဲခန်းများ
အ​မှောင်​များ ​ထောင်​​ချောက်​များ မာယာပရိယာယ်​များ
ရက်​စက်​ကြမ်းကြုပ်​မှုများ ​သွေးစက်​လက်​များ

နံရံရဲ့ အခြားတစ်​ဖက်​မှာ ဘာရှိသလဲ

၂၀၁၄ နံရံကို ​ဖောက်​ပြီးပြီ  
၂၀၁၅ နံရံကို​ ရောက်​ပြီ
ကောင်း​ကောင်း​ဖောက်​နိုင်​ကြပါ​စေ


လင်းလက်​တာရာ

ယ​နေ့ - ၂၃

စစ်​​တွေကို စစ်​ထုတ်​လိုက်​မယ်​ဆိုရင်​​တောင်
အ​ကောင်းတိုင်းကျန်​မ​နေ​တော့မယ့်​ ​မြေကမ္ဘာမှာ ​နေ​ပျော်​ပါရဲ့လား

မျက်​ရည်​ချူတဲ့ လက်​​တွေ ပိုများလာ
မျက်​ရည်​ချူတဲ့ အဖြစ်​အပျက်​​တွေ ပိုထူထပ်​လာ
မျက်​ရည်​ကို ခြူလို အဆွဲခံ​ထားရတဲ့ ဘဝ​တွေ ပိုမြည်​လာ

ပေါင်​မုန့်​တစ်​ဖဲ့အတွက်​ အသက်​ပါ​ပေးလိုက်​ရတဲ့ ကြွက်​ကို မြင်​ဖူးပြီ
ပေါင်​မုန့်​တစ်​ဖဲ့လို ကြွက်​လို လူ​သား​တွေ

'အိပ်​မက်​လား တကယ်​လား' ဆို​တော့
'တစ်​ဝက်​စီ' ဆိုတဲ့ ဟာမျိုးကြီး



လင်းလက်​တာရာ

ယ​နေ့ - ၂၂


လယ်​ယာစိုက်​ပျိုး​ရေးကို အ​ခြေခံ၍ လယ်​ယာ​မြေများ အဓမ္မ သိမ်းယူ​ရေး
လယ်​ယာစိုက်​ပျိုး​ရေးကို အ​ခြေခံ၍ လယ်​သမားများအား မတရား တရားစွဲဆို​ရေး
လယ်​ယာစိုက်​ပျိုး​ရေးကို အ​ခြေခံ၍ လယ်​သမားများအား အကြမ်းဖက်​နှိမ်​နှင်း​ရေး
လယ်​ယာစိုက်​ပျိုး​ရေးကို အ​ခြေခံ၍ လယ်​သမား​တွေရဲ့ဘဝ​တွေကို ဘူဒိုဇာနဲ့ ထိုး​ကော်​​ရေး
လယ်​ယာစိုက်​ပျိုး​ရေးကို အ​ခြေခံ၍ လယ်​သမားရဲ့ဦး​ခေါင်းထဲ ကျည်​ဆံပစ်​သွင်း​ရေး
လယ်​ယာစိုက်​ပျိုး​ရေးကို အ​ခြေခံ၍ အမိလယ်​​ယာ​မြေများကို တိုင်းတပါးများအား ထိုး​ကျွေး​ရေး
လယ်​ယာစိုက်​ပျိုး​ရေးကို အ​ခြေခံ၍ ​သွေး​မြေကျ အသက်​​မြေကျ လယ်​ယာများ ဖန်​တီး​ရေး
အထက်​ပါ ​စောက်​​ရေးမပါ​သော ​စောက်​အ​ရေးများအား ကိုယ်​စိတ်​နှလုံးသုံးပါးစလုံးနဲ့ ဆန့်​ကျင်​ကြ


လင်းလက်​တာရာ 

ယ​နေ့ - ၂၁

'​နေဝင်​ချိန်​' ထဲ ထည့်​ချိန်​လိုက်​ရင်​​တောင်
နေဝင်​ချိန်​နဲ့ ဆံ့မှာ မဟုတ်​တဲ့ ​နေဝင်​ချိန်​​တွေ

ဆည်းဆာ

နေမဝင်​အင်​ပါယာကြီး​တောင်​ ​နေဝင်​ခဲ့တာပဲ​လေ
စိတ်​ကို ဒုန်းဒုန်း ချပြီးသာ ​နေဝင်​ပစ်​လိုက်​ပါ

ဆည်းဆာ

ငှက်​​တွေ ​လေယာဉ်​​တွေ
နေဝင်​ချိန်​ထဲ အိပ်​တန်းပျံ​နေပုံ အ​ငေးမှာ
ဆွေးရိ​နေတဲ့ လူတစ်​​ယောက်
သူ့ မျက်​လုံးထဲ  ပိရမစ်​ပုံတိမ်​တိုက်​တစ်​ခု စိုက်​ဝင်

ဆည်းဆာ

ပိရမစ်​ပုံတိမ်​တိုက်​သာ ​အ​မှောင်​ထဲ နစ်​ဝင်​ပျောက်​ကွယ်​သွားတယ်
မျက်​လုံးထဲက မထွက်​တဲ့ ကျွန်​​တွေ ကြာပွတ်​​တွေ




လင်းလက်​တာရာ

ယ​နေ့ - ၂၀


'အဓမ္မ ခူးဆွတ်​ခံလိုက်​ရတဲ့ စပျစ်​သီး​တွေ'




အဓမ္မ ခူးဆွတ်​ခံလိုက်​ရတဲ့ စပျစ်​သီး​တွေမှာ မိသားစု​တွေရှိတယ်
အဓမ္မ ခူးဆွတ်​ခံလိုက်​ရတဲ့ စပျစ်​သီး​တွေမှာ မြို့​တွေရွာ​တွေ အသက်​အိုးအိမ်​​တွေရှိတယ်
အဓမ္မ ခူးဆွတ်​ခံလိုက်​ရတဲ့ စပျစ်​သီး​တွေမှာ ​​သမိုင်း​တွေရှိတယ်

အောင်​​သေ​အောင်​သား စားပွဲ​တွေအတွက်
နှစ်​ရှည်​လများ အ​ပေါင်းခံထားရတဲ့ စပျစ်​သီး​တွေဟာ ငါတို့




လင်းလက်​တာရာ

ယ​နေ့ - ၁၉

'လူစက္ကူ '



'​ငွေစက္ကူ မင်းဟာ ပြဲလွယ်​တယ်​'
'လူစက္ကူ မင်းတို့က ပိုပြဲလွယ်​တာ'
'​ငွေစက္ကူ မင်းဟာ ဗိုလ်​လား ကျားလား ​သေနတ်​လား'
'လူစက္ကူ ငါဟာ ဗိုလ်​ ငါဟာ ကျား ငါဟာ ​သေနတ်​'
'​ငွေစက္ကူ မင်းဟာ မျက်​နှာကြီးရာ ဟင်းဖတ်​ပါတယ်​'
'လူစက္ကူ ​မင်းတို့ကမှ ​ငွေစက္ကူကြီးရာ မျက်​နှာပါတာ'
'​ငွေစက္ကူ မင်းဟာ ညစ်​ပတ်​ အီးပါ ရက်​စက်​တယ်​'
'​လူစက္ကူ ကိစ္စမရှိ လူစက္ကူ​တွေ ကြုံး​လိမ့်​မယ်​'
'​ငွေစက္ကူ မင်းစီးထားတဲ့ ဖိနပ်​က မိုက်​လိုက်​တာ ဘာတံဆိပ်​'
'လူစက္ကူ လူစက္ကူတံဆိပ်​​လေ လူစက္ကူ'



လင်းလက်​တာရာ

ယ​နေ့ - ၁၈

တိုက်​နံရံ​မှာ ကိုးဆယ်​ဒီဂရီ​ထောင်​မတ်​​​နေတဲ့ ရေပိုက်​​ခေါင်းထဲက​နေ
ရေနုတ်​​မြောင်း​မြေသားထဲ စီးဝင်​ကုတ်​တွယ်​​နေတဲ့ အမြစ်​​တွေ

တအံ့တဩ ​မော့ကြည့်​လိုက်​​တော့ သုံးထပ်​တိုက်​အိုတန်းလျားကြီး​ပေါ်မှာ
အ​လေ့ကျ ​ပေါက်​​ရောက်​ ရှင်​သန်​​နေတဲ့ သစ်​ပင်

အဲဒီလို နှစ်​ပရိ​စ္ဆေဒ​တွေနဲ့ ငါတို့



လင်းလက်​တာရာ

ယ​နေ့ - ၁၇


ခွေးတစ်​​ကောင်​ ကားလမ်းကို အ​ကြာက်အလန့် မရှိ ဖြတ်​ကူးသွားတဲ့ ​နေ့ခင်း
နေ့​ခြောက်​ကြီးမှာ ပလက်​​ဖောင်း​ပေါ် ကွန်​ကရစ်​ ဓာတ်​တိုင်​လို ငါ ငြိမ်​သက်
ရပ်​​နေတုန်း ဓာတ်​ကြိုး​ပေါ်က ငှက်​တစ်​​ကောင်​ ​ခေါင်း​ပေါ် မစင်​စွန့်ချလိုက်​မှ
ငါ့ပစ္စက္ခကို ငါပြန်​လည်​သတိဝင်​ ငါ့​ကိုယ်​ပေါ်က အစွန်းအထင်းကို သုတ်​သင်
ငါ့စိတ်​ထဲက အညစ်​အ​ကြေး ကို ရှင်းလင်း ဝါစိမ်းနီ မြို့ပြအရှုပ်​အ​ထွေးကြီးထဲ
ငါ့ ယဉ်​​ကျေးမှု နဲ့ငါ ငါ့ချစ်​ခြင်း​မေတ္တာနဲ့ငါ ရဲဝံ့စွာ ဖြတ်​ကူးလိုက်​ပုံ ဂယ်​လာရီ




လင်းလက်​တာရာ

ယ​နေ့ - ၁၆

ငါ့​လေဖိအားနည်းရပ်​ဝန်း​တွေမှာ
သူမဟာ မုန်​တိုင်းလို ​နေထိုင်​တယ်

ငါ့ဆိပ်​ကမ်းမြို့ ​လေးရဲ့ ဥယျာဉ်​​တော်​မှာမှ
သူမရဲ့ နာမည်​​ကျော်​ ငလျင်​​တွေ ​ဆော့ကစားတယ်

ငါဟာ ညှို့အားပြင်းတဲ့ ​သွေးညှီနံ့ဖြစ်​ပြီး
သူမဟာ ငါးမန်း​တွေကို ​ရွေးပြီး ​မွေးမြူတယ်

ငါ့ဓာတ်​ကြီး​လေးပါးရဲ့ ပင်​နယံ​တွေကို
တစ်​စစီ ဖြုတ်​လိုက်​တပ်​လိုက်​လုပ်​နိုင်​သူ သူမ

ငါ့စိတ်​သံထည်​​ကို ​ပျော့​ပျောင်း​စေသူ
ငါ့မိုး​လေဝသကို ​ပြောင်းလဲ​စေသူ

သူမဟာ ငါ့ပက်​စ်​ဝက်
ငါ့ခန္ဓာအိမ်​ရဲ့ တစ်​ခုတည်း​သော ပြတင်း​ပေါက်

သူမရဲ့ ​ဆေးစက်​ကျရာ ကင်းဗက်​စ​ပေါ်မှာ
ငါဟာ ပင်​လယ်​ပြာဖြစ်​လိုက်
ပင်​လယ်​နီဖြစ်​လိုက်
ပင်​လယ်​​သေဖြစ်​လိုက်

သူမဟာ ငါ့ပင်​လယ်​ရဲ့ ရှားပါး ​ရေသူမ​လေး ဖြစ်​​နေပြန်​တယ်



လင်းလက်​တာရာ
17.12.2014

ယ​နေ့ - ၁၅

မျက်​ရည်​ထုတ်​လုပ်​​ရေးစီမံကိန်းများ
ပဋိပက္ခ ​မွေးမြူ​ရေးလုပ်​ငန်းများ
အာရုံလွှဲအ​ပေါစားဇာတ်​ကွက်​များ
တ​မြေ့​မြေ့လှိုက်​စား​နေ​သော ကင်​ဆာများ
အနာစိမ်းလို ပြည်တည်​​​နေ​သော ပြည်​သူပြည်​သားများ
ပဲ့နင်းဦး​ထောင်​ ဦးနင်းပဲ့​ထောင်​နိုင်​ငံ​ရေးများ
ရှော့ခ်​ဖြစ်​​နေ​သော ဆင်းရဲသား​လျော့ချ​ရေးများ
ကျောသားရင်​သားမခွဲခြား​ ဘာဘီကျု့ လုပ်​စားခြင်းများ
ချစား​နေ​သော နန်း​တော်​သစ်​ကြီးများ
တရုတ်​ဖြစ်​​ဆိုင်​ကယ်​လို ​သေချင်းဆိုးများ
လောက်​တဖွားဖွားအာဏာများ
တွေးမိတိုင်းအရိုးနာသည်​များ

လှေ​ပေါက်​ကြီးကို ​လှော်​ရင်းခတ်​ရင်း ဖာ​​ထေး​နေရခြင်း၌
တဖြည်းဖြည်းကန်းလာ​သော ကမ်း

ယ​နေ့ - ၁၄

ခရစ္စမတ်​ညမှာ သာတဲ့လ ဟာ
သီတင်းကျွတ်​လပြည့်​ညတုန်းက သာခဲ့တဲ့လပါပဲ
လချင်းအတူတူ
လူချင်းအတူတူ



လင်းလက်​တာရာ

ယ​နေ့ - ၁၃

လမ်းထိပ်က ​​​​ပိ​တောက်​ပင်​ကြီး​ဟာ ​နွေဦး
ပင်​လုံးညွှတ်​ ပွင့်​​ဝေခဲ့​သော ​ရွှေရည်​လူး သက္ကရာဇ်​​​မွှေး​မွှေး​တွေ

ခေတ်​ဟာ ဖြစ်​လွယ်​ပျက်​လွယ်
ပိ​တောက်​ပင်​ကြီးကို သတ်​ပြီး မိုဘိုင်းဆိုင်​ကြီး စိုက်လိုက်​ကြတယ်

မိုဘိုင်းဆိုင်​ကြီးရဲ့ ​ရွှေရောင်​ဆိုင်းဘုတ်​ကြီး​ပေါ်မှာ ​ဝေဆာ​နေ​သော
ပိ​တောက်​ပန်းအတု​များ




လင်းလက်​တာရာ

ယ​နေ့ - ၁၂

လက်​ထဲက ဆယ်​လ်​မွန်​ငါးဆီက ပင်​လယ်​နံ့ရတယ်
ပင်​လယ်​နံ့ရလို့ ကမ်း​ခြေကြီးတစ်​ခုကို စိတ်​ကူးလိုက်​တယ်
လှိုင်းလုံး​တွေ ​ကျောက်​​ဆောင်​​တွေ ခရုခွံ​တွေ စင်​​ရော်​​တွေ
သန္တာ​ကျောက်​တန်း​တွေ ​ရေ​မှော်​​တွေ ​နေလုံးနီနီ​တွေ တပ်​ဆင်​လိုက်​တယ်
ငါးဖမ်းသ​င်္ဘော​တွေ​တော့ ချန်​ထားလိုက်​တယ်
လိုအပ်​လို့ မုန်​တိုင်းတစ်​ခု နှစ်​ခု ထပ်​ဖြည့်​တယ်
တိမ်​ထူထူ ခြယ်​တယ်​ ကောင်းကင်​ပြာပြာကြီး တခုတ်​တရထည့်​တယ်
ပင်​လယ်​ထဲ မြုပ်​ဝင်​သွားမယ့်​ လဝန်းဝိုင်းဝိုင်းကြီးလည်းပါ​သေးတယ်
ချန်​ထားခဲ့တဲ့ ငါးဖမ်းသ​င်္ဘော​တွေက စိတ်​မှာ ​ကျောက်​ဆူးလာချတယ်
ခင်​ဗျား ဆူရှီကြိုက်​လား ကျွန်​​တော့်မှာ​တော့ ဆူရှီ အလာ့ဂျစ်​ရှိတယ်
လက်​ထဲက ဆယ်​လ်​မွန်​ငါးဆီမှာ​တော့ အိမ်​ပြန်​ချိန်​မရှိ​တော့ဘူး



လင်းလက်​တာရာ

ယ​နေ့ - ၁၁

သယံဇာတ​တွေ ​ပေါကြွယ်​ဝတာလည်း အန္တရာယ်​ပဲ
သယံဇာတ​တွေဟာ တိုင်းပြည်​ကို မျက်​နှာပန်းလှ​စေတယ်
သယံဇာတ​တွေဟာ စစ်​ကိုမြူဆွယ်​တယ်
သယံဇာတတွေ​ဟာ တိုင်းပြည်​​အချင်းချင်း အမြတ်​ထုတ်​ ကုတ်​​သွေးစုပ်​​စေတယ်
သယံဇာတ​တွေ​ကြောင့်​ တိုင်းပြည်​တိုးတက်​သလို
သယံဇာတ​တွေ​ကြောင့်​ပဲ တိုင်းပြည်​ဟာ ဆုတ်​ယုတ်​ပျက်​စီး
သယံဇာတတွေဟာ သုံးတတ်​ရင်​​ဆေး မသုံးတတ်​ရင်​​ဘေး
ခေါင်း​ဆောင်​​ကောင်း​တွေက သယံဇာတ​​တွေကို သားအရင်းလို ချစ်​တယ်
ခေါင်း​ဆောင်​ညံ့​တွေက သယံဇာတကို မယားပါသမီးလို မုဒိမ်းကျင့်​တယ်




လင်းလက်​တာရာ

ယ​နေ့ - ၁၀

အဓမ္မအသိမ်းခံထားရတဲ့ လယ်​​မြေ​တွေ​ပေါ်မှာ
လက်​နက်​ကိုင်​​တွေကို အသက်​​ပေးပြီး ​​တော်​လှန်​သွား​သော
လက်​နက်​မဲ့ လယ်​သူမကြီးအား အ​လေးပြု




လင်းလက်​တာရာ

ယ​နေ့ - ၉

မြို့လည်​​ခေါင်
တိုက်​ခန်းထဲက သစ်​ပင်​​လေး
သူလိုအပ်​​နေတဲ့ ​နေ​ရောင်​ကို
ငါ​ကျော​ပေါ်မှာထမ်းပြီး သယ်​​ဆောင်​လာတယ်




လင်းလက်​တာရာ

ယ​နေ့ - ၈

ရေးလက်​စ စကား​ပြေက ကဗျာနဲ့ တူပြီး
ဖတ်​လက်​စ ကဗျာက စကား​ပြေနဲ့ တူ​နေတယ်
တစ်​​ယောက်​နဲ့တစ်​​ယောက်​ စကား​ပြေလို
တစ်​​ယောက်​နဲ့တစ်​​ယောက်​ ကဗျာလို
တစ်​​ယောက်​နဲ့တစ်​​ယောက်​ စကား​ပြေကဗျာလို
ပိုက်​ဆံအိတ်​ အ​ဟောင်း​လေးဟာ ကျွန်​​တော်​ဖြစ်​ပြီး
ပိုက်​ဆံအိတ်​ အ​ဟောင်း​လေးထဲမှာ သိမ်းထားတဲ့
ရုပ်​ရှင်​လက်​မှတ်​​လေး နှစ်​​စောင်​ဟာ သူမ ဖြစ်​တယ်




လင်းလက်​တာရာ

ယ​နေ့ - ၇

ညကြီးမင်းကြီး
အ​ရေး​ပေါ် ဥဩဆွဲသွားတဲ့ ကားဟာ
ငါ့ခန္ဓာကိုယ်​ထဲ ဝင်​ပြီး ငါ့ခန္ဓာကိုယ်​ထဲက​နေ ထွက်​ခွာသွားတယ်
ညကြီးမင်းကြီး
အဲသလို ထွက်​ခွာသွားတဲ့ တစ်​စုံတစ်​​ယောက်​ဆီ
ငါ့ ​အေဘီ​သွေးကို ထည့်​​ပေးခွင့်​မရလိုက်​ဘူး
ညကြီးမင်းကြီး




လင်းလက်​တာရာ

ယ​နေ့ - ၆

'တစ်​​ယောက်​မှ မလှုပ်​နဲ့ လက်​​မြှောက်​'
ကြောက်​မက်​ဖွယ်​​မောင်းတင်​သံများ


မြှောက်​စရာ လက်​နှစ်​ဖက်​မရှိ​တော့တဲ့ လူငယ်​​လေးဟာ
စစ်​တွင်းပျက်​ကြီးထဲမှာ




လင်းလက်​တာရာ

ယ​နေ့ - ၅

ငါ့ဝရန်​တာဟာ ငါ့ကဗျာအလုပ်​ရုံ
ငါ့ကဗျာအလုပ်​ရုံက​နေ လိင်​အလုပ်​ရုံကို လှမ်းမြင်​​နေရတယ်
နီ​ပေါ ဘင်္ဂလား အိန္ဒိယ အင်​ဒိုနီးရှား မြန်​မာ ဗီယက်​နမ်
အစ္စလမ်​ ခရစ်​ယာန်​ မူစလင်​ ဟိန္ဒူ  ဗုဒ္ဓဘာသာ
လူမျိုးမ​ရွေး ဘာသာမ​ရွေး ပွဲ​ဈေးတစ်​ခုလို စည်​ကား
ငါ့ကဗျာအလုပ်​ရုံထဲ လိင်​အလုပ်​ရုံ ပါဝင်​ပတ်​သက်​ပုံ နည်းနည်း




လင်းလက်​တာရာ

ယ​နေ့ - ၎

ဂတ်စ်အိုး လဲတဲ့သူ ရောက်လာတယ်
ရေပိုက်ပြင်တဲ့သူ ရောက်လာတယ်
နေပူရက်​တန်းလန်းကြီးနဲ့ မိုးရွာတယ်
ကိုယ့်​ဘဝကိုယ်​ စမ်းကြည့်​​တော့ တစ်​ခြမ်းပူပြီး တစ်​ခြမ်း​အေး​နေတယ်
တစ်နေရာမှာ မီးလောင်ပြီး
တစ်နေရာမှာ ရေကြီးနေတဲ့ ကမ္ဘာ
တရားမျှတပါ​စေ




လင်းလက်တာရာ

ယ​နေ့ - ၃

သွေးပုံ​သွေးနည်းဟာ ​သွေးသံရဲရဲ
တိုင်းပြည်​ဟာ ဓားထိသွားတယ်
မေးခိုင်​ပိုး​မွေးမြူ​ရေးဇုန်​ထဲမှာ





လင်းလက်​တာရာ

ယ​နေ့ - ၂

စိတ်​အနာထဲ ယင်​​တွေ
ဘယ်​တုန်းကတည်းက လာအုံ​နေပါလိမ့်
စုထားတဲ့ ရှုခင်း​လေးကို ဖွင့်​ကြည့်​မိတယ်
လောက်​​တွေ





လင်းလက်​တာရာ

ယ​နေ့ -၁

မြင်မြင်​ရာ မိုး​မျှော်​တိုက်​တာ​တွေချည်းပဲ

ကြက်​တွန်​သံမရှိဘူး
ကြက်​သားပဲရှိတယ်

ကြက်​တွန်​သံမရှိဘူး
ကြက်​ဥပဲရှိတယ်

ကြက်​သားစားရင်း
ကြက်​ဥစားရင်း
ကြက်​တွန်​သံဆာ​နေသူ​တွေ




လင်းလက်​တာရာ
20.12.2014




လင်းလက်​တာရာ
20.12.2014