မျက်နှာကြက်ဆီမှ ရပ်နေတဲ့ ပန်ကာဟာ စတင်လည်ပတ်
လည်နေတဲ့ ပန်ကာအောက်မှာ လူ့လောကကြီးထဲ အလည်လာသူ
လည်နေတဲ့ ပန်ကာအောက်မှာ အစာစားတယ်
ွလည်နေတဲ့ ပန်ကာအောက်မှာ စာဖတ်တယ်
ကော်ဖီသောက်တယ် အိပ်စက်တယ် အိပ်မက်တယ်
လေချွန်တယ် သီချင်းနားထောင်တယ် စိတ်ကူးတယ် 
တွေးခေါ်တယ် ကော်ဖီသောက်တယ် ကဗျာရေးတယ်
အွန်လိုင်းသုံးတယ် လွမ်းဆွတ်တယ် ဒေါသထွက်တယ်
ကြေကွဲတယ် ပျော်ရွှင်တယ် မျက်ရည်ကျတယ် လူသားဆန်တယ်
လည်နေတဲ့ ပန်ကာဆီ စိတ်ကို ပစ်တင်မိ
သိပ်အိုက်တဲ့ဘဝကြီး သိပ်ပူတဲ့ ရှင်သန်မှုကြီး
လည်နေတဲ့ ပန်ကာဆီ အတွေးကို ပစ်တင်မိ
သိပ်အိုက်တဲ့ဘဝကြီး သိပ်ပူတဲ့ ရှင်သန်မှုကြီး
လည်နေတဲ့ ပန်ကာဆီ စာသားတွေကို ပစ်တင်မိ
သိပ်အိုက်တဲ့ဘဝကြီး သိပ်ပူတဲ့ ရှင်သန်မှုကြီး
လည်နေတဲ့ ပန်ကာဆီ မျက်နှာသုတ်ပုဝါကိုပါ ယောင်ပြီး ပစ်တင်မိ
ဖွားခနဲ ၊ အမှုန်တွေ ကျလာ အခန်းတစ်ခုလုံး ပြန့်ကျဲ သွား
အိပ်ရာပေါ်မှာ စာအုပ်တွေပေါ်မှာ ထမင်းပန်းကန်ထဲမှာ
ကော်ဖီခွက်ထဲမှာ ရေးလက်စကဗျာစာရွက်ပေါ်မှာ
အမှုန်တွေ အမှုန်တွေ အမှုန်တွေ အမှုန်တွေ
ကိုယ့်ကိုယ်ကိုယ်ပဲ ကြည့်နေမိလို့ ကိုယ့်ကို အေးမြစေသူကိုတောင်
ဂရုမစိုက် သတိမထားမိတဲ့ အမှုန်လိုလူတစ်ယောက်
လည်နေတဲ့ ပန်ကာကို ခဏ ရပ်လိုက်တယ်
သူ့ကိုယ်ပေါ်က အညစ်အကြေးတွေကို သုတ်သင် ရှင်းလင်းပေးလိုက်တယ်
လူနဲ့ ပန်ကာပါ နေရာချင်း လဲလှယ် လိုက်တယ်
ပြီးတော့ ဆက်လည်တယ်
လင်းလက်တာရာ
11.11.2014
 
No comments:
Post a Comment