ဘဝရဲ့ အရှုပ်အထွေး အကွေ့အကောက်တွေ ကြားမှာ
ကောက်ရမိတဲ့ နာရီလေးတစ်လုံး
အံ့ဩစရာ
နာရီလေးထဲမှာ တစ္ဆေတစ်ကောင်အကျဉ်းကျနေတယ်
တစ္ဆေဟာ ငါ့ညတွေကို တစ်စစီ ကိုက်ဖျက်စားသောက်တော့တာပဲ
' ငါ့ပိုင်ရှင် ဆီ ပြန်ပို့ပေးပါ
ငါ့ပိုင်ရှင်ဟာ ပါးမို့မို့လေးမှာ သနပ်ခါးပါးပါးလေး အမြဲလိမ်းတယ်
ရယ်လိုက်ရင် လခြမ်းကွေး ပါးချိုင့်လေး သာတယ်
သူ့ ဆံနွယ်တွေဟာ ကဗျာရှည်တစ်ပုဒ်လိုပဲ '
တစ္ဆေဟာ ကဗျာဆရာ လားလို့ ငါတွေးမိ
တစ္ဆေဟာ ငါ့အရွက်ဖားဖားအိပ်မက်တွေကို နေပူလှန်းတယ်
တစ္ဆေ ဟာ ငါ့စိတ်နှလုံးသားရဲ့ဗဟိုချက်မှာ အလန်းချတယ်
အလန်းဟာ ချိန်ကိုက်ဗုံးတစ်ဗုံးလိုပဲ
နာရီပိုင်ရှင်ဟာ နာရီကို စွန့်ပစ်ခဲ့တာလား
ဒါမှမဟုတ် ကျပျောက်ခဲ့တာလား
နာရီပိုင်ရှင်ဟာ လူ့လောကမှာရော ရှိသေးရဲ့လား
နာရီလေးအတွက် ပူဆွေးသောက ရောက်နေမလား
နာရီလေးကို မီးတောက်အောင် ရှာဖွေနေမလား
ဒီနာရီလေးဟာ အမှတ်တရတစ်ခုခုလား
အထိမ်းအမှတ်တစ်ခုခုလား
ဘာကို အဓိပ္ပါယ်ပြုထားလဲ
နာရီနဲ့ ဒီ တစ္ဆေ ဘယ်လိုပတ်သက်နေလဲ
ဒီ တစ္ဆေ နဲ့ နာရီပိုင်ရှင်ကရော ဘယ်လို ဆက်နွယ်နေလဲ
အတွေးဟာ မီးတောင်မြုံတစ်လုံးလိုပဲ
' ငါ့ပိုင်ရှင်ဆီ ပြန်ပို့ပေးပါ
ငါ့ပိုင်ရှင်ဟာ တောင်လှေကားမြို့လေးနဲ့ တူတယ်
တစ်မြို့လုံးပန်းတွေမွှေးပျံ့နေသလိုအပြုံးတွေကို ပိုင်ဆိုင်တယ်
သူ့ မှာ အမြဲတမ်းစီးဆင်းမြဲ အစွဲအလန်းရေတံခွန်ဖြူဖြူလေးရှိတယ်'
တစ္ဆေဟာ တော်တော်အစွဲအလန်းကြီးပါလားလို့ ငါတွေးမိ
တစ္ဆေဟာ ဘာဖြစ်လို့ ဒီနာရီလေးထဲ ရောက်နေရတာလဲ
တစ္ဆေဟာ ဘာဖြစ်လို့ တစ္ဆေဖြစ်နေရတာလဲ
နာရီလေးထဲမှာ နာကျင်စရာအချိန်တွေ ဘယ်လောက်များများ
နာရီလေးထဲမှာ ပျော်ရွှင်စရာအချိန်တွေ ဘယ်လောက်များများ
နာရီလေးထဲမှာ ပူလောင်မှုတွေ ဘယ်လောက်များများ
နာရီလေးထဲမှာ အေးချမ်းမှုတွေ ဘယ်လောက်များများ
စက္ကန့်သံလေးဟာ ချောက်ချောက်ချားချား
' ငါ့ ကို ငါ့ ပိုင်ရှင်ဆီ ပြန်ပို့ပေးပါ
ငါ့ ပိုင်ရှင်ရဲ့ ရယ်သံလွင်လွင်လေးနားမှာ ငါပြန်နေချင်သေးတယ်
ငါ့ ပိုင်ရှင်ရဲ့ ကောင်းကင်အပြာလေးထဲမှာ ချိုးဖြူငှက်လေးလို ငါပျံဝဲချင်သေးတယ်
ငါ့ ပိုင်ရှင်ရဲ့ ညစာကို ငါ ငါးရိုးထွင်ပေးချင်သေးတယ်'
မလွယ်ဘူး
တကယ့်ကို မျက်ရည်လွယ်တဲ့ တစ္ဆေ
မျက်ရည်တွေ လည်နေတဲ့ တစ္ဆေ
တစ္ဆေ့ ကို ငါ သနားသွားတယ်
တစ္ဆေ့ ကို ငါ သေသေချာချာ ကြည့်လိုက်တယ်
ဟာ!
တစ္ဆေ ဟာ ငါ့မျက်နှာနဲ့ ပိုတူတူလာတယ်
'ငါ့ကို ငါ့ပိုင်ရှင်ဆီ အမြန်ပြန်ပို့ပေးကြပါ' လို့
ငါ ကြောက်လန့်တကြားအော်လိုက်တယ်
လင်းလက်တာရာ
8.1.2015
No comments:
Post a Comment